ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမှတ်(၂)ဘိလပ်မြေစက်ရုံ ဝန်ထမ်းများမှ စစ်ထောက်ချုပ်ဆိုသည့် စစ်ဗိုလ်နှင့် နိုင်ငံတော်အကြီးအကဲများသို့ (အိတ်ဖွင့် ပေးစာ)


သို့
စစ်ထောက်ချုပ်ဆိုသည့် စစ်ဗိုလ်နှင့် နိုင်ငံတော်အကြီးအကဲများ

ကျွန်တော် ကျွန်မတို့သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ (တန် ၄၀၀၀)မှ ၀န်ထမ်းမိသားစုများ ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မတို့သည် မိမိတို့စက်ရုံအပေါ်တွင်သာ မှီခိုပြီး မိမိတို့စက်ရုံ ကောင်းကျိုးရှိမှ ကျွန်တော်/ကျွန်မတို့ ကိုယ်တိုင်လည်း အဆင်ပြေရမည့် ၀န်ထမ်းမိသားစုများ ဖြစ်ပါသည်။

၁၈.၅.၂၀၁၂ ရက်နေ့တွင် ကျွန်တော်/ကျွန်မတို့ ၀န်ထမ်းမိသားစုများအားလုံးအတွက် ထိတ်လန့်ဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ် သတင်းတစ်ခုအား စက်ရုံအာဏာပိုင်များမှ ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသတင်းမှာ လက်ရှိ ကျွန်တော်/ကျွန်မတို့၏ အားကိုးရာ မိဘဖြစ်သည့် အဘစက်ရုံမှူးကြီး ဒုတိယဗိုလ်မှူးကြီး သန်းလွင်အား ယခင်ကျွန်တော်/ ကျွန်မတို့အပေါ်တွင် အာဏာရှင်ဆန်ဆန် ကြိုးနီစနစ်ဖြင့် အုပ်ချုပ်ခဲ့သူ ဦးတင်စိုးဖြင့် အစားထိုးလဲလှယ်မည့် သတင်းပင်ဖြစ်ပါသည်။ အထက်ပါ စက်ရုံမှူးနှစ်ဦး၏ စိတ်နေသဘောထား ကွာခြားမှု၊ လက်အောက် ၀န်ထမ်းများအပေါ် စာနာနားလည်မှု၊ လူမှုရေး/ဘာသာရေး လုပ်ငန်းများတွင် စေတနာထက်သန်စွာ စည်းရုံးနိုင်မှုတို့သည် အပေါ်မှ အုပ်ချုပ်သူ လူကြီးများ လက်တွေ့လာရောက် မေးမြန်းပါက သိရှိနိုင်မည် ဖြစ်ပါသည်။ အထက်ပါ ဦးတင်စိုး လက်ထက်တွင် ကျွန်တော်/ကျွန်မတို့အား ကိုယ်စိတ်နှလုံး အဖက်ဖက်မှ ဆင်းရဲခြင်း ကြီးအောင် အားရပါးရ နှိပ်စက်ခဲ့ပြီး ဖြစ်ပါသည်။

လက်တွေ့အကျိုးဆက်အားဖြင့် မိမိတို့စက်ရုံမှ အားထားရသည့် Installation ၀န်ထမ်းများ ဖြစ်သည့် ဦးသန်းထွဋ်ဦး(အငယ်တန်းအင်ဂျင်နီယာ)၊ ဦးစိုးပြည့်(အလုပ်ရုံစုမှူး)၊ ဦးအေးမင်း(အလုပ်ရုံစုမှူး)၊ ဦးလှမျိုး(စတိုးမန်း)၊ ဦးနိုင်နိုင် (လက်ထောက်အင်ဂျင်နီယာ)များနှင့် ဗိုလ်ကြီးချိုလွင် (လက်ထောက်စက်ရုံမှူး)တို့ သာမက စက်ရုံမှူးဟောင်း ဗိုလ်မှူးကြီး သိန်းတန်တို့ပါ စက်ရုံအား စွန့်ခွာခဲ့ကြရပြီး ဖြစ်ပါသည်။

ယခုအခါတွင် ကျွန်တော်/ကျွန်မတို့၏ ကျေးဇူးရှင်ဖြစ်သည့် အဘဦးသန်းလွင် ရောက်ရှိလာပြီးမှ ကျွန်တော်/ကျွန်မတို့ လူမှုရေး၊ ဘာသာရေးနှင့် စားဝတ်နေရေးများ ပြည့်စုံကောင်းမွန်လာခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့်မျှသာ ရှိပါသေးသည်။ ထိုကဲ့သို့ ဒဏ်ရာများ ကောင်းစွာ မပျောက်သေးသည့် ကျွန်တော်/ကျွန်မတို့အပေါ်တွင် ဆိုးဝါးရက်စက်သည့် ဦးတင်စိုးကဲ့သို့ စက်ရုံမှူးတစ်ဦးအား ပြန်လည် ခန့်အပ်ခြင်းသည် ၀န်ထမ်းများအားလုံး စက်ရုံအား စွန့်ခွာပြီး အခြား ဘိလပ်မြေစက်ရုံ၊ နယ်စပ်များတွင်  သွားရောက်လုပ်ကိုင်ပါရန် ဖိအားပေးသည်နှင့် အတူတူပင်ဖြစ်ပါသည်။

(အထက်အဖွဲ့အစည်းများအား ဖိအားပေးခြင်းမဟုတ်ပါ၊ မိမိတို့ရင်ဆိုင်နေရသည့် ကြီးစွာသော အခက်အခဲအား တင်ပြခြင်း ဖြစ်ပါသည်)။ လူကြီးမင်းများအနေဖြင့် မျိးဆက်ဖြုတ် သတ်ဖြတ်ရေး စစ်ပွဲကြီး ဆင်နွဲနေသည် ဆိုပါကလည်း စက်ရုံမှ ၀န်ထမ်းများ(မှီခိုသူမပါ အင်အား ၁၀၀၀ ကျော်)အား အနည်းငယ် ငဲ့ကွက်သင့်ပါသည်ခင်ဗျား။ 

လူကြီးမင်းတို့အနေဖြင့် လက်တစ်ဆုပ်စာ သာဖြစ်သည့် သူ့လူ/ကိုယ့်လူ သတ်ဖြတ်/အပ်သည့် လုပ်ငန်းများအား ယခုခေတ်အချိန်အထိ ဆက်လက် လုပ်ဆောင်နေဦးမည်ဆိုပါက ကျွန်တော်/ကျွန်မတို့ စိတ်မကောင်းရုံမျှအပ မည်သို့မျှ မတတ်နိုင်ပါခင်ဗျား၊ တိုက်ရိုက်သက်ဆိုင်သူ (အမိန့်ပေးအပ်သူ) လူကြီး၊ လူကောင်းအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိပါက ယခုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ပဲ မိမိတို့ဝန်ထမ်း ၁၀၀၀ ကျော်မှ လစာ၏ ၂၀ ရာခိုင်နှုန်းအား ပေးသွင်း သွားပါမည်ဖြစ်ကြောင်းနှင့် လက်တွေ့လုပ်ငန်း အောင်မြင်ရေးအား ရှေးရှုသည့် ကာလတွင် ပဒေသရာဇ်၊ ကွန်မြူနစ်၊ ကြိုးနီစနစ်များအား မျက်ဝါးထင်ထင် မြင်ခဲ့ရပါသဖြင့် ကျေးဇူးတင် ရှိပါကြောင်းနှင့် မိမိတို့သည် အထက်လူကြီးများအပေါ်တွင် စော်ကားလိုခြင်းမရှိပဲ လက်တွေ့ဆိုးရွားစွာ ခံစားရပါသဖြင့် နားလည်ပေးလိမ့်မည်၊ စာနာပေးလိမ့်မည်၊ ခွင့်လွှတ်ပေးလိမ့်မည်ဟု ယူဆပါကြောင်း ရိုသေလေးစားစွာ တင်ပြ(သို့) ရင်ဖွင့်အပ်ပါသည်။

အမှန်အလုပ်လုပ်သည့် ၀န်ထမ်းများ