ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်း.... မြန်မာပြည်မှ လိုင်စင်ရ အမြတ်ကြီးစားများ...


မြန်မာပြည်မယ် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းလို သယ်ယူပို့ဆောင်ရေးလို စက်သုံးဆီလို လုပ်ငန်းမျိုးက ပြည်သူနဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့နေတာမျိုးမို့ ဒီလိုလုပ်ငန်းမျိုးကို ပုဂ္ဂလိကကို ပေးရင် မှန်မှန်ကန်ကန်မျှမျှတတဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုးကို ပေးသင့်တယ်လို့ ထင်ပါတယ်။ ဥပမာ လျှပ်စစ်ဆိုတာ မရှိမဖြစ်မို့ ဒီလိုအပေါ်မှာ အများကြီး အမြတ်မယူဘဲ ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်စေလိုပါတယ်။ တစ်ယူနစ် ကျပ် ၂၅၀ လောက် ကောက်မယ်ဆိုရင်တော့ များလွန်းလှပါတယ်။ ကျွန်တော်တို့ပေးရမယ့် ဟာတွေက နိုင်ငံတကာအဆင့်တွေဖြစ်ပြီ ဆိုရင် ကျွန်တော်တို့ ရစရာတွေကတော့ နိုင်ငံတကာအဆင့်မီလားလို့ မေးစရာရှိလာပါပြီ ဟု ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးက ဆိုပါသည်။

စက်သုံးဆီဆိုတာ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသလို ကုန်ဈေးနှုန်းတွေမှာလည်း တော်တော်ကိုတာသွားပါတယ်။ ဒီလို နေရာမျိုးဟာ တိုင်းပြည်ရဲ့ဝင်ငွေ တိုင်းသူပြည်သားတွေရဲ့ သုံးနိုင်တဲ့ ပမာဏကို ချိန်ဆပြီး အရှုံးခံလုပ်ရတဲ့ လုပ်ငန်းမျိုးပါ။ ဒါမျိုးမှာ အနစ်နာမခံနိုင်ဘဲ မြတ်ဖို့ချည်းလုပ်ရင် တိုင်းပြည်သိပ်နစ်နာသွားမယ်ဟု တရားရုံးချုပ်ရှေ့နေတစ်ဦးက ထောက်ပြသည်။

အခု ကျွန်တော်တို့ ဖုန်းခတွေဆို တော်တော်ကို များသွားတယ်နော်။ နိုင်ငံတကာမှာထက်ကို များနေတာ တွေ့ရမယ်။ ဒါမျိုးတွေ နောက်ဘယ်လောက် ကျွန်တော်တို့ ကြုံရဥိးမလဲ တိုင်းသူပြည်သားတွေရဲ့ အိတ်ကပ်ထဲက တစ်ဆုံးနှိုက်တာမျိုးတော့ မလုပ်စေချင်ဘူး။ အထွေထွေအရပ်ရပ် အခွန်တွေ တက်လာပေမယ့် ကျွန်တော်တို့ ရသင့်ရထိုက်တွေက ပါးပါးကုန်တဲ့အတွက် တိုင်းပြည်မှာ ကြပ်သထက်ကြပ်နေပြီ။ အခု တိုင်းပြည်မှ ဘယ်သူမှ အလုပ်မဖြစ်ကြတော့ဘူး ဟော အခု အစိုးရ ငွေချေးပေးမယ်တဲ့ အတိုးက ၁၇ ကျပ်ဆိုတော့ တော်တော်ကို များတယ်ဗျ။ ဒီလူတွေ အတိုးကို ဘယ်လို ရှင်းကြမလဲ။

အခု ရန်ကုန်မှာ ဆောက်လက်စ တည်ဆောက်ရေးလုပ်ငန်းခွင်တွေ လက်စသတ်ကြဖို့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးတယ်။ အစိုးရ အဆောက်အဦတွေကို လေ့လံပစ်တယ် ဆွဲမယ်သူ မရှိဘူး အဲဒီတော့ ငွေထုတ်ချေးရပြန်ရော ဒီလူတွေ တစ်လ အတိုး ၁၇ ကျပ်ကို ဘာတွေလုပ်ပြီတော့ ဆပ်ကြမတုံး တိုင်းပြည်အတွက်တော့ တကယ်ကို ဂျောက်ပဲဗျ။ ဟု စီးပွားရေး ပညာရှင်တစ်ဦးက လက်ရှိအနေအထားကို သုံးသပ်ပြခဲ့သည်။

ယင်းကဲ့သို့သော အနေအထားမျိုးတွင် လုပ်ငန်းရှင်များ ရင်ဆိုင်ရသည့် ၀န်ထုတ်ဝန်ပိုးများသည် ပြည်သူများပခုံးပေါ်သို့သာ ကျလာမည်ဖြစ်ရာ ပြည်သူနှင့်တိုက်ရိုက် သက်ဆိုင်သည့် ရေ၊ လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အကျိုးအမြတ်ကြီးမားစွာ မျှော်လင့်ထားသည့် အဖွဲ့အစည်းများ ပုဂ္ဂလိကများ လက်သို့ သက်ရောက်မသွားရန်မှာ အရေးကြီးနေကြောင်း သုံးသပ်မှုများ ရှိနေကြသည်။

ပေးပို့ပေးလာသူ ကိုဝဏ္ဏအား ကျေးဇူးတင်ပါသည်...