ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌသူရဦးတင်ဦး လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ထုတ်ပြန်ကြေညာချက်...


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
NATIONAL LEAGUE FOR DEMOCRACY (Liberated Area)



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရဦးတင်ဦး ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍
ထုတ်ပြန်ကြေညာချက်။ ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒု-ဥက္ကဌ သူရဦးတင်ဦးသည် ၂ဝ၁ဝ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာကြောင်း ကြားသိရသည့်အတွက် မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် များစွာ ဝမ်းသာမိပါသည်။ယနေ့အချိန်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအရ အရေးပါသည့်အချိန် ရောက်ရှိနေခြင်းနှင့် အတူ အဖွဲ့ချုပ်အား ပြန်လည်အားကောင်းလာရန်ရည်ရွယ်၍ ဗဟိုဦးစီးအဖွဲ့များ၊ ပြည်နယ်၊ တိုင်းနှင့် မြို့နယ်များကို ပြန်လည်စုဖွဲ့နေသည့် အချိန်ကာလနှင့်လည်း ကိုက်ညီနေပေသည်။ ဒု-ဥက္ကဌ သူရဦးတင်ဦးအနေဖြင့် အဖွဲ့ချုပ်၏ တာဝန်များကို ဆက်လက် တာဝန်ယူသွားမည်ဟု ကြားသိရသည့်အပေါ် မိမိတို့မှ များစွာ အားရ ဂုဏ်ယူမိပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရဦးတင်ဦးအနေဖြင့် ကျန်းကျန်းမာမာဖြင့် အဖွဲ့ချုပ်အားဆက်လက် ဦးဆောင်မှုပေးရန် မိမိတို့အနေဖြင့် တိုက်တွန်းအပ်ပါသည်။ဒု-ဥက္ကဌ သူရဦးတင်ဦး လွတ်မြောက်ခြင်းမှ အစပြု၍ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်၊ မြန်မာတနိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား အမြန်ဆုံးပြန်လည်ဖွင့်ခွင့်ပြုရန်၊ စစ်မှန်၍ အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်၍ တိုင်းပြည်၏ ပြဿနာများကို နိုင်ငံရေးနည်းဖြင့် အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် နအဖ အား တောင်းဆိုလိုက်ပါသည်။


ဗဟိုကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)


ရက်စွဲ ။ ။ ၂ဝ၁ဝ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်
ဆက်သွယ်ရန် - ဒု-ဥက္ကဌ ဒေါက်တာအေးကျော် (ဝ၈၄ ၃၂၃၅၆၇၁)