ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သုခအလင်း မွေးဖွားခြင်း.....


သုခအလင်း မွေးဖွားခြင်း

“မွေးဖွားခြင်းနှင့် သေဆုံးခြင်း” စကားအရ “ဖြစ်လျှင်ပျက်မည်” ဖြစ်သော်ငြားလည်း ဖြစ်ချင်းပျက်ချင်းတို့သည် ရုပ်ဝတ္ထုတို့နှင့်သာ သက်ဆိုင်သည်။ စိတ်သတ္တိ နှင့်မသက်ဆိုင်ချေ။ ခိုင်မာသော စိတ်ဓာတ်နှင့် ရဲရင့်သော ခံယူချက်တို့ကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ချေ။ ဖြစ်ခြင်းနှင့် ပျက်ခြင်းကြားကာလ . . . ။ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလ၌ အများအတွက် အကျိုးပြုမည့်၊ အကျိုးရှိမည့် အရာများကို ဖန်တီးတည်ဆောက်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ လူမှုရေးသမားများ၏ တာဝန်ဖြစ်သည်။

ကျွန်တော်တို့သည် ဘဘဦးသုခ ရည်မှန်းမျှော်လင့် မျိုးဆက်ချပေးခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်၍ ပြည်သူလူထုတို့ကို ပံ့ပိုးကူညီခဲ့ရာမှ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူသော အခမဲ့ဆေးဝါးကုသပေးသော ကုသိုလ်ကို ရယူခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် . . . “သုခအလင်း” စာကြည့်တိုက်ဟူ၍ မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျှက် မွေးဖွားခဲ့ပြန်ပါသည်။
“သုခအလင်း” အဓွန့်ရှည်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့၏ စိတ်ဓာတ်၊ ခံယူချက်တို့ ခိုင်မာရဲရင့်ဖို့ လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ရဲရင့်သော ခံယူချက်များ ဖြစ်သော . . . “ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ . . . ၊
ယင်းမှောင်မိုက်အတွင်းမှနေ၍ အရှုံမပေးသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိုကြွေး။ လောကဓံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့်
ရဲရဲနီနေ၏၊ သို့သော် ညွတ်ကားမညွတ်။ လောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရပေအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။” . . . ဟူသောစကားလုံးများသည် ကျွန်တော်တို့အတွက် ခိုင်မာရဲရင့်သော အားဆေးများပင်ဖြစ်တော့သည်။

ဗိုလ်ချုပ်ရဲ့ အားဆေးများနှင့် ဘဘဦးသုခရဲ့အမွေ (လူမှုရေး၊ ဘာသာရေး) ကိုထပ်မံတိုးပွားမှုပြုခဲ့သော ဤ”သုခအလင်း” စာကြည့်တိုက်ကို ဗိုလ်ချုပ်ရဲ့မွေးနေ့ဖြစ်သော ၁၃.၂.၂၀၁၀ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျက် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ နေရာဌာန၌ မွေးဖွားခဲ့ပြီဖြစ်ပါသည်။

ကျွန်တော်တို့သည် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်၍ ဘဘဦးသုခမျိုးစေ့ချပေးသော လူမှုရေးစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာမည့်၊ ဖြစ်ပေါ်လတ္တံ့၊ ဖြစ်ပေါ်နေဆဲ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအဆီးမှန်သမျှကို ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတော်စကားလုံးများကို လက်ခံကျင့်သုံးကာ ကျွန်တော်တို့၏ ဘဝပန်းတိုင်၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင် ဤ”သုခအလင်း”နေရာဌာနမှ မလျော့သောဇွဲနှင့် လက်တွဲမဖြုတ် ချီတက်ကြပါမည်ဟု သန္နိဌာန်ချလိုက်ပါသည်။

ဘဘဦးသုခနှင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်ရာမြင့်မြတ်သော ဘုံဌာနအသီးအသီးမှ သာဓု . . သာဓု . . .သာဓု . . ခေါ်ဆိုပါလေတော့ . ..
ကျော်သူ


မျှဝေပေးတဲ့ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်။