ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သုံးခွမြို့နယ်မှ အဖွဲ့ချုပ်လူငယ် တာဝန်ခံ ကိုနိုင်ဝင်း သေဆုံးမှုသတင်း..

၎ရက်၊ အောက်တိုဘာ၊ ၂၀၁၁ခုနှစ်

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ အဘဦးချစ်ဦး+ အမိဒေါ်သန်းဦးတို့၏ သားဖြစ်သူ ယခုသုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲ ဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။ ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှ သုံးခွမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုဝင်းဇော်(ခ)ကိုတွတ်ပီထံသို့ ကိုနိုင်ဝင်းသေပြီဟု လာရောက် ပြောပါသည်။ ခေါင်းမှာလည်း ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေဆုံးနေတယ်လို့ ပြောပါတယ် လူငယ်တာဝန်ခံမှ လိုက်ကြည့်သည့်အခါ ကိုနိုင်ဝင်းအား မှောက်ရပ် အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်တွင် သေဆုံးနေသည်ကို တွေ့ရပါသည်။ မျက်နှာမှာ ရွံ့ဗွက်ထဲတွင် မှောက်ရက်ဖြစ်နေပြီး နောက်စေ့တွင် တုတ်နှင့်ရိုက်ထားသည့် ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခါ မျက်နှာဖူးရောင် ကိုင်းနေပါသည်။ နှာခေါင်းရိုးကျိုးပြီး သွေးတွေလည်း ထွက်နေပါသည်။ ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မယုံကြည်နိုင်လောက်အောင် ယူကြုံးမရ ဖြစ်ခဲ့ရပါသည်။

မနေ့က ၃ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း မြိုနယ်လူငယ်များ စုံညီအစည်းအဝေးကို သေဆုံးသူနှင့် ကိုဝင်းဇော်တို့ တက်ခဲ့ပါသေးသည်။ ညဘက်မှ လမ်းခွဲခဲ့ခြင်း ဖြစ်ပါသည်။ ကိုနိုင်ဝင်းအား သတ်သွားသည့် တရားခံမှာ (၉)ရပ်ကွက်တွင် နေထိုင်သူ အမှတ်(၈) မှော်ဘီရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲတပ်သား ဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။

တရားခံဖြစ်သူ ဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။ ရဲတပ်ရင်းဝင်ပြီး နောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီး နောက်ပိုင်း တွေ့ရှိကြခြင်း ဖြစ်ပါသည်။ ရဲတပ်သား ဇင်မင်းထွန်းမှာ အရက် အလွန်အကျွံ သောက်ထားသည်ဟု သိရှိရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ရဲတပ်သားဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံသည် ဟုလည်း သိရပါသည်။ ညပိုင်းအဖြစ်အပျက်များကို အဆိုပါရဲတပ်သားမှ ခံဝန်ချက် ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့ သေဆုံးသည်ကို မသိရှိရသေးပါ။