ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လွတ်မြောက်သောနေ့...

လွတ်မြောက်သောနေ့
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မရွေးတို့၏ နာရေးကိစ္စများကို (အခမဲ့) ဆောင်ရွက်ပေးနေသည်နှင့်အညီ ဘ၀တစ်ပါးသို့ ပြောင်းသွားပြီးနောက် မကျွတ်မလွတ်သေးသော ဝေနေယျသတ္တ၀ါအပေါင်းတို့အား ကျွတ်ရန်လွတ်ရန် ရည်ရွယ်၍ ကုသိုလ်ကောင်းမှုဖြစ်သော အကျွတ် အလွတ်ပွဲများကိုပါ နှစ်စဉ်ကျင်းပခဲ့သည်။ ယနေ့ ၁၂.၁၀.၂၀၁၁ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ် လပြည့်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အကျွတ်အလွတ်အဓိဋ္ဌာန် (၉) ရက်မြောက် ပြီးဆုံး အောင်မြင်သောနေ့တွင် စုပေါင်းအမျှဝေခြင်း၊ ဆီမီးပူဇော်ခြင်း၊ မီးပုံပျံများလွှတ်ခြင်းနှင့် ရှမ်းအိုးစည် ဓါးသိုင်းအကတို့ဖြင့် အောင်ပွဲကျင်းပခဲ့သည်။
အကျွတ်အလွတ် အဓိဋ္ဌာန်ကျင့်စဉ်သည် (၃၁) ဘုံ၌ မကျွတ်မလွတ်သေးသော သတ္တ၀ါအပေါင်းတို့ အား ကျွတ်ရန်လွတ်ရန် စိတ်ရည်သန်၍ ကုသိုလ်ဖြစ် ကျင့်ကြံအားထုတ်ရသော ကျင့်စဉ်ဖြစ်သည်။ မိမိ အဓိဋ္ဌာန်ဝင်သော သက်ဆိုင်ရာစေတီပုထိုးများတွင် သွားရောက်ကျင့်ကြံအားထုတ်ပြီး (၉) ရက်မြောက်နေ့ တွင် ပြီးဆုံး၍ မိမိကျင့်ကြံအားထုတ်မှုကြောင့် ရရှိခဲ့သော ကောင်းမှုကုသိုလ်အစုစုတို့ကို (၃၁) ဘုံသား အပေါင်းတို့အား စုပေါင်းအမျှပေးဝေခြင်းဖြစ်သည်။ ၁၂.၁၀.၂၀၁၁ နေ့တွင် (၉) ရက်မြောက် အကျွတ် အလွတ်အဓိဋ္ဌာန် ပြီးဆုံးခြင်းအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စုပေါင်းအမျှဝေပွဲ ကျင်းပကာ ညနေပိုင်းတွင် သက်သတ်လွတ် ထမင်းသုတ်ဖြင့် ကျွေးမွေး၍ တာဝတိံသာ နတ်ပြည်မှာ ကြွမြန်းလာသော မြတ်စွာဘုရားရှင်အားရည်စူး၍ ဆီမီးခွက်များဖြင့် ပူဇော်ကန်တော့ခြင်း၊ မီးပုံးပျံများဖြင့် လွှတ်တင်ပူဇော် ခြင်း၊ မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်းတို့အပြင် OK သျှမ်းအိုးစည် ကုသိုလ်ဖြစ်သာသနာပြုအဖွဲ့မှလည်း လာရောက်၍ မီးတုတ်သိုင်းအက၊ ရှမ်းဓါးသိုင်းအက၊ ရှမ်းအိုးစည်တီး၍ အောင်စည် အောင်မောင်းတီး၍ အဓိဋ္ဌာန်အောင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် အကျွတ်အလွတ် အဓိဋ္ဌာန်အောင်ပွဲ ပြီးဆုံးသည့်နေ့ရက်သည် သီတင်းကျွတ် လပြည့်နေ့မြတ် ဖြစ်သည့်အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလိုက်သောနေ့ရက်နှင့် တစ်ထပ်တည်း ဖြစ်နေခဲ့သည့်အတွက် မကျွတ်မလွတ် သော (၃၁) ဘုံသားများအပြင် သက်ရှိထင်ရှား အကျဉ်းကျခံလူသားများအတွက်ပါ လွတ်မြောက်ရသော နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်တော့သည်။