ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (၂) 
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အဲဒီတော့ မြစ်ဆုံရေကာတာကြီး အကြောင်း ၀န်ကြီးဇော်မင်းက ကချင်လူထုအတွက် ဘယ်လောက် အကျိုးအမြတ်တွေရမယ်နဲ့ မိုးလားကဲလားပြောခဲ့တယ်။ အခုမြစ်ဆုံကို သမ္မတကြီးက ရပ်လိုက်တော့ တရုတ်က မြစ်ဆုံဆည်လက်မှတ်ထိုးရလို့ သန်းရွှေကို ဒေါ်လာသန်း-၅၀၀၀- အတိုးသက်သက်သာသာနဲ့ ချေးလိုက်ပါတယ် လုပ်လာတော့ ဘယ်မလဲ ကချင်လူထုအတွက်။

အချိန်မရွေးပြိုပြီး လူတွေ တပြုံကြီးသေနိုင်တဲ့ ရေကာတာကြီး အောက်နေရပြီး ဗမာစစ်တပ်ယူထားတဲ့ အကြွေးတွေကို နှစ်ပေါင်း ၅၀-လောက်ဆပ် ကချင်တွေ ကဆပ်ရမှာ။ စစ်သားလုပ်ပြီး ဗလောင်းဗလဲ လိမ်ဖြီးတယ်။ အခုဘဲ ဘာမှမကြီးတဲ့ ချောင်းလေးကို ဆည်ထားတဲ့ ပခုက္ကူက ရေတမံလေး ရေဖေါက်ချတာနဲ့ လူတွေရာကျော် သေကျေကြရပြီ။ မြစ်ဆုံသာကျိုးလိုက်လို့ကတော့ တွေးတောင်မတွေးဝံ့ပါဘူး။

ရလာတဲ့ အကျိုးအမြတ်ကိုတော့ ဗမာက အကုန်ယူ။ ယူတာမှ ကြိုတင် တောင်းယူထားလိုက်ပြီ ဆိုတော့ ဘယ်မလဲ ညီရင်းအကိုဆိုတာ။ ကချင်လူထုအမှာ နေ့တဓူဝ အကြောက်တရားနဲ့ နေနေကြရမှာ။  သူကိုယ်တိုင်ကတော့ နိုင်ငံတကာတပ်တွေ လာစရာအကြောင်း မရှိတာကို လှိုဏ်ခေါင်းတွေဖိတူးပြီး လုံခြုံရေးတဲ့။ ဒါတောင် ရုရှားနဲ့က မြေအောက်ရထားလမ်း ဖေါက်ဖို့ ကြံသေးတာ။ ဘတ်ဂျက်ကုန်နေလို့။

လောလောဆယ် အဲဒီချေးထားတဲ့ငွေနဲ့ ကချင်တပ်ကို တိုက်ဖို့ လက်နက်ဖိုး ပေးချေနေတာဘဲ အဖတ်တင်နေပါတယ်။ ကချင်လူထု အသက်တွေကိုရင်း ကချင်လူထု အမြတ်တနိုးထားတဲ့နေရာကို ထိုးကြွေးပြီး ရတဲ့ငွေ ကိုကြိုယူလိုက်ပြီး ကချင်ကိုထိုးစစ်ဆင်ဖို့ လက်နက်ဝယ်တယ် ဆိုတော့ သိပ်မတရားတော့ဘူး။ တကယ်က လက်မှတ်ထိုးတာက ၂၀၀၉- ဒီဇင်ဘာလကုန်။ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ အစိုးရသစ်တရပ် ပေါ်လာတော့မှာပါ။ ဒါကိုတရုတ်က သန်းရွှေကို ဒေါ်လာသန်း-၅၀၀၀-လာဘ်ထိုးပြီး ပွဲလန့်တုန်း ဖျာခင်းလုပ်ချလိုက်တာ သက်သက်ပါ။

နောက်အစိုးရသစ်ဟာ ဖက်ဒရယ်မူကို မျက်ကွယ်ပြုလို့ မရနိုင်တော့ဘူး  ဖက်ဒရယ် လုပ်နည်းလုပ်ဟန် အရ ပြည်နယ်တစ်ခုက ထွက်ရှိတဲ့ သယံဇာတကို အဲဒီပြည်နယ်အတွက် ရာခိုင်နှုန်းတစ်ခု (ညှိနိုင်းဆွေးနွေးမှု နှုန်ထားတခုပေါ့)နဲ့ ပြည်နယ်လူထု အကျိုးအတွက် သီးသန့် ပေးအပ်ရပါမယ်။ အဲဒီလိုပြည်နယ်တွေရဲ့ သယံ ဇာတ ခံစားခွင့်ကို ပေးမထားရင် အဲဒါပြည်ထောင်စု ပြိုကွဲရေးကို တချိန်ချိန်မှာ ရောက်သွား စေနိုင်ပါတယ်။ ဘော့စနီးယား အရေးအခင်းဟာ ပြည်နယ်တွေရဲ့ သံယံဇာတကို ဆာ့ဘ် လူမျိုးတွေ လက်ဝါးကြီးအုပ်တာက အဓိက အကြောင်းရင်း တစ်ခုဖြစ်ခဲ့ပါတယ်။ မီးထတောက်တာကတော့ ခရိုအေးရှားကို အလှည့်ကျသမ္မတ ပေးရမယ့် အလှည့်ကို မပေးရာကနေ စတင်သွားတာပါ။
ဥပမာ အခုရခိုင်ကထွက်တဲ့ ရွှေဂတ်စ်ဆိုရင် ရခိုင်လူထုအတွက် ၀င်ငွေတင်မဟုတ် ရခိုင်လူထု သုံးစွဲဖို့  သီးသန့် ပေးထားရပါမယ်။ ဒါသန်းရွှေမိဘ ဘိုးဘွားပိုင် ပစ္စည်းမဟုတ်ဘူး။ သူထင်သလို လုပ်ခွင့်မရှိဘူး။ တရုတ်ကဒါကို အလေးမထားရင် ရခိုင်တွေကလည်း မကြာခင်တစ်ချိန်မှာ တရုတ်နဲ့  စကားပြောစရာ ဥပမာ စာချုပ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချင်တာ ရှိလာရင် စကားကို မပြောကြေး လုပ်ထားရပါမယ်။ နှစ်ကုန်လို့ စာချုပ်ပြည့်ရင် သွား... စာချုပ်ထပ်မတိုးကြေး လုပ်ထားရမယ်။ မြန်မာပြည်ထဲမှာ တရုတ်တွေ ဥပဒေဖေါက်ဖျက်ရင် ပြတ်ပြတ်သားသား ဖမ်းထောင်ချ လုပ်ပေးရမယ်။ ဘာမှညှာနေစရာ မလိုပါဘူး။

အခုတရုတ်က သန်းရွှေကို ချေးလိုက်တဲ့ ဒေါ်လာသန်း-၅၀၀၀-စကားပြောလာတယ်။ အဲဒါကိုသမ္မတကြီးက အခုရှင်းရပါမယ်။ ဒီငွေတွေ ဘယ်ရောက်နေလဲ ဘယ်မှာသုံးထားလဲ စာရင်းပြခိုင်းရပါမယ်။ စာရင်းကို ပြည်သူလူထု ကိုချမပြဘဲ သမ္မတကြီး ဒီငွေတွေကို တိုးတိုးတိတ်တိတ် ပြန်ရှင်းခွင့် ဆပ်ခွင့်မရှိပါဘူး။  အခုရှင်းမှ ဒီလောက်ပမာဏ ကြီးမားတဲ့ငွေတွေ ဘယ်ရောက်ကုန်တယ် လိုက်နိုင်ပါမယ်။ တကယ်က ကျနော်တို့ ဘာမှတောင် ရှင်းနေစရာမလိုပါဘူး။ ပြည်သူကို ချေးလိုက်တာလဲ မဟုတ် ပြည်သူကိုလဲ အသိပေးထားတာ မဟုတ်ပါဘူး။

နောက် တရုတ်က မြစ်ဆုံကနေ ထွက်ရှိတဲ့လျှပ်စစ်ကို ၀ယ်တဲ့နှုန်းထားက အတော်လေး နည်းနေပါတယ်။ တနှစ်ကိုလျှပ်စစ် ကီလိုဝပ်(နာရီ) သန်းပေါင်း (၃၀၀၀၀-) လောက်ကိုမှ ဒေါက်တာသန်းထွဋ်အောင် တွက်ပြသလိုဆိုရင် တစ်နှစ်မှာမှ ဒေါ်လာ-သန်း-၃၀၀- ဘဲရမယ်ဆိုတော့ သိပ်နည်းနေပါတယ်။ ၁၉၉၁-ခုနှစ်က ထိုင်းက တာဆန်း ရေကာတာအတွက် ကမ်းလှမ်းတဲ့ လျှပ်စစ်ဈေးနှုန်းက (ထွက်ရှိတဲ့ မီဂါဝပ်ချင်း ပမာဏက-၆၀၀၀-အတူတူ)ကို တစ်နှစ်ကို ဒေါ်လာသန်း-၇၀၀- (၁၉၉၁-ခုနှစ်က ဈေးနှုန်းနော်) အထက်ရှိပါတယ်။ တာဆန်း ရေကာတာကြီး စလည်တာနဲ့ ၁၂-နစ်အတွင်း ဆည်တည်ဆောက်ထားတဲ့ ကုန်ကျစားရိတ်တွေ ပြန်ကျေပြီး ဖြစ်နေပါတယ်။ တာဆန်းရေကာတာ ကုန်ကျစားရိတ်က ဒေါ်လာ.သန်း၇၀၀၀-လို့ တွက်ထားပါတယ်။ မြစ်ဆုံက-၃၆၀၀- အဲဒါတော့ဘယ်လိုကြောင့် ကွာနေတယ် မသိဘူး။

တစ်ခုတော့ရှိတယ်။ တာဆန်းရေကာတာကို ဂျပန်နဲ့ ဂျာမဏီက နည်းပညာနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ စက်တွေက ဂျာမဏီကစက်တွေ ဖြစ်ပါတယ်။ တရုတ်ပြည် ရှန်ဇီိမြစ် ရေကာတာကြီးကို ဂျာမဏီက PHILLIP HOFFMAN (ဥရောပရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္မဏီကြီး) နဲ့တည်ဆောက်ပြီး စက်ပိုင်းကို SEIMENN စက်တွေ တပ်ဆင်ထားပါတယ်။ အဲဒီဆောက်လုပ်ရေး ကုမ္မဏီကြီးဟာ တရုတ်မှာ ဆောက်လို့ မပြီးခင်မှာတင် ဒေ၀ါလီခံသွားရပါတယ်။

ဒါကို ၁၉၉၁ အဲဒီအချိန်က ကမ္ဘာ့ရေနံ တစ်စည်ဈေးနှုန်က ၁၇-ဒေါ်လာဘဲ ရှိပါသေးတယ်။ အခု ရေနံစိမ်း တစည်ပေါက်ဈေးက တစ်ပေပါကို ဒေါ်လာ-၇၀-အထက်မှာဘဲ ရှိတော့ပါတယ်။ တခါတခါ ဒေါ်လာ၁၀၀ရာတောင် ကျော်နေပါတယ်။ ထိုင်းက အဲဒီတုန်းက ကမ်းလှမ်းတဲ့ လျှပ်စစ်ဝယ်ဈေးနှုန်းက (တစ်မီဂါဝပ်/တနှစ်) အတွက် ဒေါ်လာ (သုံးသိန်း) နှုန်းဆိုတာတော့ မှတ်မိပါတယ်။ တနည်း မီတာတစ်ယူနစ်ကို ဒေါ်လာ-(၃-ပြားပေါ့)။ အဲဒီအချိန်တွေက အိမ်တွေကို တစ်ယူနစ်ကို (ဒေါ်လာ- ၈-ပြား) လောက် ကောက်နေချိန်ပေါ့။ နိုင်ငံတကာဈေးနှုန်းပေါ့။ အခု ဆစ်ဒနီမှာဆို တစ်ယူနစ်ကို ပြား-၂၂ (ပျှမ်းမျှ) ကောက်နေချိန်မှာ တရုတ်က ပေးတဲ့ဈေးနှုန်းက  (၁၉၉၁)က ထိုင်းကကမ်းလှမ်းတဲ့ ဈေးထက်တောင် ပိုနည်းတာ စဉ်းစားရပါမယ်။

ဘာလို့ဒီလို သူခိုးဈေး ဖြစ်နေရတယ်ဆိုတာ အစိုးရချင်း ဆွေးနွေးရပါမယ်။ ဘယ်သူ့ အိပ်ထဲခွဲပေးဖို့ ဒီလိုဈေးနည်း နေရတာလဲဆိုတာကို စီစစ်ရပါမယ်။ ဒါမရိုးသားဘူးဆိုတာ ပေါ်နေပါပြီ။ နောက်တစ်ခုက ကျနော်ပညာရှင် မဟုတ်ပါဘူး။ ကျနော် သိထားသလောက်ပေါ့။ ရေကာတာကြီးတွေဟာ အမြင့်များရင် ရေကာတာကို စက်ဝိုင်း(အ၀ိုက်) ပုံနဲ့ဆောက်ရတာပါ။ စက်ဝိုင်းပုံမှသာ ဒီလိုကြီးမားတဲ့ ရေရဲ့ဖိအား (တွန်းအား)ကို ခံနိုင်ရည် ပိုရှိစေတာပါ။ အခုဆည်အမြင့်က ပေ-၅၀၀-ကျော်မြင့်တယ်။ မြစ်ဆုံဆည် ပုံထဲမှာတော့ ဆည်က မျဉ်းဖြောင့် ပုံမြင်နေရတော့ အန္တရယ်ကို ဖိတ်ခေါ်နေပါပြီ။ ကျနော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ ပညာရှင်တွေ ရှင်းပြရင်ပိုကောင်းပါမယ်။ အဖြောင့်က ရေကာတာအမြင့် နည်းတာမျိုး ရေလွှဲဆည်လို မျိုးမှာသာ လုပ်ကြတာပါ။ တစ်ခုခုတော့ လွှဲချော်နေပြီ ထင်ပါတယ်။ ပညာရှင်တွေကိုမေးပြီး ဆွေးနွေးပေးကြပါဦးဗျာ။
နောက်အရေးကြီးတဲ့ တစ်ချက်က အခုတရုတ်ပြည်မှာ ယန်ဇီမြစ်ပေါက်မှာ အထက်မှာ ရေကာတာကြီး တည်ဆောက်ပြီး ရေတွေကို ဆည်အပြည့် ရေမဖြည့်သေးဘဲ ရေအများစုကို လွှဲထုတ်နေတာကိုတောင် မြစ်ကြောင်းတစ်လျှောက် ရေစီးနှုန်း လျှော့ကျပြီး မြစ်ထဲမှာ ညစ်ပုတ်နေတဲ့ ရေညှိတွေ တစတစ များလာပြီး အခုဆို ပင်လယ်ပေါက်မှာ ရေညှိတွေ အများကြီး ဖြစ်လာလို့ တရုတ်တွေ လှေကြီးတွေနဲ့ ဆယ်ယူ နေကြရပါပြီ။ ဒီလိုရေညှိတွေကို နွေရာသီ အခါမှာ ချင်းတွင်းနဲ့ စစ်တောင်းမြစ်တွေရဲ့ ရေစီးမရှိတဲ့ မြစ်ဘက်အခြမ်းမှာ ကမ်းစပ်ကနေ ရေထဲဆင်းလိုက်ရင် ရင်စို့ကို အမြုပ်တစီိစီနဲ့ ရေညှိတွေ တက်လာသလို ရေညှိမျိုးဖြစ်ပါတယ်။ အရေပြားတွေကို ယားယံစေပါတယ်။ အဲဒီရေကို မှီခိုနေရတဲ့ဒေသက လူတွေမှာ အသဲရောင် ရောဂါတွေ ဖြစ်တတ်ပြီး အဖျားပုံစံက ငှက်ဖျားလို ချမ်းတုန် တက်တတ်တော့ ငှက်ဖျားထင်ပြီး ကုသနေကြတာ တော်တော်လေး လွှဲချှော်နေပါတယ်။ လူတိုင်းနီးနီးကို အသဲရောင် နေတတ်ကြပါတယ်။

အခုဧရာဝတီမြစ်မှာ ဒီလိုရေညှိအပုတ်တွေ စရှိနေပါပြီ။ အထက်အညာ ဒေသတွေမှာ ရွှေတူးရွှေကျင်ရာက ကမ်းစပ်ကို ရေစုတ်စက်နဲ့ ရေလုံးနဲ့ ထိုးချတော့ မြေတွေပြိုကျရာက ဆင်းလာတဲ့ အနယ်တွေ ထိုင်ရာကနေ မြစ်ထဲ သောင်တွေထွန်း ရေစီးနှုန်းနဲလာတော့ ရေညှိတွေ ဖြစ်လာနေပြါုပီ။ ဒီလိုသောင်တွေကြောင့် မြစ်ရေ အနက်တိမ်လာတော့ မိုးတွင်းဆင်းလာတဲ့ ရေလုံးက ကမ်းကိုတိုက်စားပြီး မြစ်ပြင်ကြီး တစတစ ပိုပိုကျယ်လာ နေတာလဲ ရေစီးနှုန်းတွေ ပိုနဲပြီး ရေညှိတွေ ပိုဆိုးလာနေပါတယ်။ အားလုံးတရုတ်တွေ စီးပွားရှာတာ တပြည်လုံး ဒုက္ခ ရောက်ကြ ရပါတော့မယ်။

ဒီလိုရေညှိတွေများလာရင် ငါးမျိုးပေါက်ပွားတာ ထိခိုက်ပြီး အခုဆို ငါးရှားပါးလာနေတာ လက်တွေ့ပါ။ ရွှေကျင်ရာမှာ သုံးတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက် အဆိပ်တွေရဲ့  ဆိုးကျိုးလဲပါပါတယ်။  တကယ့် ဘယ်သူသေသေ ဒုက္ခရောက်ရောက် ငတေမာပြီးရော စိတ်သိပ်ကြီးတဲ့ ပေါက်ဖေါ်တွေကိုမှ ဒီလိုဆိုးကျိုးတွေ သက်ရောက်မဲ့ အလုပ်ကိုပေးတာ သူခိုးဓါးရိုးကမ်းတာထက် ဆိုးနေပါပြီ။

ဆက်လက် ဖော်ပြပါမယ်...
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်