ဖက်ဒရယ်ပြည်ထောင်စု နိဂုံးပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဖက်ဒရယ်ပြည်ထောင်စု နိဂုံးပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒီအပိုင်းမှာတော့ ရှစ်ပြည်နယ်ဖက်ဒရယ်မူရဲ့ အချက်အလက်တွေကို ကျနော် မဆွေးနွေးတော့ပါဘူး။ အချက်အလက်တွေက အများကြီး။ သက်ဆိုင်ရာပညာရှင်တွေ နယ်မြေခံလူထုတွေ ဆွေးနွေးကြရမဲ့ကိစ္စပါ။ အခုဒီတပိုင်းမှာက ၈၈၈၈-မတိုင်ခင် ကာလနင့် ၈၈၈၈-နောက်ပိုင်း အချိန်တွေမှာနဲ့ ထောင်အတွင်းမှာ ဆွေးနွေးခဲ့တာတွေ ပြည်ပရောက်လာတော့ ကိုယ်တိုင် ဆွေးနွေးခဲ့တာလေးတွေ ပြန်တင်ပြပါမယ်။ ကျနော်ဘက်က စောဒက တက်ရှင်းပြခဲ့တာ လေးတွေပါ။ ဥပမာတွေနဲ့ပါ။ စကားပြောနဲ့ ဆွေးနွေးလာတာတွေမို့  အခုလဲ စကားပြောပါဘဲ။ စာပေဆန်ဆန်လဲ ကျနော်ကဖွဲ့တတ် မရေးတတ်ပါဘူး။
ဆွေးနွေးကြတော့ ထုံးစံအတိုင်း များသောအားဖြင့် ဒေါသတကြီး တုန့်ပြန်တာခံရပါတယ်။ သူတို့တုန့်ပြန်တဲ့ ပုံစံကလဲ ကျနော်ကဘဲ ဗမာလူထုကြီး တခုလုံး ကိုယ်စားပြုလာသူ အထင်နဲ့ အကြီးအကျယ် ရန်လုပ်သူပင်ရှိပါတယ်။ အဲဒီကျရင်ကျနော်က အခုဒီရှစ်ပြည်နယ် ဖက်ဒရယ်မူကို ကျနော်ကအစိုးရ လက်ခံအောင်လဲ လုပ်နိုင်တဲ့အစွမ်း ကျနော့်မှာမရှိဘူး။ လက်မခံအောင်လဲ လုပ်နိုင်စွမ်းမရှိဘူး။ ကျနော့်စိတ်ထဲ ဗမာတယောက်အနေနဲ့ မကြိုက်တာ မကြိုက်ခွင့်တောင် မရှိရတော့ဘူးလား မေးလိုက်ပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ကြိုက်နှစ်သက်ခွင့်ရှိတယ် ဆိုတာလောက်တော့ သတိချပ်သင့်တာပေါ့။ လူအများစု ဆန္ဒဆိုတာကိုရော လက်ခံနိုင်ရပါမယ်။ မင်းတို့ဗမာတွေက လူဦးရေများနေတာလို့ အကွန့်တက်လို့ မရပါဘူး။ မကျေနပ်ရင် ဒီမိုကရေစီဆိုတဲ့ စကားမပြောဘဲနေပေါ့။ ပြောပြီဆိုရင် ဒီမိုကရေစီကို ကိုယ်ကြိုက်သလိုပုံသွင်းဖို့ မကြံစည်ကြပါနဲ့။
နောက်တခု ကျနော်ဥပမာပေးတာပါ။ လူမျိုးစုတန်းတူရေးမူ ကိုင်ထားပြီပေါ့။ လွှတ်တော်မှာ တနေ့ကို ရှစ်နာရီကျ ဆွေးနွေးကြပြီပေါ့။ လူမျိုးစုတစုကို တနာရီခွဲတမ်းပေးရပြီ။ တန်းတူရေး ဆိုထားတာကိုး။ ကဲကယားပြည်နယ်က သေးသေး တနာရီပြောတယ်။ နောက်ရက်တွေကျ ပြောစရာဆိုစရာက မရှိတော့ဘူး။ ဗမာပြည်နယ်က တရက်တနာရီခွဲတမ်းနဲ့ နာရီ-၁၀၀-ဆွေးနွေးချိန် ရရင်တောင် ပြောစရာက ကုန်မှာမဟုတ်သေး။ နယ်က ဟိုအထက် ခန္တီး ကနေ ကော့သောင်း အကျယ်ကြီး ပြသနာတွေက ထောင်သောင်း။ လေယာဉ်ကွင်းကိစ္စ၊ တက္ကသိုလ်ကိစ္စ၊ သင်္ဘောဆိပ်ကိစ္စ ကိစ္စတွေမှ အများကြီးမှ အများကြီး။ ဘယ်လိုလုပ်ကြတော့မလဲ။ အချိန်ပိုယူပြန်ရင်လဲ တန်းတူရေး ဆိုထားတော့ ပိုယူပြန်ရင် တမျိုးဖြစ်နေပြီ။ ထားပါ ဒီမှာတန်းတူရေးကို မလုပ်ပါဘူးပြောရင် ဗမာက အချိန်ကို လိုသလောက် ယူပါလုပ်လာပြန်ရင် ဗမာကို ဦးစားပေးလာရပြီ။ တန်းတူရေး ပျက်ပြီ။
နောက်ဥပမာပေါ့။ ကုလသမဂ္ဂက အကူငွေ ဒေါ်လာရှစ်သန်းပေးတယ်ပေါ့။ လူထုကို ခွဲပေးမယ် ထားပါတော့။ ကယားနဲ့ ချင်းပြည်နယ်က လူဦးရေနဲနဲလေး။ ကယားပြည်နယ်က လူဦးရေက ၂.၅-သိန်း။ လူတယောက်ကို ၄-ဒေါ်လာဆီရမယ်။ ဗမာပြည်နယ်လူထုကျတော့လူဦးရေ-သန်း-၄၀-နဲ့ တွက်တော့ လူတယောက်ကို ဆင့်နှစ်ပြားခွဲဘဲရမယ်။ ၀.၀၂၅-ဒေါ်လာ။ အချိုးချကြည့်လိုက်တော့ လူတစ်ဦးစီရတဲ့ ငွေကအဆ -၁၆၀ လောက်ကွာနေပြီ။
ဒီလိုဘဲ လူမျိုးစု လွှတ်တော်မှာ ဗမာအမတ်တဦးရဲ့ အား (ပါဝါ )ထားပါတော့။ လူဦးရေးအချိုးနဲ့ ပါဝါပေါ့။ လူဦးရေ-သန်း-၄၀- မှာ တစ်ဦးဆိုပါတော့။ သူ့ပါဝါက လူတစ်ယောက်ချင်းကို ကိုယ်စားပြုအားပေါ့။ တစ်နည်း သူကဗမာလူထုအတွက် လူတစ်ယောက်ချင်းကို အာရုံပေးနိုင်ချိန်ပေါ့။ အမတ်က လွှတ်တော်နားချိန် မိသားစုအရေး ဘေးဖယ်ထားပြီး လူထုကို တွေ့ဆုံတယ်ထားပါတော့။ လွှတ်တော်နားချိန် ၄-လ ထားမယ်ဆိုရင် ရက်-ပေါင်း ၁၂၀- ရတယ်ထားပါ။ ရက်-၁၀၀- လူထုနဲ့တွေ့ပါပြီတဲ့။ လူထုက သန်း-၄၀ -ဆိုတော့ ဥပမာလူတစ်ဦးချင်းစီကို မတွေ့ သေးဘူး တစ်ခါတွေ့ရင် လူတစ်ထောင်နဲ့ ဆုံမယ်ထားပါ။ ပြီးတစ်နေ့ကို လူထုနဲ့တွေ့ဆုံချိန် ငါးနာရီလုပ်မယ်။ အဲဒီတော့ ရက်တစ်ရာဆိုတော့ မိနစ်ပေါင်း- ၃၀၀၀၀/ (မိနစ်ပေါင်း- သုံးသောင်း)။ လူထုကိုတစ်ကြိမ်တွေ့ရင် တစ်ထောင်နုံးနဲ့ကို လူထုနဲ့တွေ့ဆုံဖို့ အကြိမ်ပေါင်း- ၄၀၀၀၀- လုပ်ရပါမယ်။ တစ်ကြိမ်ကို (လူတစ်ထောင် အုပ်စုတစ်စုကို သူက စက္ကန့် ၄၅- စက္ကန့်ဘဲတွေ့လို့ရပါမယ်။ ပြည်သူလူထုကြီးခင်ဗျား နေကောင်းကြပါလား။ တွေ့ရတာဝမ်းသာပါတယ်) ဆိုတာလေး ပြောလိုက်တာနဲ့တင် ပြောချိန်စေ့သွားလို့ (တွေ့ရ၀မ်းသာပါတယ်)ဆိုတာကို မပြောလိုက်ရပါတော့ဘူး။ အဲဒီလိုတွေ့တာ တစ်နယ်ကနေ တစ်နယ်ခ ရီးသွားရတဲ့အချိန်ကို ထည့်မတွက်ထားသေးဘူး။ ခရီးအရှည်ကြီး သွားရတဲ့အချိန်တွေပါ ထည့်ထွက်ရရင် အပေါ်ကပြောသလို လူတစ်ထောင်ကို ၄၅-စက္ကန့်တောင် မရနိုင်တော့ဘူး။ ကယားပြည်နယ်ကလူမျိုးစု လွှတ်တော်အမတ်လဲလူထုနဲ့ နာရီ-၁၀၀- တွေ့ပြီတဲ့။ လူထုက နှစ်သိန်းခွဲ။ သူကတစ်ခါတွေ့ရင် လူတစ်ထောင်နှုန်းနဲ့တွေ့ဆုံရင် အုပ်စုပေါင်း ၂၅၀- ရှိတယ်။ တွေ့ဆုံချိန် ရက်တစ်ရာအတွက် နာရီစုစုပေါင်း ၅၀၀- ရှိတော့ တစ်အုပ်စုကိုတွေ့ဆုံရင် မိနစ်-၁၂၀ (တစ်နည်းပေါ့- ၂-နာရီ) တွေ ဆုံပြီး ပြည့်ပြည့်၀၀ စုံစုံလင်လင် တင်ပြဆွေးနွေးလို့ ရတော့တာပေါ့။
တစ်ခါထားပါတော့ မ.ဆ.လ.ခေတ် န.၀.တ./.န.အ.ဖ. ခေတ်က အကြွေးကျန်တွေကို ပြည်နယ်တိုင်းက အချိုးကျ ခံကြကြေးဆိုရင် ချင်းပြည်နယ်က လူဦးရေကနည်းနည်း။ ရှိသမျှ အလုပ်လုပ်နိုင်သူ ကျား/မ အများစုက တတိယနိုင်ငံထွက်ခွာသွားကြတာ အများကြီး။ လူသက်တမ်းကလည်း ကျန်းမာရေးက မကောင်းတော့တိုတို စီးပွားရေးက မကောင်းတဲ့ပြည်နယ်။ အကြွေးဆပ်ရမယ် မဆပ်နိုင်ရင် ထောင်ဒါဏ်လို့ ပြည်နယ်အလိုက် အချိုးကျအမိန့် ထုတ်လိုက်တာနဲ့ ချင်းပြည်နယ်ရှိ လူအားလုံး သူ့ထက်ငါ အမြန်ဆုံး ထွက်ပြေးပြီး လူမျိုးတစ်စုလုံး ပြောင်သွားအောင် ဒုက္ခသည် လျှောက်ကြ ရပါတော့မယ်။ အဲဒါမှ ဒုက္ခသည်အစစ်အမှန် ဘာထောက်ခံချက်မှ ပြနေစရာမလိုတော့ဘူး။ ဒီလိုဘဲ ကယားပြည်နယ်လေးက လူထုလဲ ပြေးကြရတော့မယ်။ ပြည်နယ်နှစ်ခု လူထုကို မောင်းထုတ်ရင်တောင် ဒီလောက် ပြေးကြမှာမဟုတ်ဘူး။ နောက်ဆုံးကျန်သူက တပြည်နယ်လုံး ခွဲတမ်းကြီးကို ဆပ်ရတော့မှာလေ။
ဒီလိုပါဘဲ ထားပါတော့ တရုတ်နိုင်ငံကြီးနဲ့ စစ်ပွဲကြီးတွေ တဂျိန်းဂျိန်း ချကြရတယ်ပေါ့။ တော်ကြာဖြစ်ပြန်ပြီ။ အဲဒီတော့ တစ်ကြိမ်ဖြစ်ရင် ချင်းပြည်နယ်က အချိုးကျ စစ်သား နှစ်သောင်းဆီ ပေးကြကြေးဆိုရင် ချင်းပြည်နယ်မှာက အခုနပြောထားသလို အလုပ်လုပ်နိုင်သူက မရှိတော့သလောက် ရှားနေပြီ။ တစ်ကြိမ်ကို လူကြီးနှစ်သောင်း ပေးနိုင်တယ်ထား။ ဒုတိယအကြိမ်ကျတော့ ကလေးတွေထုတ်လာရပြီ။ တတိယအကြိမ်ဆို မိန်းမတွေပါထုတ်ရတော့မယ်။ လူမျိုးပါတုံး သွားပါမယ်။ ဒီလိုဘဲ ကယားပြည်နယ်လေးလဲ ကလေးတွေ၊ မိန်းမတွေပါ ထုတ်ပေးရရင် မျိုးပွားနိုင်သူတွေ ပျောက်သွားပါမယ်။ ဘယ်လိုလုပ်ကြမလဲ။ ဒီကြားထဲ စစ်အသုံးစားရိတ်ပါ အချိုးကျ ထုတ်ကျကြေးဆိုရင် စဉ်းစားသာ ကြည့်ကြပါ။
အဲဒီလိုဘဲ တစ်ပြည်နယ်ကို စစ်တပ်အင်အား (စစ်သားပေါ့) အချိုးကျ ထားရေးစီမံရပြီ။ ဗမာပြည်နယ်မှာ အကျယ်ကြီးဆိုတော့ ဗမာစစ်သားချည်းဘဲ ထားပါမယ်ပေါ့။ စစ်သား တစ်သိန်းအောက်ထစ် ဖွဲ့ဖို့လိုနေပြီ။ လုံခြုံရေးက ဈေးဆစ်လို့ မရဘူးလေ။ ကျန်းမာရေးနဲ့ လုံခြုံရေးက ပေါချောင်ကောင်း လုပ်လို့မရဘူး။ ဗမာပြည်နယ်က တစ်သိန်းထားနိုင်တယ်။ ကယားပြည်နယ်က စစ်သားတစ်သိန်း ကျွေးထားနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ။ ချင်းလူထုက အခုတောင် ငတ်လုနီးနီး စစ်သားတစ်သိန်း ၀န်ထုပ်ကြီးကို ဘယ်လိုလုပ် ထမ်းထားနိုင်ပါမလဲ။
နောက်တစ်ချက်ပေါ့။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကို အချိုးကျ ခွဲတမ်းလုပ်ပေးရရင် ဘယ်နိုင်ငံခြား တိုင်းပြည်က ချင်းပြည်နယ်၊ ကယားပြည်နယ် ကိုလာပြီး ရင်းနှီးချင်မှာလဲ။ စီးပွားရေးအရ ရင်းနှီး မြုပ်နှံသူတွေအတွက် တွက်ချေကိုက်မယ့် ဒေသကိုဘဲ ရင်းနှီးကြမှာလေ။
တစ်ခါနိုင်ငံတော်က မော်တော်ကားစက်ရုံ ထောင်တယ်။ ထောင်ဖို့လိုအပ်နေပြီ။ ပြည်နယ် အားလုံးကို ခွဲလုပ်နေမလား။ မော်တော်ကား ထုတ်လုပ်ပြီဆိုရင်လဲ ကမ္ဘာနဲ့ယှဉ်နိုင်ဖို့ ရန်ကုန်တောင် မဟုတ်တော့ဘူး ထားဝယ်လို နေရာမျိုးမှာ သွားထုတ်လုပ်ရတော့မယ်။ (ဗဟုသုတအနေနဲ့) အခုတောင်ကိုးရီယားက HYUNDAI ကားစက်ရုံကြီးဆိုရင် ကားမှာသုံးရတဲ့ သံမဏိကို သံအရည်ကြိုတာကစပြီး လုပ်နေပါပြီ။ ကားဘော်ဒီသံပြားကို အရည်ကြိုတဲ့စက်ကနေ ထွက်လာတာကိုက ဘော်ဒီပုံချိုးပြီးသား။ ဘေးအနားသားတွေက တစ်ခါထဲတိုက်ရိုက် သံရည်ကြိုစက်ထဲ ပြန်ရောက်သွားတယ်။ အလေအလွှင့်ဆိုတာ မရှိတော့ဘူး။ ကားဘော်ဒီလုပ်မယ့် သံပြားကို သံချေးမတက်အောင် ဆေးစိမ် ပလပ်စတစ်နဲ့ ကပ်ရတဲ့အဆင့်တွေ မရှိတော့ဘူး။ သံသားက သံချေးတက်ချိန်ကို မရလိုက်တော့ဘူး အဲဒီစက်ရုံကြီးက ၁၇.၅-စက္ကန့်တိုင်းကို ကားတစ်စီးနှုန်း ထွက်နေတာပါ။ တစ်ရက်ကို ကားအစီးရေ-၄၈၀၀-လောက် ထွက်နေတာပါ။ ၁၇.၅ -စက္ကန့် ကားတစ်စီးနှုန်း။
စကားမစပ်ဗျာ။ ၂၀၀၃- နှစ်စပိုင်းမှာပေါ့။ ကျနော်တို့တိုင်းပြည်က မဟာ့မဟာ ပညာရှင်ကြီးသန်းရွှေက တရုတ်ပြည်ကြီးက ပြန်လာပြီးစ အထက်ပိုင်း မုံရွာ မန္တလေးဘက်ကို တိုင်းခန်း လှည့်လည်ပြီးတော့ စားအုံးဆီ ပေပါသံပြားတွေ (သံချေးတက်တွေ) ကိုသုံးပြီး မော်တော်ကား ထုတ်လုပ်နေတဲ့ စက်ရုံပေါင်းအများကြီးကို သြ၀ါဒ ပေးသွားတာလေးကတော့ သမိုင်းမှတ်တမ်း ထိုးလောက်ပါပေတယ်။ မင်းတို့တတွေ ကြိုးစားကြပါပေါ့။ ဖိုဒ့်မော်တော်ကား ကုမ္မဏီကြီးဆိုတာလဲ ဒီလိုဘဲ သံပြားတွေကိုတူနဲ့ ထုတာကနေ ပေါ်ပေါက်လာတာတဲ့။ သေလိုက်ပါတော့ဘဲ ပြောလိုက်ချင်တယ်။ ဒါကို ရုပ်မြင်သံကြားကနေ အကြိမ်ကြိမ်တောင် ထုတ်လွှင့် ပြလိုက်ပါသေးတယ်။ နိုင်ငံနဲ့လူမျိုး ဘယ်လောက် သိက္ခာကျစေပါသလဲ။ (ဒီလောက်ကို တုံးတဲ့လူတွေလို့) ကမ္ဘာကို ထုတ်ပြောရာ ရောက်နေပါတယ်။ အခုတော့ ကားခိုးသွင်း လာဘ်ပေး လာဘ်တွေမရှိဘဲ မဖြစ်နိုင်သော ကားထုတ်လုပ်မှုကြီး အလိမ်အညာကြီး။ အခုကားတွေ ခိုးသွင်းလို့ မရအောင် ကြပ်လိုက်တော့ ကားစက်ရုံတွေက ကားမထွက်တော့ဘူး။ အလိမ်အညာတွေနဲ့ တိုင်းပြည်ကို အစိုးရနဲ့ အလိုတော်ယိတွေ ပေါင်းလိမ်နေကြတာ။
အခုလိုဝေဖန်တော့ အစိုးရလုပ်ရင် မကောင်းတာဘဲ ပြောတယ်လို့ ဝေဖန်သူတွေ အခုကားစက်ရုံတွေကနေ ကားတွေမထွက်တော့တာ သန်းရွှေလက်နဲ့ လုပ်ခဲ့တဲ့ အလိမ်စဉ်ကြီးကို အခုသမ္မတကြီးဦးသိန်းစိန်က ပါးစပ်နဲ့ ဝေဖန်မနေဘဲ အလုပ်နဲ့ ပိတ်လိုက်ပါတယ်။ အခုကားစက်ရုံတွေကနေ ကားတွေ မထွက်တော့ဘူး။ ဝေဖန်ချင်ရင် သမ္မတကြီးကိုသာ ဝေဖန်ကြပေတော့။ ခင်ဗျားလုပ်လို့ အတိုက်အခံတွေက ကားမထွက်တော့ဘူး ဝေဖန်တာခံနေရပြီလို့သာ သွားပြောကြပေတော့။ တစ်နည်းပေါ့ သန်းရွှေအားပေးခဲ့လို့ မြန်မာတွေ ကားထုတ်လုပ်ရေးအတွက် လုံ့လစိုက်ထုတ် ရင်းနှီိးထားခဲ့တာတွေ အလဟသတ် ဖြစ်ကုန်ပြီ။ သမ္မတကြီးက အလုပ်နဲ့ အဲဒီလို တလွှဲတွေကို ရပ်ပြစ်နေရပြီ။ သန်းရွှေ လုပ်ခဲ့တာတွေဟာ အမှားတွေမဟုတ်ရင် ဘာလို့သမ္မတကြီးက ပြောင်းနေဖို့လိုမှာလဲ။ သန်းရွှေမှားတာတွေကို မှားပါတယ်ပြောရင် ကြားကနေ မခံနိုင်ဖြစ်နေသူတွေ သမ္မတကြီးရော ၀န်ကြီးတွေ တချို့ကပါ ဗြောင်ပြောလာပါပြီ။ သူတို့ကို အရင်ဝေဖန်ကြပါဦး။
ဖက်ဒရယ်မူကို ပြန်ဆွေးနွေးရရင် အထက်ကပြောသလို တန်းတူရေးမူဆိုပြီး လူဦးရေမတူညီတာနဲ့ ဗမာကို လူမျိုးတခုသတ်မှတ်ပြီး ၇/၁ နဲ့အပေးအယူ အကြပ်ကိုင်ရေးဆိုတာ ဒီမိုကရေစီဘောင်တွေနဲ့ ဆန့်ကျင်နေပါတယ်။ အဲဒီမှာ တခုထပ်ဆွေးနွေးရရင် တတိုင်းတပြည်လုံးမှာ လူမျိုးစုကို အခြေခံပြီး တန်းတူသတ်မှတ်လိုက်ရင် ရှမ်းပြည်နယ်ကို ဥပမာထားပြောပါမယ်။ ရှမ်းပြည်နယ်ရဲ့ လွှတ်တော်မှာလဲ (ပြည်နယ်လွှတ်တော်မှာလဲ) လူမျိုးကွဲတွေ အများကြီးရှိနေတော့ အဲဒီမှာလဲ လွှတ်တော် နှစ်ရပ်ထားရှိရပါမယ်။ ဘာလို့ ထားရပါသလဲဆိုတော့ အထက်လွှတ်တော်မှာ လူမျိုးကို အခြေခံ သတ်မှတ်လိုက်တဲ့အတွက် သူ့သက်ဆိုင်ရာ ပြည်နယ်မှာလဲ လူမျိုးကို အခြေခံတဲ့ ကိုယ်စားပြုမှုကို လုပ်ပေးရပါတော့မယ်။ ကိုယ့်ပြည်နယ်မှာတော့ မကျင့်သုံးရင် လူမျိုးငယ်လေးတွေကို လူမျိုးကြီးက အဲဒါမှ တကယ်လူမျိုးကြီးဝါဒ ကျင့်သုံးတာဖြစ်ပြီ။ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို လူမျိုးစုကို အခြေခံပြီး လုပ်ရပါတော့မယ်။ ရှမ်းကို တဦးပေးရင် ကျန်လူမျိုးတွေအားလုံးကို တဦးစီပေးရပါမယ်။ ဘယ်လိုတွေဖြစ်ကုန်မလဲ။ လူမျိုးတွေအများကြီးလေ။ တစ်ခါ ဗမာပြည်နယ်မှာလဲ လူမျိုးစိတ်တွေအများကြီးမှ အများကြီး။ ဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ။ သူတို့မှာ အောက်လွှတ်တော်မှာ အမတ်ကိုယ်စားလှယ်ရဖို့က ခက်ခက်ဆိုတော့ ပြည်နယ်လူမျိုးစုလွှတ်တော်ကို အားထားရတော့မှာလေ။
ဒါကို ခင်ဗျားက ပြည်နယ်အဆင့်မှာ လွှတ်တော်တစ်ရပ်ဘဲ ထားတယ်ပြောချင်ရင်တော့ တပိုင်းပေါ့။ ကျနော်ပြောနေတာက အထက်လွှတ်တော်မှာ လူမျိုးကို အခြေခံသတ်မှတ်လိုက်ရင် ပြည်နယ်ထဲမှာလဲ လိုက်သတ်မှတ်ကို သတ်မှတ်ရပါတော့မယ်။ ဗမာပြည်နယ်မှာဆိုရင် လွှတ်တော်တရပ်ဘဲထားရင် ဗမာလွှတ်တော်မှာဆို ဗမာတွေကချည်း လူအများစုဆိုတော့ ကျန်လူမျိုးစုတွေ အရေးဆိုဖို့ကို ပိတ်ထားလို့ကို ရနေပြီပေါ့။ ရှမ်းပြည်နယ်မှာလဲ လူမျိုးစုအငယ်လေးတွေ အရေးက လျှစ်လျှူရှုထားတာခံရဖို့ များနေပါပြီ။ မဲအများအားက လူမျိုးကြီးလက်ထဲမှာလေ။ အဲဒါမပေးချင်ရင် အဲဒါမှ ပြည်နယ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတာဖြစ်နေပါပြီ။
ဒါပေမဲ့ လူမျိုးစုလွှတ်တော်မှာ ပထမဆောင်းပါးမှာ ပါထားသလိုပေါ့။ ဥပမာ ရှမ်းအမတ်က တင်ပြနေတာတွေဟာ သူဘယ်ဟာကို ဦးစားပေးတင်ပြမလဲ။ သူ့ရှမ်းအမျိုးသားတွေ ကိစ္စကိုဘဲ ဦးစားပေးတင်ပြမှာပေါ့။ ရှမ်းအမတ်က နှစ်ခုတင်ပြလာမယ်။ တစ်ခုက ရှမ်းအမျိုးသားများအရေး။ နောက်တစ်ခုက လူမျိုးငယ်လေးတွေအရေး။ တင်ပြမှုနှစ်ခုမှာ တခုကိုဘဲ လုပ်ခွင့်ပေးလာရင် သူ့ရှမ်းတွေအတွက်ဘဲ လုပ်ပေးတော့မှာပေါ့။ အဲဒီမှာ ကျန်လူမျိုးစုတွေအတွက် အားငယ်နေရပြီ။ ဘယ်သူ့ ကပ်ရတော့မယ် မသိတော့ဘူး။
ဒေသကိုအခြေခံထားတော့ သူ့ဒေသကလူက သူ့ဒေသကအမတ်ကို တင်ပြလို့ရပြီ။ ဒေသကို အခြေခံထားတော့ စိတ်ကသန့်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်ရွေးရာမှာလဲ ဥပမာ ရှမ်းပြည်မှာနေတဲ့ ဗမာလူမျိုးတယောက်က တော်တယ် စိတ်ထားကောင်းသူ တိုင်းပြည်အရေး အမှန်တကယ် လုပ်သူဖြစ်နေရင်တောင် သူက ရှမ်းပြည်နယ် အထက်လွှတ်တော်မှာ ၀င်ရွေးဖို့ စိတ်မသန့်တော့ဘူး။ ၀င်ပြီး အရွေးခံရင်တောင် အရွေးခံရဖို့ သိပ်ခက်နေပြီ။ ရှမ်းပြည်နယ်လူထုအတွက် လူကောင်းတယောက် ရှိနေပေမဲ့ လူမျိုးကွဲနေလို့ လူကောင်းကို လက်လွှတ်ရတော့မယ်။
အချုပ်အားဖြင့်တော့ ရှစ်ပြည်နယ် ဖက်ဒရယ်မူကို အမေရိကန်မူနဲ့တော့ ဥပမာပေးခိုင်းနိုင်းတာ မလုပ်ကြပါနဲ့။ အမေရိကန်မူနဲ့က လုံးဝဆန့်ကျင်နေပြီ။ အမေရိကန်နိုင်ငံဟာ ဒီဘက်ခေတ်ရဲ့ ဒီမိုကရေစီ ဖခင်နိုင်ငံလို့တောင် သတ်မှတ်လို့ရပါတယ်။ ဖက်ဒရယ်မူရဲ့ ဖခင်လို့လဲ သတ်မှတ်လို့ရပါတယ်။ ဒီမိုကရေစီ အခြေခံတွေဖြစ်တဲ့ လူမျိုးကို အခြေမခံဘဲ နယ်ကို အခြေခံဖွဲ့စည်းထားတဲ့မူပါ။ အခုရှစ်ပြည်နယ်မူက ဒီမိုကရေစီရဲ့ အခြေခံအဆိုအမိန့်ဖြစ်တဲ့ လူမျိုး ဘာညာ မခွဲရဆိုတာရဲ့ ဆန့်ကျင်ဘက်ကိုလဲ ယူထားတယ်။ တစ်ခါ အမေရိကန်မူကို ဖက်ဒရယ်မစစ်ဘူး ဆိုထားရာရောက်စေတဲ့ သဘောရောက်နေတော့ ကိုယ်က ပိုစစ်တယ် ဆိုထားပြီးမှတော့ ဘာလို့ ကိုယ့်လောက် မစစ်တာကိုနမူနာ ခိုင်းနေရပါတော့မလဲ တခြားအလားတူသော လူမျိုးကိုအစွဲပြုသော မူရှိမဲ့ နိုင်ငံတခုခုကို ရွေးဥပမာပေးကြပါလို့။ အမေရိကန်မူနဲ့ ကတော့ အခြေခံကစပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်းလို ကွဲလွှဲနေတာကြီးကို ဇွတ်မှိတ် ဥပမာပေးမယ်ဆိုရင်တော့ ဘရာဇီးနဲ့ပီရူးက တောနက်ကြီးတွေမှာ အခုထက်ထိ ထီိးထီးကျန်နေသေးတဲ့ တောနေလူမျိုးစုတွေကို သွားပြောပြကြပါ။
နောက်တခု ရှစ်ပြည်နယ်မူကမှ ဖက်ဒရယ်စစ်တာပါဆိုရင် အမေရိကန်၊ ဆွစ်ဇာလန်၊ သြစတေးလျမူတွေကို ယှဉ်ပြထောက်ပြပြီး ခင်ဗျားတို့မူတွေက ဖက်ဒရယ် မစစ်ဘူးဆိုပြီး စာတမ်းတင်ရင်နိုင် ဒေါက်တာဘွဲ့ ရနိုင်ပါတယ်။ ကမ္ဘာကို ဦးဆောင်နေတဲ့ တိုင်းပြည်ကြီးတွေရဲ့ အနှစ်၂၀၀-ကျော် မူတွေက ဖက်ဒရယ် မစစ်တာကိုသိရင် ပြုပြင်လာကြပါလိမ့်မည်။ သူတို့က မှားနေရင် ပြုပြင်ဖို့ ၀န်မလေးကြဘူး။
ရှစ်ပြည်နယ်မူကိုယခင်က အထက်လွှတ်တော်ကို လူမျိုးစုလွှတ်တော်ဆိုပြီး ၁၉၆၀-နှစ်များဆီ ကတည်းက ခေါ်ဝေါ်သုံးစွဲလာခဲ့ပြီး ၂၀၀၈- ကျတော့ ၁၀-ပြည်နယ်ဆိုပြီး ပြည်နယ်နှစ်ခု ထပ်တိုးပြီး အမျိုးသားလွှတ်တော်လို့ လုပ်လာပါတယ်။ အဲဒီမှာ လူမျိုးစု ဆိုတာကို ဆက်အသုံးပြုဖို့ ခက်လာတော့ အမျိုးသားလွှတ်တော်လို့ သုံးလာပုံရပါတယ်။ အမျိုးသားနဲ့ လူမျိုးစု ဆိုတာက တကယ်တော့ အတူတူပါဘဲ။ ကုလားကြီးနဲ့ မာမူကြီး ပါဘဲ။ မင်းဘာလူမျိုးစုလဲ မေးတာနဲ့ ကျနော်ဗမာပါလို့ ဖြေမှာဘဲ။ နောက်တစ်ခေါက်ထပ်ပြီး မင်းဘာအမျိုးသားလဲ မေးလာလဲရင် ကျနော်ဗမာပါဘဲ ဖြေမှာပါဘဲ။ တကယ်လို့ ကျနော်က ဧရာဝတီတိုင်းမှာ နေသူလို့ ထားပါတော့။ ကျနော့်ကိုမေးရင် ဘာအမျိုးသားလဲ မေးလာရင်လဲ ဗမာလူမျိုးလို့ဘဲ ဖြေပါမယ်။ ဘာလူမျိုးစုလဲ မေးလာရင်လဲ ဗမာလို့ဘဲဖြေပါမယ်။ ဧရာဝတီတိုင်းက ကရင်လူမျိုးကလဲ ကျနော် ကရင်ဘဲဖြေမှာပေါ့။ ဧရာဝတီတိုင်းသား မွန်လူမျိုးကလဲ ကျနော်မွန်လို့ဘဲ ဖြေမှာပေါ့။ အိန္ဒိယနွှယ်ဖွား ကုလားကလဲ ကျနော် ကုလားလူမျိုးပါလို့ ဘဲဖြေမှာပေါ့။
ဘယ်သူကများ ကျနော်က ဧရာဝတီလူမျိုးလို့ ပြောကြမလဲ။ အဲဒီမှာ ကျနော်ဧရာဝတီလူမျိုးပါ ဧရာဝတီအမျိုးသားပါလို့ ဘယ်သူတွေ ဖြေခွင့် ပြောခွင့်ရှိမှာလဲ။ ပါးစပ်ပါတိုင်း လျှောက်ပြောလို့ မရဘူးလေ။ ဒါဆိုရင်တချိန်မှာ စစ်ကိုင်းလူမျိုး၊ မန္တလေးလူမျိုးတွေ ထပ်တိုးပေးလာရပါမယ်။ ဧရာဝတီအမျိုးသား /ဧရာဝတီလူမျိုးကို ဘယ်လိုသတ်မှတ်မှာလဲ။ ဧရာဝတီလူမျိုးကို ဘယ်လို သတ်မှတ်ချက်တွေနဲ့ သတ်မှတ်မယ်ဆိုတာ မထုတ်ပြန်ရသေးဘဲ အထက်လွှတ်တော်မှာ နေရာပေးတာကတော့ နွားရှေ့ ထွန်ကျူး ဖြစ်နေပြီ။ ကြည့်လဲ လုပ်ကြပါလို့ဘဲ။ အခုတောင် န.အ.ဖ. လက်ထက် ကိုးကန့်နယ်သားတွေကို ကိုးကန့် လူမျိုးလုပ်ထားတာ ရှုပ်နေပြီ။
ပြောချင်းပြောရရင် ကျနော်ဧရာဝတီသားပါဘဲ ပြောပါတယ်။ ကျနော်ရွှေဘိုသား စသည်ဖြင့်ပေါ့။ ရန်ကုန်သားနဲ့ မန္တလေးသူ ဆိုတာ သီချင်းလေးတောင် ရှိပါသေးတယ်။ ရန်ကုန်အမျိုးသားနဲ့ မန္တလေးအမျိုးသမီးလို့ မဆိုထားပါဘူး။ ရန်ကုန်သား ရန်ကုန်သူ ဘဲဆိုပါတယ်။ ထားဝယ်သား ဘိတ်သား ဘဲဆိုပါတယ်။ ထားဝယ်လူမျိုး၊ ဘိတ်လူမျိုးလို့ ဘယ်သူမှ မသုံးကြပါဘူး။ ဒါတောင်န.၀.တ.လက်ထက်မှာ ကိုးကန့် တရုတ်တွေကို ကိုးကန့် တိုင်းရင်းသားလုပ်ပေးပြီး ဇါတ်ရှုပ်အောင် လုပ်ခဲ့ပါသေးတယ်။ တကယ်က ကိုးကန့်နယ်သား တရုတ်လူမျိုးတွေပါ။ ကိုးကန့် လူမျိုးဆိုတာ ရှိမှမရှိတာဘဲ။
ကျနော် အမြင်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံကို တကယ်မျှမျှတတ ဖြစ်ချင်တဲ့ ဆန္ဒရှိကြရင် နိုင်ငံတကာက ပညာရှင်ကြီးတွေကို ဖိတ်ခေါ်ပြီး အကြံဥာဏ်ယူသင့်ပါတယ်။ နောက်တစ်ခုက ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ အခုဆွဲထားတဲ့ ဦးနေ၀င်း လုပ်ခဲ့တဲ့ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်တိုင်းကလဲ မကောင်းလှဘူးဘဲ မြင်ပါတယ်။ အုပ်ချုပ်ရေးအတွက် အဆင်မပြေပါဘူး။ တကယ်ကဒေသနဲ့ လမ်းပမ်းဆက်သွယ်ရေးကို အခြေခံပြီး နယ်ဒေသ ကိုသတ်မှတ်သင့်ပါတယ်။
ဥပမာပေါ့ ချင်းပြည်နယ်အထက်ပိုင်းဆိုရင် တီးတိန်နယ်ဟာ ကုန်သွယ်ရေး လမ်းကြောင်းအရ ကလေးမြို့နဲ့ ဆက်သွယ်နေရတာပါ။ စစ်ကိုင်းအထက်ပိုင်း နန်းယွန်းနယ်ကဆိုရင် လူထုသွားလာရေးကိုက ကချင်ပြည်နယ်ဘက်ကနေ လှည့်သွားလာရတာပို အဆင်ပြေနေတာတွေကို ဒေသခံတွေနဲ့ ကိုယ်တိုင် ရောက်ဖူးမှ ပိုသိပါမယ်။ အခုလိုရေးတော့ နန်းယွန်မြို့က နာဂလူမျိုးတွေကို ကချင်ပြည်နယ်ထဲ သွတ်သွင်းရာ မရောက်ပေဘူးလား မေးစရာဖြစ်လာပါတယ်။ ဟုတ်ပါတယ်။ လူမျိုးကို အခြေခံထားရင် ဒီလိုဘဲမြင်မှာပေါ့။ နယ်တွေကို အခြေခံလိုက်ရင် ဒီလို လူမျိုးအစွဲ တစတစပျောက်သွားပြီး သွားရေးလာရေး အဆင်ပြေမှုအပေါ် အခြေခံပြီး ကျေကျေနပ်နပ် ဖြစ်လာပါမယ်။ လူမျိုးကိုအခြေခံထားတော့ စိတ်ထဲမှာကို တနေ့တရက်ရက် ပြည်ထောင်ကြီးပြိုကွဲရင် ဟိုပြည်နယ်ထဲ ပါသွားတော့ မယောင်ယောင် အမြင်လေးတွေက ခံထားသလို ဖြစ်နေတာကို မကျော်နိုင်ကြတော့ဘူး။
လက်ရှိ ပြည်နယ်နင့်တိုင်း ၁၄- ခုထက်ပိုပြီး ဒေသ သို့မဟုတ် နယ်အလိုက် တိုးချဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးကို ကျစ်ကျစ်လစ်လစ် လုပ်ကိုင်နိုင်မှုကို အခြေခံပြီး အုပ်ချုပ်ရေးဇုံကို စဉ်းစားရင် ပိုမိုသင့်လျှော်မည်ဟု ယုံကြည်မိပါတယ်။ ဆွစ်ဇာလန် နိုင်ငံဟာ ဧရိယာအရ သေးငယ်ပေမဲ့ အုပ်ချုပ်ရေးအတွက် ဇုံတွေ အများကြီး ခွဲထားပါတယ်။ အများစုက ဂျာမန်အမျိုးနွယ်တွေဖြစ်ပြီး ပြင်သစ်၊ အီတလီ၊ သြစတီးယား လူမျိုးတွေနဲ့ ပေါင်းစည်းထားပေမဲ့ နိုင်ငံလေးဟာ စည်းလုံးပြီး ကမ္ဘာကြီးကို ဦးဆောင်နေတာ နမူနာယူသင့်ပါတယ်။ လူမျိုးအမည်ဖျောက်ထားပြီး လူမျိုးကွဲတွေစုပေါင်းပြီး စုစုစည်းစည်းရှိနေတာ ကိုနမူနာ ယူသင့်ပါတယ်။
ပြည်နယ်တိုင်း-၁၄-ခု ဆိုတာ လက်တွေ့ အုပ်ချုပ်ရေးမှာ မပြည့်စုံလှသလို နာဂနဲ့ ၀ လူမျိုးတွေရဲ့ ဒေသတွေဟာ အလွန်ဝေးလံတဲ့ဒေသ တွေမှာ ရှိနေတော့ သီးသန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်သော ဒေသများလို့လဲ မြင်ပါတယ်။ တခါ ရှမ်းပြည်နယ်မှာကို လက်ရှိအတိုင်းဆို မြို့တော်တောင်ကြီးနဲ့ ဒုတိယမြို့တော် လာရှိုးဟာလဲ မန္တလေးကနေတဆင့် သွားနေကြရပါတယ်။ အခုနေအတိုင်းကို ရှမ်းပြည်နယ်မှာ တောင်ကြီးမှာ ရှမ်းလူထုအတွက် တိုင်းဆေးရုံကြီး ဆောက်ထားပါတယ်။ လာရှိုးက လူထုအတွက်တော့ မန္တလေးကို အားထားနေကြရတာပါဘဲ။ မန္တလေးကမှ မနိုင်ရင် ရန်ကုန်ပါဘဲ။
ဓမ္မဒိဌာန်ကျကျ သုံးသပ် သင့်ကြပါတယ်။ လူမျိုးအခြေခံတာ စိတ်ဝမ်းကွဲမှုကို ပိုဖြစ်စေတယ်ဆိုတာကတော့ မဟုတ်ဘူး ငြင်းရခက်ပါတယ်။ ဒါဆိုရင် ရန်ကုန်နဲ့မန္တလေး တက္ကသိုလ်ကြီးတွေမှာ အခန်းတွေ အဆောင်တွေကို လူမျိုးနဲ့ ခွဲပြီးထားမယ်၊ အားကစားအသင်းတွေကို လူမျိုးနဲ့ ခွဲခြားထားရင် ဘာပြသနာဖြစ်လာမလဲ။ ဘာလို့ခွဲခြားပြီး မထားခဲ့တာလဲ။ တက္ကသိုလ်ကြီးတွေမှာ မေဂျာအလိုက်ခွဲပြီး အားကစား လုပ်ပေးတာတောင် တစ်ခါတစ်ရံ မေဂျာအစွဲတွေနဲ့ ပြသနာတွေ တက်ကြရပါတယ်။ လူမျိုးအလိုက် ခွဲလိုက်ရင် သတ်ကုန်ကြပါမယ်။ ရန်ကုန်တက္ကသိုလ် မန္တလေးတက္ကသိုလ်မှာ လူမျိုးအလိုက် ခွဲခြားထားတာ မလုပ်ထားတော့ လူမျိုးရေးပြသနာ မရှိခဲ့ပါဘူး။
တဆက်ထဲပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်အုပ်ချုပ်ရေး အသံထွက်လာရင် လူတိုင်းက ပင်လုံစာချုပ်ကို လက်ကိုင်ပြုပြီး ဗမာက လူမျိုးကြီးဝါဒ ဘာညာအော်ကြပါတယ်။ ကျနော်လည်း ပင်လုံစာချုပ်ကို တကယ်သိလာတာ အနှစ်အစိပ်လောက်ရှိပါပြီ။ ဖတ်ကြည့်တယ်။ စာသားထဲက ဖွင့်ဆိုမှုကိုဘဲ အလေးထားနေခဲ့တာပါ။ မန္တလေးထောင်ရောက်တော့မှ ၁၉၇၂- မ.ဆ.လ. အခြေံဥပဒေရေးဆွဲတုန်းက ၁၀-က ပုံစံမျိုးနဲ့ မြင်းခြံထောင်မှာ ၂နှစ်ကျော်ကျော် အသားလွတ် အချုပ်ခံရဖူးတဲ့ ကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိုထောင်းက ပြောတော့မှ ငါတော်တော် ညံ့သေးတာကို သိလိုက်ပါတယ်။
ခင်ဗျားက ပင်လုံစာချုပ်ကို PRODUCT ဘဲရှာကြည့်နေတာလား။ ပင်လုံစာချုပ်မှာ ရှမ်းစော်ဘွားတွေရဲ့ စေတနာကိုရော ဝေဖန်ပိုင်းခြားပြီး မကြည့်ဘူးမဟုတ်လားတဲ့။ ရုတ်တရက် ကျနော်နားမလည်ဘူး။ ဘာလဲရှင်းပြပါအုံးဆိုတော့ ခင်ဗျားက ဗမာလုပ်ပြီး စေတနာတောင် ကောင်းကောင်း နားမလည်ပါလား နဲ့ပြောတာခံရပါတယ်။ ရှင်းမပြဘူး။ နောက်နေ့တွေမှ ရှင်းပြတယ်။ ပင်လုံစာချုပ် ပေါ်လာတာကိုက ရှမ်းစော်ဘွားတွေက အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေး ရယူရေးကို မလိုလားကြဘူးတဲ့။ ဒါကြောင့်ဗိုလ်ချုပ်တို့ အင်္ဂလန်မှာ တောင်းဆိုနေချိန်မှာ ကန့်ကွက် ကြေးနန်းပို့ကြတာတဲ့။ အင်္ဂလိပ်ကလဲ DIVIDE & RULE လုပ်ထားတာပါ။ ဗမာဘုရင်စံနစ်ကိုတော့ မြေလှန်ထိုး အစဖျောက်ပြစ်တယ်။ ပြည်နယ်တွေမှာကျတော့ စော်ဘွားတွေကို ပဒေသရာဇ်စံနစ် မျိုးဆက်ကို အကာအကွယ်ပေးပြီး ဗမာနဲ့မတူအောင် ခွဲခြားအုပ်ချုပ်စေတယ်။ အဲဒီတော့ ရှမ်းလူထုက ဒီစော်ဘွားတွေဟာ ဥပဒေအထက်မှာကို လ်ုပကိုင်လာတာရှိတော့ ရှမ်းလူထုက ပဒေသရာဇ်စံနစ်ကို မနစ်မြို့နေချိန် လွတ်လပ်ရေးရရင် သူတို့ခံစားနေတဲ့ ပဒေသရာဇ် စံနစ်ကြီး ပျက်ပြားသွားမှာ စွန့်လွှတ်ရမှာဆိုတဲ့ အတ္တတကိုယ်ကောင်းစိတ်နဲ့ ကန့်ကွက်တယ်ပေါ့။
ပင်လုံမှာ ဆွေးနွေးရတာကိုက ရှမ်းစော်ဘွားတွေကို အလေးထားရလို့ ဖြစ်လာရတာ။ တခါသူတို့ကို တောင်ကြီးမှာ လူထုက ဆန့်ကျင်တာတွေ ဖြစ်လာပါတယ်။ အဲဒီမှာ ဦးဒိုထောင်းက ကျနော့်ကိုထောက်ပြီ။ ခင်ဗျားတွေ့လား ပင်လုံစာချုပ်ကို စေ့စေ့လေး ခြွဲခားစိတ်ဖြာကြည့်ပါတဲ့။ သူထောက်ပြတော့မှ ပင်လုံစာချုပ်မှာ ရှမ်းစော်ဘွားတွေအဓိက တောင်းဆိုမှုက သူတို့ရဲ့ ပဒေသရာဇ်အုပ်ချုပ်ရေး ဆက်လက်ခွင့်ပြုဖို့ တောင်းဆိုထားတာပါတဲ့။ ဒီမိုကရေစီ အုပ်ချုပ်ရေး ဆိုတာလေးကို နည်းနည်းလေးဘဲ ရေးထားတာပါတဲ့။ ကျနော်လဲ ထောင်ကလွတ်မှ ပင်လုံစာချုပ် ပြန်ရှာဖတ်မှ သူပြောတာ ဟုတ်နေပါတယ်။ ပြန်စဉ်းစားကြည့်တော့ စော်ဘွားစံနစ်နဲ့ ဒီမိုကရေစီဆိုတာ ပေါင်းစပ်လို့မှမရနိုင်တဲ့ ဆန့်ကျင်ဘက် စံနစ်ကြီးကို ဗိုလ်ချုပ်ခမျာ အောင့်သက်သက်နဲ့ (မသိဘဲဘယ်နေပါ့မလဲ) လက်မှတ်ထိုး ပေးခဲ့ရတာလေး ကိုပြန်တွေးကြည့်ကြပါ။ ပင်လုံမှာ ရှမ်းစော်ဘွားတွေက လူထုအတွက်ဦးစားပေး တောင်းဆိုထားတာလား သူတို့အတွက်အဓိကထား တောင်းဆိုတာလားဆိုတာကို ပြန်ခွဲခြား စိတ်ဖြာကြည့်ကြပါအုံးလို့။
တစ်ခါ ရှမ်းစော်ဘွားဆိုတာ ပဒေသရာဇ်စံနစ်ဆိုတော့ သက်ဦးဆံပိုင်ပေါ့။ ၁၉၅၉-လောက်မှာ အခု တက္ကသိုလ် ရိပ်သာလမ်းပေါ်က နိုင်ငံခြားဘာသာတက္ကသိုလ် အနီးက ယခင် ယဉ်ဆွေ စားတော်ဆက် ဆိုင်ပိုင်ရှင်ဟာ ကိုးကန့်စော်ဘွားကြီးရဲ့ သမီိးပါ။ မြန်မာနံမည်တော့ မေ့နေပြီ။ OLIVE YOUNG လို့ခေါ်ပါတယ်။ အခု လော်စစ်ဟန်တို့ရဲ့ ဆရာကြီးပေါ့။ ရုပ်ရှင်မင်းသမီးကြီး တယောက်နဲ့ ပတ်သက်ပြီး ကျော်ကြားခဲ့ပါတယ်။ သူကငယ်ငယ်က ယောကျာ်းစိတ်ပေါက်နေသူ။ စိတ်ကလည်း တကယ်ဆတ်တယ်။ သွားလေရာ မြင်းစီးသွားတယ်။ ခါးကြားမှာ ခြောက်လုံးပြူးနဲ့။ တစ်ခါက လာရှိုးသိန္နီစော်ဘွားကြီး ဟော်နန်းကို လာလည်ပါတယ်။ ဟော်နန်းအပေါက်ဝမှာ ဂေါ်ရခါးအစောင့်နှစ်ဦးက ဟိုခေတ်ကာလ ထုံးစံအတိုင်း ရှေးခေတ်က ရိုင်ဖယ်သေနတ် အရှည်ကြီးတွေကို ကန့်လန့်ခံပြီး တားရပါတယ်။ ပြီးလုံခြုံရေးက လာမေးပါမယ်။ သူက တစ်ခါထဲ ပစ်စတို ကိုထုတ်ပြီး ဂေါ်ရခါးစစ်သားနှစ်ဦးကို ရင်ဝတွေချည်း ပစ်ချထဲ့လိုက်ပါတယ်။ သေကုန်ပါတယ်။ တစ်ခါရှမ်းပြည်သူလူထုဟာ အစိုးရကိုလည်း အခွန်ဆောင်ရ စော်ဘွားတွေကိုလဲ အခွန်ဆောင်ရတော့ အခွန်နှစ်ထပ်ဆောင် နေကြရပါတယ်။ စော်ဘွားတွေကိုလဲ အခုထိုင်းမှာ ဘုရင်ကြီးကို ကြောက်ကြရလို ကြောက်ကြရပါတယ်။ စော်ဘွားသမီိးဆိုတော့ အပြစ်မဖြစ်အောင်လုပ်ပေးကြရပါတယ်။ ဆိုလိုတာကတော့ မလေးရှားမှာ လွန်ခဲ့တဲ့နှစ် အနည်းငယ်အထိ ဘုရင်သားသမီးတွေက လူသတ်ရင်တောင် ပြစ်မှုမမြောက်ဆိုရတဲ့ စံနစ်ကြီးရှိခဲ့သလို ပဒေသရာဇ်စံနစ်ကြီးနဲ့ ဒီမိုကရေစီစံနစ် ဘယ်လိုမှ စပ်ဟလို့မရတဲ့ စံနစ်နစ်ခုကို ပင်လုံစာချုပ်မှာ သဘောတူထားရတာပါ။ ဆယ်နှစ်ပြည့်ရင် ခွဲထွက်ခွင့်ဆိုတာတော့ ကျနော်မဖတ်မိပါဘူး။
အဲဒါကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းက အိမ်စောင့်အစိုးရလက်ထက်မှာ ဒီပဒေသရာဇ်စော်ဘွားစံနစ်နဲ့ ဒီမိုကရေစီစံနစ်နစ်ခုဟာ သဟဇာတ မဖြစ်နိုင်ဘူးဆိုတာကို ကျေကျေလည်လည် ဆွေးနွေးပြီး အိမ်စောင့်အစိုးရ လက်ထက်မှာ ရှမ်းစော်ဘွားတွေကို ပြည်သူလူထုဆီက မတန်တဆ အခွန်ကောက်ခံနေတာတွေ ရပ်ဆိုင်းပေးပြီး ပဒေသရာဇ် စော်ဘွားစံနစ် (အာဏာ) စွန့်လွှတ်ဖို့ကို လျှော်ကြေးတွေ သိန်းပေါင်းများစွာပေးပြီး လက်မှတ်ထိုးပြီး စွန့်လွှတ်ခိုင်းလိုက်ပါတယ်။ စော်ဘွားတွေကလည်း သဘောတူ လက်မှတ်ထိုး ပေးခဲ့ပါတယ်။ တကယ်လဲ အစိုးရအုပ်ချုပ်ရေးနဲ့ ပဒေသရာဇ် စော်ဘွားအာဏာက ခဏခဏ ထိပ်တိုက်ရင်ဆိုင်လာရပါတယ်။
ပြီး ၁၉၆၂- မှာ စော်ဘွားတွေဦးဆောင်ပြီး ရှစ်ပြည်နယ်မူ လုပ်လာတော့ ပြသနာက ခေါင်ခိုက်သွားတော့တာပါ။ စော်ဘွား အာဏာစွန့်လွှတ်ဖို့ လျှော်ကြေးတွေ မတရားအများကြီး ပေးထားရမှ မကြာသေးဘူး။ တစ်ခါအုပ်ချုပ်ရေးမှာ တဖက်လှဲ့ ပြန်ရှုပ်လာတယ်လို့ ဦးနေ၀င်းရော စစ်တပ် အသိုင်းအ၀ိုင်းကပါ မြင်လာပါတယ်။ အဲဒီတုန်းကသာ ရှစ်ပြည်နယ်မူဆိုတာ လက်ခံလိုက်ရရင် အရှိန်မသေသေးတဲ့ ပြည်တွင်းစစ်နဲ့ တစ်ခါ အစိုးရထဲမှာ အုပ်စုတွေ အစိပ်စိပ်မွှာမွှာ ပြိုကွဲနေချိန် တိုင်းပြည်အရေး တွေးကြည့်ရင် ဘယ်လိုဖြစ်လာ မလဲတောင် မတွေးတတ်တော့ပါဘူး။ ဒါကြောင့်ဦးနေ၀င်း အာဏာသိမ်းတာကို နိုင်ငံရေးသမားကြီးတချို့က ထောက်ခံကြပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း အာဏာကို မစွန့်လွှတ်တော့ဘဲ တကိုယ်ကောင်း ဆန်လာတော့မှသာ ပြန်ကန့်ကွက်ခဲ့ကြတာပါ။ ဒါတွေက သမိုင်းတွေပါ။ ကျနော်တို့က ငယ်ပါသေးတယ်။ အာဏာသိမ်းတယ်ဆိုတာကို နားမလည်သေးပါ။ အာဏာဆိုတာ ဘာလဲမေးတယ်။ ရှင်းပြတာကို နားမလည်သေးတဲ့ အရွယ်ပါ။
အချုပ်အနေနဲ့ မြန်မာနိုင်ငံကြီးကနေ အားလုံးခွဲထွက်ဖို့ အကြံအစည် မထားကြသူမှန်ရင် နိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေမဲ့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးမူနဲ့လည်း ဆန့်ကျင်နေတဲ့ လူမျိုးနဲ့ ကန့်သတ်ထားမှုကို ရှောင်ရှားပြီး နိုင်ငံတကာ ပညာရှင်ကြီးတွေရဲ့ အကြံဥာဏ်ရယူလုပ်ဖို့  သင့်တော်ပါမယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ နိုင်ငံသူ၊ နိုင်ငံသားတိုင်းအပေါ် လွှမ်းမိုး အကျိုးသက်ရောက်စေမယ့် အရေးကိစ္စ နိုင်ငံသားတိုင်းရဲ့ ရှေရေးမို့ နိုင်ငံသူနိုင်ငံသားတိုင်း ပြောဆိုဝေဖန် အကြံပြုခွင့်ရှိသော အရေးကိစ္စဖြစ်သလို ဒီမိုကရေစီစံနစ် ဆိုတာဟာလဲ အမြင်မတူတာတွေကို ကြေကြေလည်လည် သဘောထားကြီးကြီး ဆွေးနွေးခွင့်တင်ပြခွင့် ရှိပါတယ်။ အားလုံးကိုလဲ မငယ်နိုင်၊ လောကပါလ၊ Salai Kipp Kho Lian နာမည်ထုတ်ဖေါ်ပြီး ရေးလာသော ကိုအောင်မြင့်တို့လို တချို့သောသူများလို သဘောထားကြီးကြီး မိမိအတွေ့အကြုံ အမြင်တွေကို စာဖတ်သူများ ပိုမိုအသိအမြင် ကျယ်လာအောင် ပြည့်ပြည့်စုံစုံ တင်ပြကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
န.အ.ဖ.လို နိုင်ငံအရေးဟာ တိုင်းသူပြည်သားတွေနဲ့ မဆိုင်မပါနဲ့ လုပ်ချင်တဲ့ စိတ်ဓါတ်လေးတွေကို ပြန်စဉ်းစားကြ သုံးသပ်ကြပါလို့ ပြောရင်း နိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ၁၉၄၇-ခုဥပဒေဟာ နယ်ချဲ့အောက်မှာ အတည်ပြုခဲ့ရတဲ့ အရေးပေါ်ဥပဒေပါ။ တက်သုတ်ရိုက်ဆွဲခဲ့ရတဲ့ ဥပဒေပါ။ တစ်ခါ ၁၉၇၄- ဥပဒေကတော့ စစ်ဗိုလ်ချုပ်တွေ တစ်ဦးထည်း အာဏာအကန့်သတ်မဲ့ ချုပ်ကိုင်ရေးအတွက် လူထုကို ဗြောင်လိမ်လုပ်သွားတဲ့ ဥပဒေပါ။ အခုနာဂစ်ကတော့ အာဏာအယစ်မူးဆုံး အတ္တလွန်ကဲရာမှာ ကမ်းအကုန်ဆုံး လူယုတ်မာကြီး တဖက်သတ် ရေးဆွဲထားပြီး တိုင်းရင်းသားအဖွဲ့တွေရဲ့ တင်ပြခွင့်ကိုတောင် တစက်ကလေး ထဲ့မစဉ်းစားထားတဲ့ တိုင်းပြည်မှာ ပြည်ပကိုကျွန် ငါးသန်းမွေးထုတ် ပေးလိုက်တဲ့ ဥပဒေကြီးပါ။ အခုနယ်စပ်မှာ ဆွဲထားတာကလဲ မြန်မာလူထုက တရားဝင်လွှတ်ထားသူတွေ မဟုတ်တော့ ဒါဟာ အခြေခံအနေနဲ့ ယူလို့ဘဲရပါမယ်။ ဒါကို လက်ခံရမယ်လို့ မလုပ်သင့်ပါဘူး။ ပြည်တွင်းက ဗမာတွေ ဘာမှန်းတောင် မသိကြရသေးပါဘူး။ ဗမာတွေမှာ ကြိုက်ခွင့်ရှိသလို မကြိုက်ခွင့်ဆိုတာဟာလဲ ဒီမိုကရေစီ အခွင့်အရေး တရပ်ဆိုတာကိုတော့ သတိကပ်သင့်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ပင်လုံလို လူမျိုးစုအားလုံး တန်းတူရည်တူ ပါဝင်ပြီး ဆွေးနွေးညှိနိုင်း အခြေခံမူကို ချမှတ်ပြီး လူမျိုးစုတိုင်း မျှမျှတတဖြစ်မဲ့ ဥပဒေသာလျှင် ရေရှည်တည်တံပါမယ်။ ရေရှည်တည်တံ့ဖို့ မျှမျှတတရှိရပါမယ်။ နောက်ဆုံး တိုင်းတပြည်လုံး နိုင်ငံသူ၊ နိုင်ငံသားတိုင်းအားလုံး မဲမထဲ့မနေရ သတ်မှတ်ပြီး နိုင်ငံတကာ အကဲခတ်သူတွေ လေ့လာခွင့်ပေးပြီး လွတ်လပ်တရားမျှတတဲ့ လူထုဆန္ဒခံ ယူပွဲကြီးလုပ်ပြီးမှသာ အခြေခံဥပဒေဟာ အတည်ပြုရမှာပါ ဆိုတာလေး သတိကပ်ကြဖို့ပါ။
အားလုံးကိုလေးစားလျှက် နှင့်ဒီအခြေခံဥပဒေကိစ္စဟာ ဆတ်ဆတ်ထိမခံတဲ့ ပြသနာဆိုတာ သိလျှက်နင့် မကြာခင်ရှောင်လွှဲမရဘဲ ကိုင်တွယ်ရတော့မဲ့ကိစ္စမို့ ရှောင်လွှဲမနေသင့်လို့ ပွဲဆူမယ် မကျေလည်သူတွေ များလာမယ် ဆိုတာကို သိသိနဲ့ ရေးလိုက်ရပါတယ် ဆိုတာ နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်လျှက်....
လှိုင်မြင့်
ဒေါက်တာလှိုင်မြင့်ရဲ့ ယခင်ဆောင်းပါးများ ပြန်လည်ဖတ်ချင်ရင် Labelsမှ ဒေါက်တာလှိုင်မြင့် ဆောင်းပါးများကို နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါရန်...