ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်”(အပိုင်း-၆) ဆောင်းပါးရှင်.. ကိုမျိုး (မြန်မာစာ)

၄၈နှစ်နဲ့ ၁၄ရက်အကြာမှာ ဒဏ်ရာဒဏ်ချက်များနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာမီဒီယာ စာနယ်ဇင်းလောကရဲ့ သရုပ်ဖော်မြင်ကွင်း
“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်”(အပိုင်း-၆)
ဆောင်းပါးရှင် ကိုမျိုး (မြန်မာစာ)
“ပုဂ္ဂလိက အမည်ခံ သတင်းစာတွေ ဖြစ်မသွားရေး”


မီဒီယာလောက၏ ကြွေးကြော်သံ “မီဒီယာဖိနှိပ်မူရပ်” ဟူသောသတင်း လွတ်လပ်ခွင့် ဆန္ဒပြုမူများ၏ အကျိုးဆက်ကအကန့် အသတ်မရှိ အပိတ်ခံထားရသည့် ဂျာနယ်နယ်နှစ်စောင်ကို နှစ်ပတ်ပိတ်ခြင်းသာဖြစ်ကြောင်း (နှစ်ပတ်အပြီး ပြန်လည်ထုတ်ခွင့် ပြုသည့်သဘော) တရားဝင် သိရှိလိုက်ရခြင်းဟု ဆိုသော်ရနိုင်သလို ဒီမိုကရေစီလမ်းကြောင်းနှင့် မဆီလျှော်တော့သည့် စာပေစီစစ်ရေး လုပ်ငန်းစဉ်ကြီးနေရာမှာ အစားထိုးမည့်သဘော စာနယ်ဇင်း အမြုတေ ကောင်စီတရပ်ကို ပြည်ထောင်စု အစိုးရက ဆိုင်းမဆင့်ဗုံမပါ ဖွဲ့စည်းပေးလိုက်ခြင်းသည်လည်း အကြုံးဝင်သည် ဆိုနိုင်ကောင်း၏။ (ဤသို့ ဆိုခြင်းကိုလည်း စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်ဟု ဆိုပါဦးမည်။) သို့ပါသော်လည်း မီဒီယာလောကက စာနယ်ဇင်း အမြုတေကောင်စီကို ယုံကြည်ရန် ခက်ခဲဟန် ပြလိုက်ကြသည့်အတွက် စာပေစီစစ်ရေး လုပ်ငန်းစဉ်များ ဆက်လက်နေမြဲဖြစ်ကာ လက်ကျန်တင်ထုတ် အုပ်စုစာစောင် မဂ္ဂဇင်းများအနေနှင့်လည်း နေမြဲအတိုင်း ဖြစ်ရဆဲပါဟူ၏။ မည်သို့ ဆိုစေစာနယ်ဇင်း အမြုတေကောင်စီဖွဲ့ပြီဟူသော သတင်းနှင့်အတူ ခပ်သဲ့သဲ့ ထွက်ပေါ်ခဲ့သည့် အသံနှစ်ရပ်ဖြစ်သည့် ထိုရက်သတ္တပတ်၏ တနလာင်္နေ မှာစာပေစီစစ်ရေး လုပ်ငန်းစဉ်ကြီး ရပ်မည်ဟူသော သတင်းအသံနှင့် ဂျာနယ်ထုတ်ဝေနေသော မီဒီယာအုပ်စုကြီး ခြောက်ခုကို သတင်းစာထုတ်ခွင့် ပြုတော့မည်ဟူသည့် သတင်းအသံတို့ အနက်ဒုတိယ သတင်းအသံကတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆက်လက်တင်ကျန် ရှင်သန်ခဲ့သည် ကတော့ သေချာ၏။ မီဒီယာလောကသားတို့ အနှစ်နှစ် အလလက စောင့်စားခဲ့ကြရသည့် အဆိုပါ ထူးထူးခြားခြား အခွင့်အလမ်း တစ်ရပ်ကို ယုံကြည်မျှော်လင့်ချက်ဖြင့် ဖမ်းဆုပ်နိုင်ကြဖို့ကို ကျွန်တော် ဆုတောင်းပေးလိုက်ချင်သည်က ကတွတ်ပီ ကံအမြဲ မကောင်းသည့်အဖြစ်နှင့် မချိန်လျှင်ထိသည့် အစဉ်အလာမျိုး ရှောင်လွှဲနိုင်ဖို့ သာ။

“လယ်လုပ်သူလယ်ပိုင်ခွင့်”

စာရေးသူ စာအုပ်ထုတ်ခွင့်ကို လယ်လုပ်သူ လယ်ပိုင်ခွင့်နှင့် ဥပမာပေးလျှင် ကိုယ်ရေးကိုယ်ထုတ် စာအုပ်ထုတ်ဝေခွင့် ကဒ်များထုတ်ခွင့်ပြုခဲ့သော စာပေစီစစ်နှင့် မှတ်ပုံတင်ဋ္ဌာနကို သာဓုခေါ်လိုစိတ်လေး ဖြစ်ခဲ့ဖူးကြောင်း ၀န်ခံလို၏။ သို့ပါသော်လည်း ကိုယ်ရေးကိုယ်ထုတ် စာအုပ်ထုတ်ဝေခွင့် ကဒ်တွေက စာရေးသူတိုင်းမှာ မရှိနိုင်သေးပါ။ လျှောက်လျှက်မကျတာလား၊ မလျှောက်လို့ မရတာလားထား။ ထိုပြဿနာက ထုတ်ဝေခွင့်ကဒ် ငှားထုတ်နိုင်သေးသည့် ကိစ္စမို့ ရှိပါစေတော့ဟုထား နိုင်ပါ၏။ မထားလိုက်သင့်တာက မကြာမှီ လာမည်ဆိုသည့် သတင်းစာ ထုတ်ဝေခွင့်ကိစ္စ။ လျှောက်တိုင်း ပေးနိုင်မည် မဟုတ်သလို၊ လျှောက်တိုင်း မပေးသင့်သော အရေးကိစ္စမို့ ကျွန်တော်တော့ အစိုးရိမ် ပိုနေမိပါသည်။

ယခုလို ပြုပြင်ပြောင်းလဲရေး ကာလမှာ လက်ရေချိုး ကြည့်နိုင်မည့် အရေအတွက်မျှသာ ထုတ်ခွင့်ပြုနိုင်ဦးမည့် သတင်းစာ ထုတ်ဝေခွင့်ကို မီဒီယာအတွေ့အကြုံ အစဉ်အလာ မရှိသူတွေလက်တွင်း မသက်ဆင်း လိုကြသည်က မီဒီယာက၏ အမြင်ဟုဆိုသော် စာနာနားလည် ပေးနိုင်ကြမည်ထင်။ အကပ်ကောင်း၍ ထုတ်ဝေခွင့် ရသည်ဆိုခြင်းမျိုးကိုတော့ ယနေ့ပါလီမာန် ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ မရှိစေချင်တော့ပါ။ ဒီမိုကရေစီမှာပင် စည်းကမ်းရှိခြင်း အနက်ပါရှိနှင့်ပြီး ဖြစ်၍ထုတ်ဝေ ခွင့်ပေးမည့် အာဏာပိုင်တွေ၊ ထုတ်ဝေခွင့်ရမည့် မီဒီယာပိုင်တွေ နှစ်ဦးနှစ်ဖက် လေးနက်စွာ စဉ်းစားဆုံးဖြတ်ကြ ယုံကြည်မှု တည်ဆောက် ထားနိုင်ကြလိမ့်မည်ဟုလည်း ယုံကြည်ထားသည်။ သတင်းစာ ထုတ်ခွင့် ပြုသော်လည်း ဤသတင်းထည့် ဟိုသတင်းဖြုတ်ဟူ၍ မရင့်မကျက်(မကျက်တကျက်) လုပ်ဆောင် လာလေဦးမည်ဆိုလျှင် ပုဂ္ဂလိကအမည်ခံ သတင်းစာတွေသာ ဖြစ်သွားမည် မဟုတ်ပါလော။ 

မီဒီယာသမားတစ်ဦး အနေဖြင့် မဟုတ်တောင် နိုင်ငံသားတစ်ဦး အနေဖြင့်ပင် ပုဂ္ဂလိက သတင်းစာအပေါ် ရင်ခုန်နေမိသော ကျွန်တော်သည် အစိုးရသတင်းစာပါ နိုင်ငံတော်သတင်း၊ အစိုးရဋ္ဌာနသတင်းတွေ မဖတ်တော့ချင်၍ မဟုတ်ပါဘဲ အစိုးရအမြင်၊ ဋ္ဌာနဆိုင်ရာ အမြင်တွေချည်း တစ်ဘက်သက် ရေးသား ဖေါ်ပြနေခြင်းထက် ဘက်ပါင်းစုံ အမြင်ပေါင်းစုံအား လွတ်လပ်သော မီဒီယာ အရေးအသားများဖြင့် ရေးသား တင်ဆက်ကြသည်ကို ဖတ်ရူချင်၍သာဖြစ်ကြောင်း သက်ဆိုင်သူ အပေါင်းကို သိစေလိုမိ၏။ Facebook သဘာဝနှင့် နှိုင်း၍ ပမာပြုတွေးမိ ခံစားစေချင် မိသည်ကတော့ ကိုယ့်လုပ်ဆောင်ချက်ကို ကိုယ့်Wallပေါ် တင်ထားနိုင်ရုံ သက်သက်ထက် တစ်ပါးသူWallမှာ ဂုဏ်ရှိစွာ Shareခံရ ဖေါ်ပြခံရခြင်း၊ အရေးတယူပြု Commentရေးသားမှု ခံယူရခြင်းတို့ကို ပိုမိုနှစ်သက် သဘောကျ ရမိသည့်အဖြစ်မျိုး ဒီမိုကရေစီအစိုးရနှင့် အစိုးရဋ္ဌာနတွေကို ခံစားရမိစေချင်သည့် စေတနာဖြစ်ပြီး အကယ်၍သာ အမြင်မတူခြင်းတည်းဟူသော အခြားတစ်ဘက်က အမြင်Commentတွေကိုသာ ကြောက်ရွံနေပါက FBမှာ ဗလာသက်သက် စာမျက်နှာတွေ (သို့တည်းမဟုတ် အနှစ်မဲ့ ဗလာသာသာ စာမျက်နှာ)တွေသာ ရှိနေချေတော့မည်ဟူ၍။

ကိုမျိုး (မြန်မာစာ)
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်..

ဆောင်းပါးဖော်ပြမှု နောက်ကျသွားသည့် အတွက် ကိုမျိုး (မြန်မာစာ)အား အထူးတောင်းပန် အပ်ပါသည်..။