ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်ဒဏ်(၃)နှစ်ချမှတ်ခံရ....


အင်းစိန်ထောင်မှာ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း ကိုညီညီအောင်ရဲ့ အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့မနက် (၁၀)နာရီမှာ အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကိုညီညီအောင် အမှုကို အမိန့်ချပါတယ်။ ပုဒ်မ ၄၆၈ မှတ်ပုံတင်အတုပြုမှု၊ ပုဒ်မ (၂၄)(၁) ငွေလဲလှယ်မှု နဲ့ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအမှုတွေနဲ့ချတာပါ။ စုစုပေါင်း (၅)နှစ်ပါ .... ဒါပေမယ့် တပေါင်းတည်း ကျခံစေရမယ် ဆိုတဲ့ အမိန့်ကြောင့်(၃)နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ "

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုခဲ့ပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

ဥပဒေအကြောင်းအရ တရားမျှတမှုရှိမရှိ မေးမြန်းရာမှာတော့ " အပြစ်ရှိတယ်ဆိုတဲ့ တချို့အချက်တွေကို သဘောမတူဘူး၊ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ အပြစ်ဒဏ်တွေကတော့ ဥပဒေအတိုင်းလို့ ယူလို့ရပါတယ် " ဒီနေ့အမှု တရားရုံးကို အမေရိကန်သံရုံးက ကောင်စစ်ဝန်ကိုယ်တိုင် လာပါတယ်။ သေချာမှတ်သားသွားပါတယ်။ အန်ကယ်တို့က သေသေချာချာ ရှင်းပြပါတယ်။ အပြစ်တွေ့ရှိတယ် ဆိုတဲ့ တစ်ချို့အချက်တွေကို သဘောမတူတာပြောပြပါတယ်. ... အယူခံဝင်ဖို့လည်းပြောပြပါတယ်။ ကောင်စစ်ဝန်က တတ်နိုင်တာကို အကူအညီပေးမယ်လို့ ပြောပြသွားပါတယ်။"

ကိုညီညီအောင်ဟာ ထောင်တွင်း အကျဉ်းသားချင်း ခွဲခြားမှုတွေ၊ မတရား လုပ်နေမှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ စစ်အစိုးရအကျဉ်းထောင် အတွင်းက တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေကိုလည်း မကြောက်မရွံ အခါအားလျှော်စွာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကိုညီညီအောင်အား အကျဉ်းထောင်အတွင်း အကာအရံများဖြင့် တခြားအကျဉ်းသားမျာနဲ့ သီးခြားဖြစ်အောင် ထားရှိခြင်းခံရပါတယ်။ကိုညီညီအောင်ရဲ့မိခင်ဖြစ်သူ ညီမဖြစ်သူနဲ့ မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံနေရပါတယ်။

" ကိုညီညီအောင် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကောင်းပါတယ်။ ကိုညီညီအောင်က ထောင်ဝင်စာ မတွေ့ရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မကျေမနပ်ပြောပါတယ်။ ထောင်ဝင်စာ ပစ္စည်းတွေ လက်ခံဖို့ကိစ္စအတွက် အရင်လိုအချုပ်သား တယောက်မဟုတ်တော့ဘူး ... ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား တယောက်အနေနဲ့ ပစ္စည်းတွေ လက်ခံပါဆြိုပီး ပြောခဲ့တဲ့အတွက် ဒီနေ့ကစပြီး ပြန်လက်ခံနေပါပြီ" ဟု ကိုညီညီအောင်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင် စံနစ်အုပ်စိုးတဲ့ နိုင်ငံတွေမှာ မိမိတို့ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တဲ့ သူတွေဟာ မတရားတဲ့ဥပဒေတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံကြရပါတယ်။ နှစ်ရှည်လများ ထောင်ဒဏ် အပြစ်ပေးခြင်းများပြုလုပ်ပြီး ပြည်သူတွေ အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် မတရားလုပ်ဆောင်ကြပါတယ်။ သို့ပေမယ့်လည်း မတရားမှုကို ခေါင်းငုံမခံတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကတော့ လျော့ပါးသွားတယ်မရှိပဲ ရတဲ့နည်းနဲ့ တော်လှန်နေကြသူတွေကတော့ နေရာကဏ္ဍ အသီးသီးကနေ ပေါ်ထွက်နေပါတယ်။

သတင်း...ဒီမိုဝေယံ