ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး အဖွဲ့ ချုပ် ဗဟိုကော်မရှင်ခရီးစဉ်စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး အဖွဲ့ ချုပ် ဗဟိုကော်မရှင်ခရီးစဉ်စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ဦးဆောင်သော ဗဟိုကော်မရှင်အဖွဲ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ၂၄.၈.၂၀၁၂ ညကိုးနာရီခွဲက ရန်ကုန်မြို့ မှ မော်လမြိုင်မြို့ သို့ ထွက်ခွာသွားပြီဖြစ်သည်။

ဗဟိုကော်မရှင်အဖွဲ့တွင် ဗဟိုကော်မရှင် ဥက္ကဌ ဦးတင်ဦးနှင့်အတူ၊ အတွင်းရေးမှူး ဦးဥာဏ်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးစိုးဝင်း(တာမွေမြို့ နယ်)၊ ဒေါ်လဲ့လဲ့(မရမ်းကုန်းမြို့နယ်)နှင့် ဗဟိုကော်မရှင်အတွက် မှတ်တမ်းရယူရန် ဦးခင်မောင်ကြည် (မွန်ပြည်နယ်)တို့ လိုက်ပါသွားကြသည်။

ဗဟိုကော်မရှင်အဖွဲ့ သည် ၂၅.၈.၂၀၁၂ တွင် မွန်ပြည်နယ် ကျိုက္ခမီနှင့်သံဖြူဇရပ်မြို့ နယ်များတွင် အဖွဲ့ချုပ်ရုံးခန်းများကို ဖွင့်လှစ် ပေးမည်ဖြစ်သည်။

၂၆.၈.၂၀၁၂ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တစ်မြို့လျှင် ကော်မရှင်အဖွဲ့ဝင်နှစ်ဦးနှင့်တွေ့ဆုံကာ ညီလာခံကျင်းပရေးကိစ္စရပ်များနှင့် ပြည်နယ်နှင့် တိုင်းများတွင် ပါတီဝင်ကတ်ပြားရရှိရန် ကြာလင့်နေရသည့် အခက်အခဲပြသနာများနှင့် အခြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေး အကြံပေးကြမည်ဖြစ်သည်။

ယခုလတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းဖြစ်ပေါ်လျက်ရှိသော ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့်အငြင်းပွားမှုများကို မေးမြန်းရာ ဦးဥာဏ်ဝင်းက "ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန်မှာ ဗဟိုကော်မရှင်၏ တာဝန်ဖြစ်ပါတယ်၊ ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ဒီမိုကရေစီပုံစံနှင့် ရွေးချယ်မှာဖြစ်ပါတယ်။ ညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့စည်းရာမှာတော့ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ဗဟိုဦးစီးစနစ်ဖြင့်သာ ရွေးချယ်တာဖြစ်ပါတယ်။ ညီလာခံကိုယ်စားလှယ်နဲ့ ညီလာခံကော်မရှင်က မတူပါဘူး ဒါကို ဒီခရီးစဉ်မှာ ရှင်းလင်းပြောကြားပါမယ်" ဟုပြောကြားခဲ့သည်။

၂၆.၈.၂၀၁၂ မွန်းလွဲ(၃)နာရီတွင် မွန်ပြည်နယ်ရှိ အခြားနိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်သည်။ ယခုခရီးစဉ်သည် ဗဟိုကော်မရှင်ဧ။် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဆက်လက်၍ ကျန်ပြည်နယ်နှင့် တိုင်းများသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း NLD Central, ဓာတ်ပုံများ အတွက် အဖွဲ့ချုပ် မော်လမြိုင်အား ကျေးဇူးတင်ပါသည်..။