ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သြဂုတ်လ(၁၅)ရက် သတင်းများ..

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရုံးဖွင့်ပွဲ(ဓာတ်ပုံ AP)

NLD (နေပြည်တော်) ရုံးခန်းဖွင့်ပွဲကျင်းပ

2012-08-15
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် NLD ရုံးခန်းဖွင့်ပွဲတွင် မိန့်ခွန်းပြောနေစဉ်။
အဲဒီရုံးခန်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသက ပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အခမဲ့ ပညာဒါန ကျောင်းတွေ ထူထောင်နိုင်ဖို့ ဆရာအတတ်သင် သင်တန်းတွေကို မနက်ဖြန်ကစပြီး နေပြည်တော်မှာ ဖွင့်လှစ်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။

"မနက်ဖြန်ကနေစပြီး ကျွန်မတို့ လူငယ်တွေပေါ့နော်။ လူငယ်တွေ ၂၀ ကို ဆရာ အတတ်သင်တန်းဆိုတာ သင်တန်းဆိုပြီး ကျွန်မတို့ စပြီးပေးပါမယ်။ တချို့က ဒီလို သင်တန်းတိုလေးနဲ့ ဆရာ ဆရာမတွေဖြစ်အောင် လုပ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တယ်။ 

ဆရာအတတ်သင်ကျောင်းဆိုတာ ဘယ်နှနှစ်တောင် သင်ရတာပေါ့နော်။ ဒီလိုသင်တန်းကို ကျွန်မတို့က ၁၀ တန်းအထိ ပညာသင်ဖူးတဲ့လူတွေ ဆိုလို့ရှိရင် ကျွန်မတို့ လက်ခံတယ်။ လှိုင်သာယာဆို ကျွန်မတို့ အခမဲ့ကျောင်း တွေမှာလည်း ဒီလိုသင်တန်းပေးတဲ့ ဆရာ ဆရာမတွေ သင်တာက အင်မတန်မှ အောင်အောင်မြင်မြင် ရှိပါတယ်။ ကျွန်မတို့က ဒီလိုသင်တန်းစမယ်။ စပြီးလို့ရှိရင် ရွာတွေ ရွာတွေမှာ ပြန်ပြီးတော့ အခမဲ့ကျောင်းလေးတွေကို ထူထောင်နိုင်ဖို့အတွက် လုပ်ဆောင်သွားပါမယ်"
ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လယ်ယာမြေ ဥပဒေနဲ့ ပက်သက်တဲ့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ၊ ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုံးခန်းဖွင့်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုဖွင့်လှစ်တဲ့ နေပြည်တော် NLD ရုံးရဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော် အစည်းအဝေးတွေအတွက် နေပြည်တော်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ဦးစီးဆောင်ရွက်မှာ ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းကလည်း ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ဒုတိယ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
 
 ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုတိယ သမ္မတ ဖြစ်ပြီ (ဓာတ်ပုံ AP)
ဓာတ်ပုံ ဒီမိုဝေယံ ဝိုင်းတော်သား..
2012-08-15
လစ်လပ်နေတဲ့ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။ 

"ကျွန်ုပ် ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တံ့ ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်"
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဦးဥာဏ်ထွန်းရဲ့ ဒုတိယ သမ္မတ ကတိသစ္စာပြုလွှာကို တိုင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ဆင်း ဖြစ်ပြီး သဘောထား ပျော့ပြောင်းသူ၊ စကားနည်းသူ၊ ဘ၀ကို အေးချမ်းစွာ နေထိုင်သူ၊ သားသမီး ၃ ဦးရှိသူ ဖြစ်ပါတယ်။

သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တပ်မတော် ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်ခဲ့ပြီး ရေတပ် ဦးစီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်မှာ စတင် တာဝန်ယူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကျန်းမာရေး အခြေအနေ အကြောင်းပြပြီး အနားယူသွားခဲ့တဲ့ ဒုတိယ သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ သဘောထား တင်းမာသူဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ်တွေကို သဘောမကျဘူးလို့ သတင်းထွက်ခဲ့ပါတယ်။
အခုလို ဒု သမ္မတ ရာထူးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်ခဲ့ကြောင်း နေပြည်တော် အသိုင်းအဝန်းက ကြားရတဲ့သတင်းကို RFA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်က ဒီကနေ့ကျမှ တရားဝင် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအရ ဒုတိယ သမ္မတနေရာ ၂ ဦးရှိတဲ့အနက် တစ်ဦးရဲ့နေရာကို ရွေးချယ်တင်မြှောက် ပိုင်ခွင့်ရှိပြီး ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို ဒုတိယ သမ္မတ (၁) နေရာအတွက် သူတို့ ရွေးချယ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒုတိယ သမ္မတ ခန့်အပ်ပွဲ အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတ ရာထူးတွေဟာ သက်တမ်းတစ်ကြိမ်ကို ငါးနှစ်ဖြစ်ပြီး၊ နှစ်ကြိမ်ထက် ပိုမို တာဝန်ထမ်းဆောင်ခွင့် မရှိဘူးလို့ သိရပါတယ်။ လက်ရှိတခြား ဒု သမ္မတ တစ်ဦးကတော့ ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နေရာကို စစ်တက္ကသိုလ် သင်တန်းအပတ်စဉ် (၂၂) ဆင်း စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေကို ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။