ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဝေးရောက်ကုသိုလ်

အဝေးရောက်ကုသိုလ်

မြန်မာနိုင်ငံရှိ ပြည်သူလူထုကို အလုပ်အကြွေးပြုနေသော အနုပညာရှင်များအနက် ဂီတ အနုပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ပြည်ပရှိ မြန်မာပြည်သူ လူထုတို့အား ဖျော်ဖြေပွဲများ ပြုလုပ်ပေးခဲ့ရာတွင် မိမိတို့၏ ဝမ်းရေးအတွက်သာမက ပြည်ပနိုင်ငံများ၏ တိုးတက်မှုများကိုလည်း ဗဟုသုတအဖြစ် များစွာရရှိခဲ့ကြသည်။ ထို့အပြင်မိမိတို့၏ တတ်စွမ်းသော အနုပညာတို့ဖြင့် သွားရောက် ဖျော်ဖြေခဲ့ကြသော eနိုင်ငံများမှ ပြည်တွင်းရှိ မြန်မာပြည်သူလူထုတို့ကို စောင့်ရှောက် ကူညီဖေးမ ပေးလျှက်ရှိသော လူမှုရေး လုပ်ငန်းများအား တစ်နိုင်တစ်ပိုင် လှူဒါန်းလိုက်သော အလှူငွေများကိုလည်း လာရောက်၍ လှူဒါန်းခြင်းကုသိုလ်ကို လုပ်ဆောင်ခဲ့ကြသည်။
၂၅.၁.၂၀၁၂ (ဗုဒ္ဓဟူး)နေ့တွင် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့သည် သြစတေးလျားနိုင်ငံတွင်းရှိ မြန်မာပြည်သူ/သားတို့ကို သွားရောက်ဖျော်ဖြေမှု ပြုလုပ်ခဲ့ရာ Sydney Myanmar Groupနှင့် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့ စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ ကျပ်၂၄၀၀၀၀၀ိ/- (နှစ်ဆယ့်လေးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းမှု ပြုခဲ့သည်။
ထို့ပြင် လွတ်လပ်သော အနုပညာရှင် ကိုဇာဂနာမှလည်း၂၄.၁.၂၀၁၂ (အင်္ဂါနေ့)တွင် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာကာစင်္ကာပူနိုင်ငံရှိ ရဲရင့်ပို့ဆောင်ရေး (မိသားစု)မှတစ်ဆင့် လှူဒါန်းလိုက်သောစင်္ကာပူ $200၊စင်္ကာပူနိုင်ငံရှိဦးသန်းလွင် (မိသားစု)မှ လှူဒါန်းသောစင်္ကာပူ $100နှင့် စင်္ကာပူနိုင်ငံရှိ ကိုတင်မောင်ဆွေ၊ ကိုသက်နောင် (ရသအလင်းဖောင်ဒေးရှင်း)မှ စင်္ကာပူ $500 တို့အားမအားမလပ်သည့် ကြားမှ လာရောက်၍ လှူဒါန်းမှုကို ပြုခဲ့ကြသည်။

ထို့ကြောင့် “တစ်ဦးနှင့်တစ်ဦးမည်မျှပင် ဝေးကွာစေကာမူ နှလုံးသားခြင်းနီးနီးလေးရှိဖို့လိုတယ်” ဟူသောစကားအတိုင်း မြန်မာပြည်ဘွား မြန်မာတိုင်းရင်းသားများသည် မည်မျှပင် မိုင်ပေါင်း ကွာဝေးကြသည်ဖြစ်စေ သွေးကစကားပြောသည့်အတိုင်း တစ်ဦး၏ ဒုက္ခအခက်အခဲများကို တစ်ဦးမှ စာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီဖေးမ လှူဒါန်းမူများတို့ကို ပြုလုပ်ခြင်းအပေါ်သာဓု …သာဓု… သာဓုဟု ခေါ်ဆိုလိုက်ရပါသည်။