ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဏာရှင်က နန်းတော်ပေါ်ရောက် ပြည်သူတွေက အမှိုက်ပုံပေါ်ရောက်နေတယ်


အာဏာရှင်က နန်းတော်ပေါ်ရောက် ပြည်သူတွေက အမှိုက်ပုံပေါ်ရောက်နေတယ်

အထက်က စာသားကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်သောပါက မဲဆောက်အမှိုက်ပုံမှာ ဆင်းရဲချို့တဲ့စွာနေထိုင် စားသောက်နေရတဲ့ မြန်မာပြည်သားတွေ အတွက်ရည်ညွှန်းပြောဆိုလိုက်တဲ့ စကားလေးပါ...

ပြီးခဲ့တဲ့ လက မဲဆောက်မြို့ကို ပထမဦးဆုံး အကြိမ် ရောက်ခဲ့ပါတယ်။ ရောက်ပြီး နောက်တနေ့မှာပါပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက တာဝန်ခံဆရာတော် အရှင်သောပါကနဲ့ အတူမဲဆောက်ကနေ မိနစ်(၂၀)ကျော်လောက် ကားနဲ့သွားရတဲ့ ကောင်းကင်ပြာကျောင်းနဲ့ မဲဆောက်အမှိုက်ပုံကို ရောက်ခဲ့ပါတယ်……။ မဲဆောက်မြို့အမှိုက်ပုံက မြန်မာပြည်သားတွေရဲ့ ဘဝကို ရင်နင့်ဖွယ် တွေ့ခဲ့ရပါတယ်။

ဆရာတော်ဦးဆောင်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စု၊ ဂျပန်နိုင်ငံသူတစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးပါ ပါလာကြတယ်။ ကောင်းကင်ပြာကျောင်းမှာ ကလေးတွေကို အသင့်ဝယ်လာတဲ့ မုန့်တွေလှူဖြစ်ခဲ့တယ်။ တိုင်းတပါးမှာ စံနစ်ဆိုးရဲ့ သားကောင် ဖြစ်နေရတဲ့ အနာဂတ်ရဲ့ ကလေးငယ်တွေကို ချို့ချို့တဲ့တဲ့နဲ့မြင်ရလို့ အထူးစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံတွင်းမှာ ဒီလိုဆင်းရဲနွမ်းပါးစွာနဲ့ ချို့ချို့တဲ့တဲ့နဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ… စစ်အာဏာရှင်စံနစ်အောက် ကျွန်တော်တို့နိုင်ငံမှာ ကလေးငယ်တွေ လူငယ်တွေဟာ အနာဂတ်ပျောက် နေပြီလား… နောင်တစ်ချိန် နိုင်ငံထူထောင်တဲ့ အခါမှာ ဖြစ်ပေါ်လာမယ့် ပြသနာပေါင်းများစွာ အတွက်ရင်လေးမိပါတယ်။…

ပြီးတော့ ကျွန်တော်တို့အဖွဲ့ ကျောင်းနဲ့ကပ်လျှက်က အမှိုက်ပုံ ရောက်ခဲ့ကြတယ်… မိတ်ဆွေတွေနဲ့ အတူအမှိုက်ပုံက မြန်မာမိသားစုတွေ အတွက်မှုန့်တွေ၊ ခြင်ထောင်တွေ လှူဖြစ်ခဲ့တယ်။ ဂျပန်ကလှူလိုက်တဲ့ လက်အိတ်တွေပါ လှူဖြစ်ခဲ့ကြတယ်..။

“ ဒီမှာနေထိုင်ကြတာ အိမ်ထောင်စုက(၇၈)စု လူဦးရေ (၂၈၀) အများစုကတော့ အထဲမှာ ပေါ်တာဆွဲတာ အခွန်ပေးရတာတွေကြောင့် မနေနိုင်လို့ ထွက်ပြေးလာကြတာများပါတယ်….” အရှင်သောပါကက ပြောပြပါတယ်။
ဆရာတော်ကို ဒီကလူတွေ အထူးလေးစားကြပါတယ်။ နေထိုင်သူတွေရဲ့ နာမည်ကအစ ဆရာတော်ကသိနေပြီလေ… ။ သူတို့ရဲ့ လိုအပ်ချက်တွေ ဘဝအမောတွေ အတွက်ဆရာတော်ကို အားကိုးကြရှာတယ်လေ။ အမှိုက်ပုံမှာ နေကြရတဲ့ မိသားစုတွေရဲ့ ဘဝက အင်မတန်မှ စိတ်မကောင်းစရာပါပဲ.. အမှိုက်ပုံကို ရောက်လာရတဲ့ မိသားစုတွေမှာ နောက်ခံဇာတ်လမ်းလေးတွေ ကိုယ်ဆီရှိကြပါတယ်….။

အသက်(၆၀)ကျော် အဘိုးအိုလင်မယား ပြောပြတာကတော့ “ ဦးတို့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် ကတည်းကရောက်လာတာပါ..အသက်(၆၀)ကျော် အဘိုးအိုလင်မယား ပြောပြတာကတော့ ဦးတို့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် ကတည်းကရောက်လာတာပါ.. အထဲမှာ ပေါ်တာဆွဲခံရ၊ ဆပ်ကြေးပေးရနဲ့ ညဆိုလည်း ကောင်းကောင်းမအိပ်ရဘူးလေ ဒါကြောင့်ထွက်လာရတာ….. အဲ့ဒီတုန်းက ဒီအမှိုက်ပုံမှာ လူဦးရေ ဒီလောက်မများသေးဘူး အခုတော့ လူဦးရေများလာလို့ လုပ်ရကိုင်ရတာ သိပ်မကောင်းတော့ဘူးပေါ့ … နောက်ထိုင်းရဲကလည်း တစ်နှစ်ကို၂ခါလောက် ဒီကအိမ်တွေကို လာဖျက်သေးတယ်လေ…” သူရဲ့ခံစားချက်ကို လာပြောပြသွားပါသေးတယ်။

နှစ်စဉ်လျော့မသွားပဲ တိုးပွားလာနေတဲ့ မိသားစုအရေအတွက် ကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်မှာ ဘယ်လောက်တောင် အခြေအနေဆိုး ဒုက္ခရောက်နေကြတယ် …. ဆိုတာခန့်မှန်းနိုင်ပါတယ်။

နေထိုင်ရတဲ့ အိမ်ဆိုတာလည်း နာမည်ပဲရှိတယ်လေ .. ခိုင်ခိုင်ခံ့ခံ့လည်း မဆောက်နိုင် ဒီကြားထဲ ထိုင်းအာဏာပိုင်တွေကလည်း လာဖျက်သေးတာကိုး….။ အမှိုက်ပုံ အဝင်ဝမှာ စိမ်းစိမ်းစိုစိုနဲ့ ရေကန်ကြီးရှိပေမယ့် အမှိုက်ပုံကလာတဲ့ ရေတွေဆိုတော့ ရေတွေက သုံးလို့မရဘူးလေ.. ။ ဒီရေတွေကိုပဲ လျှော်ဖွတ် အသုံးပြုနေတာ တွေ့ခဲ့ရတယ်။ လူဦးရေ(၂၈၀)အတွက် ရေတွင်း သေးသေးတစ်ခုပဲရှိတာပါ။

အနံ့အသက်တွေ ဆိုးရွားပြီး ရေရှည်ကျန်းမာရေးအတွက် ဘယ်လိုမှ မသင့်တော်တဲ့ နေရာမှာကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ နေထိုင်လုပ်ကိုင် စားသောက်နေရတာပါ။ ဒီလူတွေဟာငါတို့ ပြည်သူပြည်သားတွေ ပါလားလို့ စဉ်းစားမိတဲ့ အခါအင်မတန်မှ စိတ်မချမ်းမသာ ဖြစ်ရပါတယ်…. ကျွန်တော်တို့ လှူဒါန်းပေးကမ်းတယ် ဆိုတာယာယီ ခဏအဆင်ပြေစေမှုပဲ ဖြစ်စေတာပါ….. ဒီခေတ်စံနစ်ဆိုးကြီးကို မပြောင်းလဲနိုင် သရွေ့ကတော့ ဒီထက်ဆိုးတဲ့ အခြေအနေတွေကိုပဲ ပြည်သူတွေ ရင်ဆိုင်ကြရမှာပါ…။

အပြစ်မဲ့တဲ့ ကလေးတွေယာ စံနစ်ဆိုးရဲ့ သားကောင်ဖြစ်နေရတာပါ…. လက်တဆုပ်စာ အာဏာရှုးတွေကြောင့် ကိုယ့်မြေကိုယ့်ဒေသမှာ မနေနိုင်ပဲ တိုင်းတပါးမှာ လာရောက်ခိုလှုံနေရတာပါ။ မည်သည့်နိုင်ငံသားမဆို ကိုယ့်ပြည်ကိုယ့်မြေ ကိုယ့်ဒေသကို အချစ်ဆုံးပါပဲ။ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်မြေ ကိုယ့်ဒေသကို ခွဲလာရပေမယ့်… ကိုယ့်ပြည် ကိုယ့်ဒေသကိုတော့ လွမ်းဆွတ် တမ်းတနေတတ်ကြပါတယ်။













" အားလုံး အများနဲ့ အတူ တန်းတူဘ၀တွေ ပြန်ရစေချင်တယ်။ လူတွေက သူတို့ကို လူသားတွေအဖြစ် ပြန်အသိအမှတ်ပြုစေချင်တယ်။ လေကောင်းလေသန့်လေးနဲ့ ဘ၀ကို ပျော်ပျော်ပါးပါး ဖြတ်သန်းစေချင်ပါတယ်။ သူတို့တွေဟာ မဲဆောက်ြမို့ပေါ်တောင် မရောက်ဖူးကြဘူး မဲဆောက်မြို့လေးပေါ် တက်ကြည့်စေချင်ပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် အာဏာရှင်က နန်းတော်ပေါ်ရောက် ပြည်သူတွေက အမှိုက်ပုံပေါ်ရောက်နေတယ်ဆိုတဲ့ သက်သေပါပဲ”
ဆရာတော်အရှင်သောပါက ကမိန့်ကြားသွားပါတယ်။

အပြန်ကားပေါ်မှာတော့ အတွေးတွေ ကိုယ်စီနဲ့ပါ။ စံနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ရတဲ့ ကလေးတွေ ပြည်သူတွေအတွက် ကိုယ်တတ်နိုင်တာလေးတွေကို ဝိုင်းဝန်းလုပ်ဆောင်ကြရမှာပါ..။ အဓိကကတော့ စံနစ်ဆိုးကြီးကို မပြောင်းနိုင်သရွေ့တော့ ဒီလိုပြသနာတွေဟာ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။ အခုလိုနေထိုင်စားသောက် နေရတဲ့ တိုင်းရင်သား ပြည်သူလူထုရဲ့ ဒုက္ခတွေဟာ နိုင်ငံတွင်းမှာရော နယ်စပ်ဒေသနေရာ အနှံအပြားမှာ ဖြစ်ပျက်နေတာပါ။ ကျွန်တော်တို့ ပြည်သူလူထုတွေ ငြိမ်းချမ်းသာယာမယ့် တန်းတူ လူ့အခွင့်အရေး အပြည့်အဝရရှိမယ့် ဘဝအာမခံချက်ရရှိမယ့် စံနစ်တခုအတွက် ကျွန်တော်တို့တွေ လက်တွဲကြိုးစားလုပ်ဆောင် ကြပါစို့…။….။