ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ စစ်ကိုင်းမြို့မြင်ကွင်း (ပေးစာ)

ဓာတ်ပုံ သြဂုတ်လ(၉)ရက်နေ့က စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီဝင်းအတွင်း  ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများတွေ့ဆုံပွဲ မြင်ကွင်း
 (ဓာတ်ပုံ ပေးပို့သူ ပြည်သူ့သတင်းထောက်)
မနေ့က (၉.၈.၂၀၁၂)က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများနဲ့ ကောင်းမှုတော်စေတီမှာ ပန်းရေချမ်း ဆပ်ကပ်ပြီး ၈၈၈၈လုံး အရေးတော်ပုံကြီးရဲ့ နောက်တရက် ၉ ရက် ၈ လ ၁၉၈၈က ကျဆုံးသွားခဲ့ကြတဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် ဆုတောင်း မေတ္တာပို့သ ခဲ့ကြပါတယ်..။  ထိုစဉ်က စစ်ကိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမဆန်စွာ ပစ်ခတ်ခဲ့မှု အခြေအနေတွေကို မမှီလိုက်တဲ့ ယနေ့ခေတ် လူငယ်တွေနဲ့ မသိရှိရသေးသူတွေ သိရှိနိုင်ဖို့အတွက် ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဆိုပါ ၉ရက် ၈လ ၁၉၈၈ခုနှစ်က   စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ မြင်ကွင်း (ပေးစာ)ကို ဖော်ပြလိုက်ပါတယ်..။

၉ ရက် ၈ လ ၁၉၈၈ ဆိုတဲ့နေ့ဟာ ကျွန်တော်တို့ စစ်ကိုင်းမြို့သူမြို့သားများ အတွက် မေ့မရနိုင်တဲ့ အမှတ်တရ နေ့စွဲတခုပါ။ ၈၈၈၈ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ နောက်တရက်ဖြစ်တဲ့ ၁၉၈၈ သြဂုတ်လ (၉)ရက်နေ့မှာ စစ်ကိုင်းမြို့ရှိ အမှတ်(၁)ရဲစခန်းကနေပြီး ဖမ်းထားတဲ့ မြို့လူထုခေါင်းဆောင် ဦးတင်ဝင်း နှင့်ဆန္ဒပြသူများကို တွေ့ပေးမည်ဆိုကာ ချိန်းဆို၍ ရဲစခန်းရှေ့ စုရုံးရောက်ရှိလာတဲ့ လူထု(ရဲစခန်းအား အန္တရာယ်ပြုရန် အစီအစဉ် လုံးဝမရှိသောလူထု)အား လူမဆန်သည့် အာဏာရှင် မဆလအစိုးရနှင့် အပေါင်းအပါတို့မှ အစီအစဉ်တကျ အကွက်ချကာ ရက်ရက်စက်စက် ပစ်သတ်ခဲ့သောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်သူ စစ်ကိုင်းမြို့သူ မြို့သားနယ်သူနယ်သား၊ ရဟန်းရှင်လူ၊ ရာနှင့်ချီ ကျဆုံးခဲ့ရသော နေ့တနေ့ဖြစ်ပါသည်။

ရဲစခန်းဝင်းအတွင်းမှ ပစ်သတ်နေ၍ အသဲအသန် ထွက်ပြေးလာကြသူများအား ဇေယျာလမ်းပေါ်ရှိ ပါတီယူနစ်ရုံးနှင့် အခြားလမ်းတလမ်းဖြစ်သော ပိုးတန်းလမ်းပေါ်ရှိ အပေါင်းအပါ အိမ်တခုတို့က နေပီး ထပ်မံညှပ်ပိတ် ပစ်သတ်ခဲ့ကြပါသည်။ ထိုအချိန်က သေဆုံးခဲရသူ စစ်ကိုင်းမြို့သားများအား လက်စဖျောက် မျှောချခဲ့သော အလောင်းများကြောင့် ဧရာဝတီပင် အနီရောင် သမ်းခဲ့ရသော နေ့တနေ့ဖြစ်ခဲ့ ရပါသည်။ ကြံရာမရ ဖျောက်ဖျက်ခဲ့သော အလောင်းများကြောင့် ရဲစခန်းအနီးမှ ရေတွင်းများ အလောင်းများဖြင့် ပြည့်လျှက်ရှိခဲ့သည်မှာ စစ်ကိုင်းသားများအတွက် ဘယ်လိုမှ မေ့မရနိုင်သည့် ကမ္ဘာမကြေသော နေ့တနေ့ဖြစ်ခဲ့ရပါသည်။ ထိုစဉ်က စစ်ကိုင်းရဲစခန်းမှ လူမဆန်စွာ ပစ်ခတ်မှုအတွင်း စစ်တပ်မှ ပါဝင်ခဲခြင်း မရှိခဲ့ပါဘူး။ ထိုစဉ်က စစ်ကိုင်းမှ တပ်ရင်းမှူး ဗိုလ်မှူးမျိုးဝင်း ဖြစ်ပြီးသူက စစ်ကိုင်းသားစစ်စစ် ဖြစ်နေလို့ပါ၊ ထိုစဉ်က စစ်ကိုင်းရဲနဲ့ မဆလကောင်စီတို့ရဲ့ လုပ်ကြံမှုလို့ ဆိုနိုင်ပါတယ်..။

ယခု ၉-၈-၂၀၁၂ တွင်(၂၄)နှစ်တင်းတင်း ပြည့်ခဲ့ရသော်လည်း အိပ်မက်ဆိုးများ မပျောက် နိုင်ဘဲ စစ်ကိုင်းရှိ လမ်းများပေါ်မှ သွေးညှီနံ့များသည် ယနေ့ထိ စွဲကျန်နေဆဲဖြစ်ပါသည်။

 ၉-၈-၈၈ စစ်ကိုင်းသား..