ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မဲဆောက်ြမို့က မိတ်ဆွေကောင်း စာကြည့်တိုက်နှင့် နအဖလက်ထက် အမှောင်ခေတ်ပညာရေး


မနက်စောစော အင်္ဂလိပ်စာ သံပြိုင်ရွတ်ဆို သံကိုကြားတဲ့ အချိန်မှာ ကျွန်တော်အိပ်ယာက နိုးလာပါတယ်။ လက်ကနာရီကိုကြည့်တော့ မနက် (၇)နာရီခွဲ တိုကျိုမှာဆို အိပ်လို့ကောင်းတုန်း အချိန်ပေါ့။ ချက်ချင်းအိပ်ယာကထ ကင်မရာကိုယူပြီး အခန်းအပြင်ကို ထွက်လိုက်ပါတယ်။ စာသင်ခန်းထဲမှာတော့ မနက်စောစော အင်္ဂလိပ်စာသင်တန်းက သင်တန်းသားတွေရဲ့ လန်းဆန်းတွေ မျက်နှာတွေပါပဲ။ အားလုံးက စိတ်ပါဝင်စားစွာ သင်ယူနေကြသလို စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ နိုင်ငံခြားသား သင်တန်းသားဆရာရဲ့ မျက်နှာမှာလည်း ပိတိအပြုံးတွေနဲ့ပါ။

နေရာကတော့ ကျွန်တော် မဲဆောက်ရောက်ခဲ့စဉ်က နေထိုင်ခဲ့တဲ့ The Best Friend… စာကြည့်တိုက်မှာပါ။ စာကြည့်တိုက်က ငါးထပ်အဆောက်အဦး ဖြစ်ပြီး ပထမထပ်မှာ စာအုပ်တွေ၊အခွေတွေငှားပါတယ်။ ဒုတိယနဲ့ တတိယအထပ်မှာတော့ ကွန်ပြူတာနဲ့ အင်္ဂလိပ်စာသင်တန်းတွေ သင်ပါတယ်။ သင်တန်းကနေ့စဉ်ရှိပြီး အစောဆုံး မနက် (၇)နာရီခွဲကနေ နောက်အကျဆုံး ည(၇)နာရီခွဲ အထိပါ။
အခမဲ့စာသင်ပေးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး “ စာကြည့်တိုက်ရဲ့ အဓိက ရည်ရွယ်ချက်က စနစ်ဆိုးကြောင့် မျက်စိကန်း နားကန်းဖြစ်နေသူတွေကို နားမျက်စိ ဖွင့်ပေးဖို့ရယ် နောက် ထမင်းကျွေးရင်တနပ် ပညာသင်ပေးရင် တသက်စားမကုန်တဲ့အတွက် ပညာတတ်တွေဖြစ်ပြီး ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်အောင် ရည်ရွယ်ပါတယ် “ လို့စာကြည့်တိုက်ရဲ့ တာဝန်ခံဆရာတော်
တစ်ဦးဖြစ်တဲ့ အရှင်သောပါက ပြောဆိုသွားပါတယ်။

ဟော်လန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေက ဆရာတွေ အခမဲ့ လာရောက်သင်ပေးကြတာပါ။ စာကြည့်တိုက်မှာ အင်္ဂလိပ်စာ၊ ထိုင်းစာနဲ့ ကွန်ပြူတာသင်တန်းတွေ ပို့ချပေးနေပါတယ်။ ထိုင်းစာကိုလည်း ထိုင်းနိုင်ငံသား ဆရာမကိုယ်တိုင် သင်ပေးနေတာ တွေ့ခဲ့ရပါတယ်။ သင်တန်းတွေကို နိုင်ငံခြားသား ဆရာတွေကိုယ်တိုင် စေတနာအပြည့်နဲ့ သင်ပေးနေတာကို တွေ့ရလို့ အင်မတန်မှ ဝမ်းသာကြည်နှုးမှု ဖြစ်ခဲ့ရပါတယ်။

“ နိုင်ငံခြားသားတွေက မြန်မာကလေးတွေ အပေါ်မှာထားတဲ့ စိတ်ဓာတ်က တော်တော်မြင့်မြတ်ပါတယ်။ ထိုင်းကျောင်းတွေမှာ ပညာသင်ပေးရင် တလ ဘတ်လေးသောင်းလောက်ရပါတယ်။ ဒါပေမယ့် အဲဒါကို မယူပဲ မြန်မာကလေးတွေကိုပဲ ပညာသင်ပေးချင်တဲ့ ဆန္ဒအပြည့်ရှိတယ်လို့ ပြောပါတယ် ”

အရှင်သောပါကက ဆက်လက်ပြောဆိုပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်စံနစ်အောက်က အခြေအနေနဲ့ မြန်မာပြည်ရဲ့ ပကတိ အခြေအနေတွေကို သိရှိထားပြီးဖြစ်တဲ့ နိုင်ငံခြားသားတွေဟာ မြန်မာတွေကို အင်မတန် ခင်မင်တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ အရှင်သောပါကက ပြောဆိုရာမှာ………

“ ဗမာတွေကို တော်တော်ခင်ကြပါတယ်။ ဒါကြောင့် တချို့ထိုင်းတွေက မနာလိုဖြစ်ကြတယ်လို့သိရပါတယ် ”

ထိုင်းနိုင်ငံမှာ (၁၃)နှစ်ကြာ အင်္ဂလိပ်စာ သင်ကြားပေးခဲ့ပြီး ယခုထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖြစ်ခံယူထားတဲ့ အမေရိကန်နိုင်ငံသား ဘုန်းတော်ကြီး(၂)ပါးက စာသင်ပြပေးနေတာကို တွေ့ခဲ့ရပါတယ်။ စာသင်ပေးနေတဲ့ ပုံကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ ခေါက်ရိုးကျိုးနေတဲ့ သင်ပြပုံ အနေအထားနဲ့ မဟုတ်ပဲ အင်မတန်မှ ဆရာတပည့် နွေးနွေးထွေးထွေး ရင်းရင်နှီးနှီး ပုံစံမျိုးတွေ့ခဲ့ရပါတယ်။


“ ကလေးတွေက ဒီမှာ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးစာသင်ရတော့ တော်တော် ကျေနပ်ကြပါတယ်။ နိုင်ငံခြားသား ဆရာတွေကလည်း ဒီမှာပျော်ကြတယ်။ ထမင်းအတူစားကြ ဒီမှာပဲနေကြတော့ ပျော်ကြတယ်။ ဒီမှာက မိသာစုလိုပဲ အရမ်းပျော်တယ်လို့ ဆွစ်ဇာလန်က ဆရာမက ဒီနေ့ထုတ်ပြောတယ်။ ဒီမှာက ညီညီညွတ်ညွတ် သိုက်သိုက်ဝန်းဝန်းဆိုတော့ ပျော်စရာကောင်းတယ်” အရှင်သောပါက ကပြောဆိုပါတယ်။ ကျွန်တော်ရောက်ရှိစဉ် အတူတစ်ခန်းတည်း နေခဲ့တဲ့ ဆွီဒင်နိုင်ငံသားဆိုရင် ကျောင်းမှာရောက်နေတာ (၆)လရှိနေပါပြီ။ ဒီကျောင်းမှာနေရတာပျှော်လို့တဲ့။…..

ကျောင်းမှာ ကွန်ပြူတာ သင်တန်းလည်း ဖွင့်ထားပါတယ်။ ကွန်ပြူတာကတော့ (၄)လုံးပဲရှိပါတယ်။ (၁)လုံးကတော့ ကျွန်တော်နဲ့ သူငယ်ချင်း ဂျပန်က လှမ်းလှူလိုက်တာပါ။ “ ကွန်ပြူတာသင်တန်းကတော့ လိုအပ်ချက်တွေကတော့ ရှိပါတယ်။ ကွန်ပြူတာတွေ မလုံလောက်တာရယ် အခမဲ့ဆိုတော့ ကျွမ်းကျင်တဲ့ ကွန်ပြူတာဆရာ မရှိတာတွေရယ်ပါ။ ”

ကွန်ပြူတာ(၃)လုံးက မော်ဒယ်အောက်နေပါပြီ။ ကွန်ပျူတာတွေလှူနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မျက်စိပွင့် နားပွင့်ဖို့ပါ။ သူများနဲ့တန်းတူ ယှဉ်နိုင်ပြီး အောက်ကျနောက်ကျ မဖြစ်ဖို့ပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၄)ရက်နေ့ကလည်း The Best Friend စာကြည့်တိုက်ခွဲတစ်ခုကို ချင်းမိုင်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ “ အဓိက ကတော့ လူငယ်တွေ ပညာတွေ တတ်ပြီး မျက်စိပွင့် နားပွင့် ရှိကြဖို့ပါ။ နောက်ဘာသာစကားတွေတတ်၊ ကွန်ပြူတာနည်းပညာတွေ တတ်တော့ ထမင်းမငတ်တော့ပဲ တသက်လုံးထမင်းစားလို့ရသွားစေချင်တဲ့ဆန္ဒတွေကြောင့် လည်းစာကြည့်တိုက်တွေ လုပ်ဖြစ်တာပါ” အရှင်သောပါကက ပြောဆိုသွားပါတယ်။

မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိတဲ့ အချိန်မှာ အဓိက နံပါတ်တစ် ပြုပြင်ရမှာကတော့ ပညာရေးစံနစ်ပါပဲ။ ကျွန်တော်တို့ မဆလခေတ်နဲ့ စစ်အာဏာရှင် အမှောင်ခေတ်ကြီးမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ်ဟာ အားလုံးသိပြီးတဲ့ အတိုင်းချွတ်ခြုံကျနေပါပြီ။ ယခင်က ရန်ကုန်တက္ကသိုလ်ဟာ အာရှနာမည်ကြီးထိပ်တန်း တက္ကသိုလ်တွေမှာ တခုအပါအဝင် ဖြစ်ခဲ့တယ် ဆိုတာယုံတမ်းစကားလို ဖြစ်နေပါပြီ။ စစ်အာဏာရှင်တွေဟာ မိမိတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိတဲ့ ကောင်းပေ့ညွှန့်ပေ ဆိုတဲ့ကျောင်းတွေမှာ သွားရောက် ပညာသင်ယူစေပါတယ်။ ဘယ်ကဘယ်လိုရတဲ့ ငွေတွေနဲ့ ထားနိုင်တယ်ဆိုတာ ကာယကံရှင်တွေ အသိဆုံးပါ။ မိမိတို့ အာဏာတည်မြဲရေး တခုတည်းကိုသာကြည့်ပြီး မြန်မာပြည်ရဲ့ တက္ကသိုလ်တွေကိုတော့ ထန်းတော၊ ရာဘာတော၊ မြို့စွန်မြို့ဖျားတွေကို ရွှေ့ပြောင်းခဲ့ပါတယ်။
ဗီယက်နမ်၊ ကမ္ဘောဒီယားလို နိုင်ငံမျိုးမှာ ကျောင်းသားတွေအတွက် လမ်းဘေးမှာ အင်တာနက် အလကားကြည့်ခွင့် ရရှိပေမယ့် မြန်မာပြည် နည်းပညာတက္ကသိုလ်က ဒေါက်တာဘွဲ့ယူမယ့် ကျောင်းသားတွေတောင်မှ ကျောင်းမှာ အင်တာနက်သုံးစွဲခွင့် ရဘို့အတွက် အင်တာနက် အခန်းမှာ အလှည့်ကျစောင့်ဆိုင်းပြီးမှ သုံးစွဲခွင့်ရတယ်လို့ ကြားသိရပါတယ်။

စကားမစပ် ကျွန်တော်အသိ နည်းပညာတက္ကသိုလ်က ဒေါက်တာဘွဲ့ရ ကျောင်းသားတစ်ယောက် လွန်ခဲ့တဲ့ (၃)နှစ်လောက်က တိုကျိုမှာ နိုင်ငံတကာက အင်ဂျင်နီယာ ကျောင်းသားတွေ နှီးနှောဖလှယ်ပွဲ တစ်ခုတက်ရောက်ဖို့ ရောက်လာပါတယ်။ နည်းပညာတက္ကသိုလ်က ကျောင်းကအင်တာနက် အခန်းမှာ Desktop ပဲသုံးဘူးလို့Laptop မသုံးတတ် တဲ့ အတွက်ကြောင့် အိမ်ကLaptopမှာ Mouse ရွှေ့နည်း လာသင်သွားရပါတယ်။ တခြားနိုင်ငံက တတ်ရောက်သူတွေ အားလုံးက ကိုယ်ပိုင် အိတ်ဆောင် ကွန်ပြူတာတွေနဲ့ ဖြစ်ပေမယ့် သူတယောက်တည်း ကွန်ပြူတာမရှိလို့ Memory Stick နဲ့ပဲ သူများကွန်ပြူတာသုံးပြီး သူရဲ့အချက်အလက်တွေကို ပြောပြရပါတယ်တဲ့။ ပိုဆိုးတာက အင်္ဂလိပ်စာမပြောတတ်တဲ့ အတွက်ဘေးက လုပ်ငန်းခွင်ဝင် အင်ဂျင်နီယာ တစ်ယောက်က ဝင်ရောက်ရှင်းပြရတဲ့ အကြောင်းပြန်ပြောပြလို့ သိရပါတယ်။ ရင်ဘတ်မှာ ဒေါက်တာဘွဲ့တပ်ထားတဲ့ အဲ့ဒီမိန်းကလေးဟာ အသက်(၂၅)နှစ်ကျော်ဘဲရှိပါသေးတယ်။ ဒေါက်တာဘွဲ့ရ မိန်းကလေးကို အပြစ်ပြောလို၍ မဟုတ်ပါ။ နအဖရဲ့ ပညာရေးစံနစ်ကိုပါ။

နအဖရဲ့ အသံပဲရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်လို ဆင်ဖမ်းမယ်၊ မြင်းဖမ်းမယ်၊ ဇလီဖာတုန်းသွားကြားထိုးမယ်၊ စက်မှုနိုင်ငံ ထူထောင်မယ်ဆိုပြီး၊ ပါးစပ်ထဲရှိတာ လျှောက်ပြောပြီး တကယ့်လက်တွေ့မှာတော့ ဘာမှမလုပ်နိုင်၊ ဘာမှဖြစ်မလာပဲ အာဏာရတုန်းရခိုက် မိမိကိုယ်ကျိုး မိမိကောင်းစားရေးကိုသာ အဓိကလုပ်နေပြီး ဆိုင်းဘုတ်တင်လိုက်ရုံနဲ့ တက္ကသိုလ်ဖြစ်လာတဲ့ ပညာရေးစံနစ်ကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည် စစ်မှန်တဲ့ ဒီမိုကရေစီစံနစ် ရရှိတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေအောင် ပညာရှင်တွေကလည်း မိမိတတ်ထားတဲ့ အသိပညာ အတတ်ပညာတွေကို ဖြန့်ဝေပေးပြီး လူငယ်တွေအနေနဲ့လည်း ရယူနိုင်သည့် အသိပညာ အတတ်ပညာအားလုံးကို လေ့လာလိုက်စားသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

မဲဆောက်ရောက်ရှိစဉ် ကူညီခဲ့သူ အားလုံးနှင့် မမြတ်လေးငုံ မိသားစုအား ကျေးဇူးတင်ပါသည်။
(ဒီမိုဝေယံ)