ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

အများပြည်သူ သာဓုခေါ်ဆိုနိုင်စေသော်

အများပြည်သူ (ပြည်တွင်း ပြည်ပ)မှ လှူဒါန်းထားသော အလှူငွေများဖြင့် အများပြည်သူ အတွက် ရေတွင်း (အ၀ီစိတွင်း) တူးဖော်ပေးခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်း၊ ရေစုပ်စက် မော်တာများ တပ်ဆင်ပေးခြင်း တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လက်ဆင့်ကမ်း ကုသိုလ်ယူ လုပ်ဆောင်ပေးခဲ့ရာ ယခုဆိုလျှင် ပြည်မြို့နယ်ရှိ ရေဒုက္ခကျရောက်နေသော ဇီးကုန်းလေးကျေးရွာ၊ မကျည်းစုကျေးရွာ၊ သက်ကယ်ချင်း ကုန်းကျေးရွာ တို့တွင် ရေရှည်စီမံကိန်းဖြစ်သော ရေကုသိုလ်လုပ်ငန်းကို အကောင်အထည်ဖော် ပြီးစီးသွားပြီ ဖြစ်ပါ၍ အများပြည်သူအပေါင်းတို့မှ သာဓု ခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။

ဆက်လက်၍ ဒလမြို့နယ်၊ ပဲခူးမြို့နယ်၊ ပြည်မြို့နယ် စသည့် ရေဒုက္ခသည်များထံသို့ ရေရှည် ကုသိုလ်အလုပ်မျိုးဖြစ်သော အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်းတို့ကို နယ်ခံ ပရဟိတ လူမှုရေးမျိုးဆက်သစ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းကာ ဆက်လက်၍ လုပ်ဆောင် ပေးဆပ်လျှက်ရှိပါသည်။ မိုးကျပြီဖြစ်၍ အ၀ီစိ တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက် ပေးခြင်းတို့အတွက် ရေတူး စက်ကိရိယာများ၊ အုတ်ရေကန် တည်ဆောက်ရန် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသဖြင့် ကုန်ကြမ်းများအား အချို့ဒေသများကို သယ်ဆောင် သွားလာရာတွင် ကုန်းလမ်းခရီးဖြင့် မသွားနိုင်တော့ချေ။ ရေလမ်းခရီးကို လှေဖြင့် ခဲရာခဲဆစ် ကုန်ကြမ်း ပစ္စည်းများကို သယ်ယူ ပို့ဆောင် တူးဖော် တည်ဆောက်ပေးခြင်းတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် တက်နိုင်သလောက် စွမ်းအား ဥာဏ်အား ၀ီရိယအားတို့ဖြင့် ပေးဆပ်လျှက် ရှိပါသည်။


၂၀၁၀ လူမှုရေး တတိယခြေလှမ်း

၃/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသား အသစ်များအား ၁၇ - ၆ - ၂၀၁၀ (ကြာသပတေးနေ့)တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ အသင်း၏ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ပြန်ကြားရေးဌာနမှ ဒေါ်မေဇွန်ဦး တို့မှ သင်ကြားပေးခဲ့ပါသည်။ ယင်း သင်တန်းအား (၁) လ တိတိ ပို့ချမည် ဖြစ်ပြီး၊ နောက် ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် (ဓါတ်ပုံသင်တန်း)နှင့် သရုပ်ဆောင်သင်တန်း (လူမှုဆက်ဆံရေးသင်တန်း)ကို ဆက်လက် တက်ရောက်ရမည် ဖြစ်ပါသည်။


၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသင်တန်းသည် ယခုဆိုလျှင် တတိယမြောက်သင်တန်းဖြစ်ပါသည်။ ဤကဲ့သို့ သင်တန်းများ ပို့ချသင်ကြား ပေးခြင်းသည် နာရေးကူညီမှု လူမှုရေးလုပ်ငန်းရပ် တစ်ခုတင်မက ပြည်သူလူထု လိုအပ်မှုများကို ဖြည့်ဆည်း ပံ့ပိုး ကူညီမှုများ လုပ်နိုင်ရန် အတွက်၎င်း၊ လူမှုဆက်ဆံရေး ယဉ်ကျေးသိမ်မွေ့စေရန် ၄င်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး သီလလုံခြုံသော အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြ ပို့ချပေးခြင်း ဖြစ်သည်။

ယင်း သင်တန်းတွင် မျိုးဆက်သစ် သင်တန်းသူ/သားများမှ မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးခြင်း၊ ပြည်သူလူထုအပေါ် ပေးဆပ်မှုများ ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ မိမိတို့၏ ခံစားချက်များ ဆန္ဒများအား တစ်ဦးချင်း ဖော်ထုတ် ပြောကြားခဲ့ကြပါသည်။


ပေးပို့ပေးတဲ့ အကိုကြီး ကျော်သူအား ကျေးဇူးတင်ပါသည်။