ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများ..


"ကျားနှင့် ရင်ဆိုင်တွေ့သည့် အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဗမာ့သေရေး၊ ရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့သည့် အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးတွေကို ရိုးမယ်ဖွဲ့ မနေကြနှင့်။


၁၉၄၆ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ရက်နေ့ ညနေ ၇နာရီ၊ ၁၅မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့် မိန့်ခွန်းထဲက မှတ်သားဖွယ်ရာ မိန့်ခွန်းတချို့

သတ္တိစမ်းမယ် ဆိုရင်တော့ ဗမာ့လွတ်လပ်ရေး အတွက် တကယ်တမ်း၊ လုပ်တမ်းဆိုရင် ထွက်ခဲ့ပါ။ မဟိန်းတမ်း မဟောက်တမ်း၊ တကယ်လုပ်တမ်း ပြိုင်ရဲပါတယ်။ ကျုပ်အကြောင်းတွေလဲ ခင်ဗျားတို့ သိတန်သလောက် သိကြမှာပဲ၊ ဒါပေမဲ့အကုန်တော့ ဘယ်သူမှ သိကြမှာမဟုတ်ဘူး။ ကျုပ်ကလဲ မကြွားချင်ပါဘူး။ ကျုပ်နိုင်ငံရေး လုပ်နေတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ နိုင်ငံရေးလုပ်တာ ကျုပ်အဘို့မယ် မြတ်တယ်လို့ကိုမထင်ဘူး၊ အရှုံးနဲ့ချည်း လုပ်နေရတာဘဲ။ ယခုဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့မှာ ဘာမှထူးထူးခြားခြင်း မရှိဘူး။ ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ဘူး။ ခုခေတ်ရောက်ပြန်တော့ ဒါတွေကိုဝတ်နေရတာဘဲ၊ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့်အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခုဝန်ကြီးအဖြစ်နှင့် လခဘယ်လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က မဆုံးဖြတ်သေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာမဟုတ်ဘူး။ ပိုက်ဆံမရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တင်ထိုင်နေရတာနဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး၊ မျက်စေ့မှိတ်ပီး စွန့်ယူရတာဘဲ။

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ဂုဏ်ကို၊ ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ၊ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။ အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖေါ် လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ် ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဘက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ်နောက်ဆုံးစကား ဆိုလိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ ဇန်နဝါရီလ၊ ၁ရက်နေ့ ည ၇နာရီ၊ မိနစ်၄၀ အချိန်တွင်၊ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့် ဟောပြောချက်များမှ မှတ်သားဖွယ်ရာတချို့

လွတ်လပ်ရေးဆိုတာ တောင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သူများနို့သက်စို့ခံယူတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူး။ မိုးပေါ်က အလိုအလျောက် ကျမလာနိုင်ဘူး။ အမှန်စင်စစ် တော်လှန်ရေး ဆိုတာဘာလဲ။ ကျုပ်အမြင် ပြောရမယ်ဆိုရင် တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး။ လက်ရှိစံနစ်ဟောင်းကို တော်လှန်ပြီး စံနစ်သစ် ဘွားကနဲ ပေါ်ပေါက်လာတာကို ဆိုတာဘဲ။ အဲဒီတော့ တော်လှန်ရေးဆိုတာ တစပ်ထဲဖြစ်နေတာဘဲ။ တချက်တချက်ကျမှ ဘွားကနဲ၊ ဘွားကနဲ၊ အရေအတွက်ကနေပြီး အရည်အချင်း ပြောင်းလွဲမှုကြီးတွေ ဖြစ်တာကို တော်လှန်ရေးလို့ ဆိုတာဘဲ။ ဘာပဲဖြစ်ဖြစ် စတိုက်ခိုက်ချင်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အပင်ပန်းခံပြီး ကျုပ်တို့တစ်တပ်လုံး တိုက်နေတာဟာ လူတစုတည်း ကောင်းစားဘို့လဲ မဟုတ်ဘူး၊ ကျုပ်တို့ ကိုယ်ရေးကိုယ်တာ ကောင်းစားမှုအတွက်လောက်လဲ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ တိုင်းပြည်ကြီး၏ လူထုကောင်းစားရေးကိုသာ ရည်ရွယ်ပြီးတိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၊ ၇ရက်နေ့၊ ညနေ ၆နာရီ၊ ၃၈မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား၊ ဗမာ့အသံမှ ဘတ်ကြားအသံလွှင့်ချက်ထဲမှ မှတ်သားဖွယ်ရာ တချို့

ကျားနှင့် ရင်ဆိုင်တွေ့သည့် အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဗမာ့သေရေး၊ ရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့သည့် အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးတွေကို ရိုးမယ်ဖွဲ့ မနေကြနှင့်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၊ ၁၃ရက်နေ့၊ ညနေ ၇နာရီ၊ မိနစ်၃၀ အချိန်တွင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်မိန့်ခွန်း ထဲမှ မှတ်သားဖွယ်ရာ တချို့

အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေးအတိုက်အခံ သမားတွေကို နှိပ်စက်ညှဉ်းပန်းတာ မလုပ်ဘူး။ စည်းကမ်းမဲ့ တရားလွန် တိုင်းပြည်အကျိုးမယ့် ဆူပူအောင်လုပ်ရင် ကြည့်မနေနိုင်ဘူး။ လူမိုက်လုပ်မည်ကြံတဲ့ ရန်သူတွေကို လူမိုက်နည်းတွေနဲ့ဘဲ ပြန်တိုက်ရမယ်။ လူလိမ္မာလုပ်ပြီး လိမ်မဲ့ ရန်သူတွေကို လူလိမ္မာနည်းတွေနဲ့ဘဲ ပြန်တိုက်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံရေးဘဲ။ နိဗ္ဓာန်ရောက်အောင် လုပ်နေကြတာ မဟုတ်ဘူး။ သို့သော် ငါတို့ကစပြီး မညစ်ပတ်ပါနှင့်၊ မမိုက်ကြပါနှင့် မမှုလောက်တဲ့ နေရာမှာလဲ အရေးမစိုက်နှင့် လျစ်လျူရှုထားကြဘို့ လိုတယ်။ ဘယ်နေရာမဆို စည်းကမ်းသေဝပ်မှုကို အဓိကပြုဘို့အရေးကြီးတယ်။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ မတ်လ၂၁ရက်နေ့၊ ည ၈နာရီ၊ မိနစ် ၃၀အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်ချက်မှ မှတ်သားဖွယ်ရာ တချို့်

ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမှ မလုပ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်ကလူတွေဟာ နစ်နာမယ်။ တောင်သူလယ်သမားတွေဟာ၊ ဗမာပြည်မှာ လူများစုဖြစ်တယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ၊ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ပါလာမယ်၊ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေးမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ခုနှစ်၊ ဧပြီလ၊ ၅ရက်နေ့၊ ညနေ ၆နာရီ၊ ၃၃မိနစ် အချိန်တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိန့်ကြားချက်များမှ တချို့

ခပ်ရှင်းရှင်းပြောရရင်၊ ယနေ့အထိ ကျွန်တော်တို့တတွေရဲ့ လုပ်ပုံ၊ ကိုင်ပုံတွေဟာ ဘာမှကျေနပ်စရာ မရှိသေးဘူး။ အတိအကျဆုံးဖြတ်ဘို့ အရေးကြီးတဲ့အခါ ကျွန်တော်တို့တတွေ၊ တွေဝေနေကြတယ်။ ပြတ်ပြတ်သားသား လုပ်စရာရှိတဲ့အခါ၊ ချီတုံ၊ချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ် ထင်ရာကို မလုပ်ရဲတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ ထင်နေပေစေ၊ ဘယ်သူ ဘယ်လိုထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေတွေးပြီး ယုံတာကတမျိုး၊ လုပ်တာကတမျိုး ဖြစ်ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင်လုပ်ရမယ့် လူတွေနဲ့တော့ ပြဒါးတလမ်း၊ သံတလမ်းဘဲ။ ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်။ ကောင်းမယ်၊ မှန်တယ်ထင်လို့ရှိရင် အသက်စွန့်ရဲတယ်။ ခေါင်းဆောင်ပီပီ ရှေ့ကခေါင်းဆောင်ဟာ မခိုမကပ်ဘဲ လုပ်မယ်ဆိုရင် အောင်မှာဘဲ၊ ကိုယ့်တပ်လုံရင် တခြားက လာမတိုက်နိုင်ဘူး။ ကိုယ့်ကိုယ်ကို မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ နိုင်ငံရေး လုပ်နေကြတဲ့နေရာမယ် အထူးသဖြင့် ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင် မဟုတ်ဘူး။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၃ရက်နေ့တွင် မြို့တော်ခန်းမကြီး၌ မိန့်ကြားသည့် မိန့်ခွန်းများမှ တချို့

ယခုနေခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ်တစ် တွေဖြစ်တယ် (သြဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္ဓ လုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရ ဖြစ်နေတာ၊ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တစ်နေ့မှာ ကျုပ်တို့လဲ မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လည်းဘဲ တနှစ်လောက် ကျုပ်တို့ကိုစောင့်ကြည့်တဲ့ အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးလား၊ ရာဇဝင်မှာ အထင်းခံမယ့် လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိလျှင်၊ ကျုပ်တို့လဲ မလွတ်ကင်းဘူး။ လွတ်လပ်ရေးဆိုတာ ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဘို့ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဘို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ တခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။ ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင်၊ စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာ၊ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်။ စကားခပ်ရိုင်းရိုင်းဆိုရင်၊ အတော့ကို ပြဲအောင်၊ ကြိုးစားမှ၊ လုပ်နိုင်မှ အဲဒါအတော့ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ၊ အနှစ်၂၀လောက် ရှိတဲ့အခါ တော်ကာကျမယ်။ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွှတ်ရေး၊ အဲဒီနှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်၊ လွတ်လပ်ငြားသော်လဲ၊ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲ လို့ ကျွန်တော်ပြောချင်တယ်။

ဗမာစကားလည်း ရှိတယ်။ အင်္ဂလိပ်စကားလည်း ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't follow till you are out of the wood. အရင်တခါလည်း ကျွန်တော် ပြောပြီးပါပြီ။ စစ်ပွဲကြီး အတွင်းက၊ တောကြီးမျက်မဲအတွင်းက မထွက်မိခင်၊ ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ ဆိုတဲ့သဘောဘဲ။ ဒီအတိုင်းဘဲ ကျွန်တော်ကတခါ ခြင်္သေ့မင်းဥပမာကို ပြောရမယ်ယင်၊ ခြင်္သေ့မင်းများဟာ တောကောင်လိုက်တဲ့ နေရာမှာ၊ ကြီးတာ၊ ငယ်တာ ပဓါနမထားဘဲနဲ့၊ ကြီးကြီးငယ်ငယ်၊ လုံ့လစိုက်တဲ့ နေရာမှာ၊ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလိုထုံးအတိုင်းဘဲ၊ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့ ကြိုးစားမှုကို လျော့လို့ မဖြစ်နိုင်ဘူး၊ လုံ့လဝိရိယကို ဆထက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဘို့လိုတယ်။
ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့် တစ်ခုရှိလဲဆိုရင်၊ ဒါကလည်းဘဲ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့ အခါလှေပြိုင်ပွဲ တစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ လှေနှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့ အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကိုနဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့နောက်ကနေတဲ့ လှေကလဲဘဲ ပန်းတိုင်းမရောက်သေးဘူး၊ မကြိုးစားချင်တော့ဘူး၊ ရှုံးတော့မှာပါဘဲကွာ ဆိုပြီး ခြေပစ် လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့် တိုင်းပြည်ထူထောင်တဲ့ နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။

လွတ်လပ်ရေး ရရင်လဲ မြန်မြန်ပြန်ကျွန်ဖြစ်မှာဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့ တိုင်အောင်၊ ခုနလို ဖာသယ် လွတ်လပ်ရေးဖြစ်မှာဘဲ။ ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် တက်တယ်ဘာညာနဲ့ တလွဲဆံပင် ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဘို့ဟာတွေဘဲ၊ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမချတတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာလဲ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာလဲ အသုံးမချဘူး။ ဗမာ၊ ဗမာချင်းချဘို့ပဲ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး၊ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဘို့လိုတယ်။ နောက်ဆုံးတစ်နေ့ ပြီးတဲ့ အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။

ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေးရနိုင်အောင် စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်တဲ့ ညီညွှတ်မှုကို ထိန်းသိမ်းပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ထူထောင်မှုလုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက်၊ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား၊ စံစားချင်တယ် ဆိုရင်၊ အလုပ်လုပ်ကြဘို့၊ စည်းကမ်းရှိကြဘို့၊ ယခုကထဲက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဘို့လို့ဆိုပြီး ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။

အာကာမိုး