ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူပေါင်းတစ်သိန်းကျော်တက်ရောက်သည့် တရားပွဲတခု စစ်တွေမြို့ ဝေသာလီရင်ပြင်တွင် ပြုလုပ်ကျင်းပ...


ရခိုင်ပြည်၊ စစ်တွေမြို့တော် ဝေသာလီရင်ပြင်၌ လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲတခုအား ဖေဖော်ဝါရီလ (၂၀-၂၁) ရက်နေ့အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တရားပွဲတွင် ဆရာတော် အသျှင် သုမင်္ဂလာမှု မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ လုပ်ရပ်များ၊ အပြုအမှုများနှင့် အခြားဏ္ဍများကို ထောက်ပြပြောဆို ဟောပြောခဲ့ကြောင်း Arakan Review မှ စုံစမ်း သိရှိရသည်။

စစ်တွေဒေသခံတစ်ဦးအား တရားပွဲနှင့်ပတ်သက်၍မေးမြန်းရာ သူက “လူသိန်းနဲ့ချီပြီး တက်ရောက်နားကြားတဲ့ တရားပွဲကို တစ်ခါမှ မကြုံဖူးဘူးဗျာ၊ တော်တော် အံ့သြစရာပဲ၊ တကယ့်လို့ အာဏာပိုင်တွေသာ မသွားရဘူး ပိတ်ပင်ထားခဲ့မယ်ဆိုရင်တော့ ဒီလောက်ထိ အများကြီး ရောက်လာနိုင်မယ်လို့ မထင်ဘူး”ဟု ပြောပြခဲ့သည်။

ဆရာတော် ဦးသုမင်္ဂလာသည် ရခိုင်ပြည်သို့ ကြွရောက်ရန်အတွက် လွန်ခဲ့သော (၂) လခန့်က ပင် စီစဉ်ကြိုးပမ်းခဲ့သည်။ အစပိုင်းတွင် ဆရာတော်၏ အစိုးရနှင့် အာဏာပိုင်များအပေါ်တွင် ဝေဖန်မှု၊ ပြည်သူများအပေါ်တွင် ဖိနှိပ်မှုများကို ထောက်ပြ ဝေဖန်မှုတို့ကြောင့် တရားပွဲအား ပိတ်ပင်ထားခဲ့သည်ဟု လည်း သိရှိရသည်။

ဆရာတော် စစ်တွေသို့ မကြွရောက်လာမှီ တောင်ကုတ်၊ သံတွဲ၊ မြေပုံ ကမ်းထောင်းကြီး သို့ ဘုရားဒေသနာတော် စာရွက်များအား ဖြန့်ဝေခဲ့သည်။ ထိုစာရွက်များတွင် လူများ၏ ကောင်းမှု၊ မကောင်းမှုများကို ထောက်ပြထားပြီး ဒေသဆိုင်ရာအာဏာပိုင်များအား အပြုသဘောဆောင်ဝေဖန်ထောက်ပြမှုများ ပါရှိကြောင်းလည်း သိရှိရသည်။

သံတွဲမြို့တွင် ပြုလုပ်ခဲ့သော တရားပွဲအား အစပိုင်းတွင် တားမြစ်ပိတ်ပင်ထားခဲ့သော်လည်း ပြည်သူများ၏ ဆန္ဒပြင်းပြစွာ တရားနာလိုမှုကြောင့် နောက်ဆုံးတွင် အာဏာပိုင်များက ခွင့်ပြုခဲ့ရသည်ဟု သိရသည်။ စစ်တွေ ဝေသာလီရင်ပြင် တရားပွဲသို့ ရခိုင်ပြည်ရှိ ဒေသအသီးသီးမှ မြို့သူ၊ မြို့သားများ တစ်သိန်းကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အာဏာပိုင်များလည်း လာရောက်ကာ မှတ်တမ်းဓာတ်ပုံများလည်း ရိုက်ယူသွားခဲ့သည်ဟု ၎င်းတရားပွဲတွင် တာဝန်ကျ လုံခြုံရေး အရာရှိတဦးက ပြောပြခဲ့သည်။ “စစ်တွေတမြို့လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတော့ တိုင်းမှူးက လူထုအုံကြွမှု တခုခု ဖြစ်သွားမှာကို စိုးရိမ်နေတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးတခုလုံး တနေရာတည်းမှာ စုစည်းနေတာ။ ဒါကြောင့်
တပ်မှာရော၊ ရဲဘက်ရော ရှိတဲ့ အင်အားတွေ အကုန်လုံးကို ခေါ်ပြီး လုံခြုံရေးချထားတယ်။ တခြား နေရာတွေကနေပြီးတော့ လူတွေစုပြီး ဝေသာလီရင်ပြင်ရှေ့ကို ဦးတည်မလာရအောင်လည်း တခြားလူတွေ စုနိုင်တဲ့ နေရာတွေမှာ အကုန်လုံး ကင်းချထားတယ်။ ပြီးတော့ ဗိုလ်အဆင့်ရှိတဲ့ အရာရှိတွေကိုလည်း ကင်မရာတွေ ပေးထားပြီး အကုန်ရိုက်ခိုင်းထားတယ်” ဟု ပြောသည်။

ဆရာတော်သည် အာဏာပိုင်များကြောင့် သွယ်ဝိုက်ပြီး ဖြစ်ပွါးလျက်ရှိသော ပြည်သူလူထု၏ အခက်အခဲ၊ အကျပ်အတည်းများကိုလည်း ထောက်ပြ ပြောဆိုခဲ့ကြောင်း ၊ ယခုကဲ့သို့ လူပေါင်း တစ်သိန်းခန့် တက်ရောက်ကြခြင်းမှာ ဆရာတော် ဟောကြားချက်များသည် ပြည်သူများ၏ ခံစားချက်နှင့် တထပ်တည်း ကျနေခြင်းကြောင့်ဟူ ဒေသခံများက ပြောဆိုနေကြကြောင်း သိရှိရသည်။ ယခု စစ်တွေ ဝေသာလီရင်ပြင်တွင် လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲသည် ရခိုင်ပြည်တွင်သာမက မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ပြောစမှတ်တခု ဖြစ်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူပေါင်း သိန်းချီသော တရားပွဲမျိုး စစ်တွေတွင် ပေါ်ပေါက်လာရခြင်းသည် (၂၀၀၇) ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအား အစပြုခဲ့သည့် စစ်တွေမြို့နေ သံဃာတော်များနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော ရခိုင်လူမျိုးများ၏ နောက်ခံ သမိုင်းကြောင်းများကို ဆရာတော် အနေဖြင့် အကျအန လေ့လာပြီးမှ ဤတရားပွဲကို ဆင်နွှဲရန် မဖြစ်မနေ ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

http://arakanreview.22web.net/?p=3211 မှရယူပါသည်။