ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးပြောကြား.(ခေတ်ပြိုင်)


ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည်ပြောကြားချက်များကို တင်ပြထားပါသည်။

ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေးအခြေအနေကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာပေါ့ဗျာ။ အဲဒါရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာရတာပေါ့ဗျာ။

နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ဘာတို့ ရှိနေတဲ့အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ်နားထောင်နေပြီးတော့ ပြည်ပနိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကိုလည်း သူကောင်းကောင်းသဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။

နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများပြောပါတယ်။ ဒီပဲယင်းမှာ သူပုန်သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေးလှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ ဘာသွားတွေ့သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက်ကြတယ်ပေါ့။

ကန့်ကွက်ပေမယ့်လို့ ဒီမြို့သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ သူဘာသွားသတိထားမိလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော်ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ်ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။
အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေးအရောင်ပြများ၊ လူမှုရေးအရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံးပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။

ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့အခါမှာ ဒီပဲယင်းလိုနေရာမျိုး ညဖြတ်ရမယ့်နေရာမျိုးမှာ နိုင်ငံရေးလုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူထင်မြင်ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။

နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံးဝိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံးကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီးအရိုက်ခံရတယ်။ အဲဒီအချိန်အခါမျိုးမှာ ကျမထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကားဖြစ်သွားတဲ့အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကားမောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက်တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်းမောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မသတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ်ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။

နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတယ်။

အဓိကအရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လိုဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။

နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့မူဝါဒဖြစ်တယ်၊ ပါတီရဲ့တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်သွားမယ်လို့ ပြောပါတယ်။

နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာပါလာတဲ့ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ်ဆောင်ရွက်ပေးရမှာပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော်အသိအမှတ်ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးကနေပြီးတော့ သူ့ကိုချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေးစင်မြင့်ပေါ် ပြန်တင်ပေးတယ်ဆိုတဲ့ အနေအထားရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ်ပြုရမှာပဲတဲ့။ သူတို့ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံးပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံတပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော်တန်ဖိုးထားတဲ့အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦးကိုယ်တိုင်၊ ကျနော်တို့ကိုယ်တိုင်ဟာ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများဝင်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့အတွက် အစိုးရအဖွဲ့လိုမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့အဖွဲ့ချုပ်ရဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ စီအီးစီအဖွဲ့လိုမျိုး သို့မဟုတ် စီစီအဖွဲ့လိုဟာမျိုးဟာ ကျနော်တို့အရေးတော်ပုံမှာ ပါဝင်တဲ့ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လိုဟာမျိုးက အရေးတော်ပုံတပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့သူများနဲ့သာ ဖွဲ့စည်းရမယ်။

ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလိုဟာမျိုး လုပ်တဲ့အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ဦးဆောင်လှုပ်ရှားခဲ့တဲ့သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ရခဲ့သော် သို့မဟုတ် ပြည်သူကလွှဲအပ်လို့ ကျနော်တို့ အစိုးရအဖွဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီအစိုးရလိုဟာမျိုးဟာ အရေးတော်ပုံကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော်ဆွေးနွေးခဲ့ဖူးတဲ့အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေးလုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာတခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ်ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးရိုးသားမှုရှိတယ်၊ နိုင်ငံရေးအမြော်အမြင်ရှိတယ်၊ ခေါင်းဆောင်တင်ရမယ့်လူကို ခေါင်းဆောင်တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင်သွားတဲ့နောက်ကို လိုက်ရမှာပဲဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော်ယူဆပါတယ်။

ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရထားတာဟာ ဗုဒ္ဓဘာသာစကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာကျမ်းတွေမှာ သုံးလေ့သုံးထရှိတဲ့စကားနဲ့ ပြောရင် အတော်ကို အရတော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွလို့ပဲ ပြောရမှာပဲလို့ ကျနော်ပြောခဲ့ပါတယ်။

ရင်းမြစ် http://khitpyaing.org/interviews/2010/February/14210.php