ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လာမည့် ၁၉ရက် ကြာသာပတေးနေ့၌ တိုင်းသံဃမဟာနာယက အဖွဲ့မှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန်ကိစ္စ ဆင့်ခေါ်စာပေးပို့...

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် သာဓုပရိယတ္တိ စာသင်တိုက် (ရန်ကုန် ဗုဒ္ဓတက္ကသိုလ်) အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား တိုင်းသံဃမဟာနာယကမှ  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာတဲ့ ပြီးခဲ့တဲ့၁၃ရက် သောကြာနေ့က အကြောင်းကြားစာ ပေးပို့လာပါတယ်.။ ပြည်တွင်း၊ ပြည်ပမှ မေတ္တာရပ်ခံ တောင်းဆိုနေသည့်ကြားမှ အသနားခံစာအား ပယ်ချခဲ့ပြီး လာမယ့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာတော့ ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန် ကိစ္စဆိုပြီး ရွှေညဝါဆရာတော်ကြီး အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပင့်ဖိတ် ဆင့်ခေါ်ထားပါတယ်...။ အပြည်အစုံ အောက်မှာ ဖတ်ကြည့်ပါရန်...။
ယနေ့ကဲ့သို့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများအတွက် နတ်၊လူ သာဓုခေါ် ဝမ်းသာကြည်နှူးမှုနဲ့ အချိန်ကိုက် ရွှေညဝါဆရာတော်အား သံဃမဟာနာယကအဖွဲ့မှ တက်သုတ်ရိုက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ အသွင်သဏ္ဍန် ဆောင်နေတယ်လို့ ယူဆရပါတယ်...။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ထုံးစံနဲ့အညီ ရွှေညဝါဆရာတော်မှ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား အမှားအတွက် ဝန်ချတောင်းပန် အသနားခံစာ တင်သွင်းခဲ့ခြင်းအား ခွင့်မလွှတ်နိုင်ခြင်းမှာ မည်သို့သော အကြောင်း ကြောင့်ဖြစ်သည်ကို ဆုံးဖြတ်ချက်အား တက်သုတ်ရိုက် ဆောင်ရွက်နေသည့် နောက်ကွယ်မှ မည်သည့် တွန်းအားများ၊ ပယောဂများ ရှိနေသည်ကို ဆုံးဖြတ်ချက်ချသူ ဆရာတော်ကြီးများသာ အသိဆုံး ဖြစ်ပါပေလိမ့်မည်...

သို့ပါ၍ ယခုကဲ့သို့ တတိုင်းပြည်လုံး အမျိုးသားပြန်လည် သင့်မြတ်ရေးသို့ ဦးတည်သွားနေသည့် အချိန်၌ ယခုကဲ့သို့ အသနားခံ တောင်းပန်စာအား မကျေအေးပဲ ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့ဖြစ်သော သံဃမဟာနာယကအဖွဲ့မှ လုပ်ဆောင်နေသည့် အဖြစ်သည် အင်မတန် အရုပ်ဆိုး၊ အကျဉ်းတန်သည့် အဖြစ်ဟု ယူဆမိပါသည်...။ ဗုဒ္ဓဘာသာ၏ ထုံးတမ်းစဉ်လာနှင့် ဆန့်ကျင်နေသည်ဟု ယူဆမိပါသည်..။ ရွှေညဝါဆရာတော်ကြီး အရေး၌ ပြည်သူများမှ သံဃမဟာနာယက ဆရာတော်ကြီးများအား ဝိုင်းဝန်း မေတ္တာရပ်ခံ ပေးပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်..။


ပြီးခဲ့တဲ့ သောကြာနေ့က အသနားခံစာအား ပယ်ချစာ..




ဒီဇင်ဘာ ၁၂ရက်နေ့က  နိုင်ငံတော် သံဃမဟာနာယက ၄၇ပါးစုံညီ ထုတ်ပြန်ချက်...

အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။

ဆုံးဖြတ်ချက်....

ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

() နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။

သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။

ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်