ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၄) (ဆောင်းပါးရှင် The Peace)

ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ  အပိုင်း(၄)
(ဆောင်းပါးရှင် The Peace)
ဒီအပိုင်းမှာတော့ ပထမဦးဆုံး အနေနဲ့ စာဖတ်သူတွေကို ဒေါသသင့်စေခဲ့တဲ့ စာတွေကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရင် တောင်းပန်ပါတယ်လို့ အရင်ပြောပါရစေ။

ကျွန်တော်ဒီဆောင်းပါးကို စရေးကတည်းက ဘယ်လူမျိုးကိုမှ အပြစ်တင်ဖို့၊ အပြစ်ပုံချဖို့ ရည်ရွယ်ချက်နဲ့ ရေးတာ မဟုတ်ပါဘူး။ စရေးကတည်းက ရည်ရွယ်ချက်က ဖက်ဒရယ်ကို ကြောက်နေတဲ့ စိတ် (တန်းတူ အခွင့်အရေးပေးရမှာကို ကြောက်တဲ့စိတ်) ကို ပြေပျောက်သွားစေဖို့ပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အေးချမ်းရာ အေးချမ်းကြောင်း ဖြစ်လာအောင်လို့ ရေးထားပါ။ ဒါ့ကြောင့် အရင်အပိုင်းတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့တာရှိရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။

အပိုင်း ၃ မှာ နည်းနည်းလေး ထိခိုက်ရေးသားတာ။ အပြစ်တင်တာနဲ့တင် လူတွေ ဒေါသစိတ်ဖြစ်လာပါပြီ။ အပြစ်တင်တာနဲ့ ပတ်သက်လို့ ပြောချင်တာ တစ်ခုရှိတယ်။ အပြစ်တင်ခံရတာကို ဘယ်သူမှ မကြိုက်ပါဘူး။ တခြားသူမပြောနဲ့ ညီအစ်ကိုချင်း၊ သားအဖချင်းတောင် အပြစ်တင်ရင် စိတ်ဆိုး စိတ်တိုတတ်ပါတယ်။ အပြစ်တင်ရင် မုန်းတတ်ကြတာလဲ သဘာဝပါ။ အပြစ်တင်တဲ့ အခါမှာ လူကို အပြစ်တင်တာနဲ့ အမှားကို အပြစ်တင်တာ (၂) မျိုးရှိပါတယ်။ အမှားကို အပြစ်တင်တာ တင်သင့်တယ်လို့ ထင်ပါတယ်။ အပြစ်တင်တယ်ဆိုတာထက်။ အမှားကို ထောက်ပြတယ်ဆို ပိုကောင်းပါမယ်။ အပြစ်တင်ခံရသူဟာ ဆင်ခြင်တတ်တဲ့ သူဆိုရင် လူကိုအပြစ်တင်တာလား။ အမှားကို အပြစ်တင်တာလား ဆိုတာကို ခွဲခြားပြီး မြင်နိုင်ပါတယ်။ 

ဒါပေမယ့် လူတွေက ကိုယ်မှားတာကို ထောက်ပြရင် သိပ်မကြိုက်ကြပါဘူး။ မကြိုက်တဲ့ အတွက် ဒေါသစိတ်ဖြစ်ပါတယ်။ ဒေါသဖြစ်တဲ့ အခါ အာဏာရှိရင် အာဏာအားကိုးမယ်။ စကားတတ်တဲ့ သူဆို စကားနာထိုးမယ်။ ဒါလည်း သဘာဝ ပါပဲ။ ဒါပေမယ့် မှားနေရင် အမှားကို မှားတယ်လို့ ပြောမှ အမှန်ပြင်မှာ ပါ။ ဒါကြောင့် မှားနေရင် မှားနေတယ်လို့ ပြောရမှာဟာ လူတွေရဲ့ တာဝန်ပါ။ လူဖြစ်တဲ့ ကျွန်တော်တို့ဟာ လူ့တာဝန်ကို သိသလောက်တော့ ထမ်းဆောင်ကြမှ ကမ္ဘာလောကမှာ ဖြစ်နေ ပျက်နေတဲ့ ဒုက္ခကနေ အနည်းငယ် သက်သာရာ ရကြမှာပါ။

ပြည်ထောင်စုသားတွေဟာ ညီရင်းအစ်ကိုလို့တော့ ပြောကြပါတယ်။ ဗမာတွေကလည်း တိုင်းရင်းသားတွေကို ချစ်တယ်လို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကလည်း ဗမာတွေကို ချစ်ကြပါတယ်။ ဒါတွေဟာ အမှန်တွေပါ။ ကိုယ့်ဒေသရောက်လာတဲ့ ဗမာ ဧည့်သည်ကို ရှိတာလေးနဲ့ ချက်ပြုတ်ကျွေးမွေး၊ အိမ်ဦးခန်းမှာထားပြီး ဧည့်ဝတ်ကျေပွန်ကြတဲ့ တိုင်းရင်းသားတွေကို ဗမာတွေ ကြုံဖူးကြမှာပါ။ အဲဒီလိုပဲ တိုင်းရင်းသားဆို ရိုးသားတယ်ဆိုပြီး မြို့ပေါ်ရောက်ရင် အစစ အရာရာ ကူညီတတ်ကြတဲ့ ဗမာတွေလည်း အများကြီးပါပဲ။ ဒါတွေဟာ လူအများစုက ပြုမှုတတ်ကြတဲ့ သဘာဝပါ။

ဒါ့ကြောင့်လည်း ဗမာနဲ့ တိုင်းရင်းသားလူမျိုးစုတွေ တစ်ယောက်နဲ့ တစ်ယောက် မမုန်းကြတာပါ။ အပြန်အလှန် မိတ်ဆွေတွေ သူငယ်ချင်းတွေရှိကြပါတယ်။ ဒါပေမယ့် လူနည်းစု လူလည် လူညစ်တွေရှိပါတယ်။ ဒါလည်း သဘာဝ တရားထဲက တစ်ခုပါပဲ။ အောက်ခြေလူတန်းစား လူလည်လူညစ်၊ လူလတ်တန်းစားလူလည်လူညစ်၊ခေါင်းဆောင် လူလည်လူညစ် ဆိုပြီး ရှိပါတယ်။ အောက်ခြေလူတန်းစား လူလည်ကြပြီးညစ်ရင် တစ်ယောက် နှစ်ယောက်ပဲ နာပါတယ်။ လူလတ်တန်းစားညစ်ရင် တစ်ရပ်တစ်ရွာ နာနိုင်ပါတယ်။ ခေါင်းဆောင်ဆိုသူက လူလည်ကျပြီး ညစ်ရင်တော့ တစ်တိုင်းလုံး တစ်ပြည်လုံးနာပါတယ်။

လူလည်ကျပြီး ညစ်ပြီဆိုကတည်းက အညစ်ခံရသူကတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာသွားပါပြီ။ ညစ်တဲ့သူကတော့ ခဏတာ အနိုင်ရသလို ထင်ကောင်းထင်ရပါမယ်။ ဒါပေမယ့် သူဟာ တစ်ဖက်က လူလိမ်လူညစ်အဖြစ် သတ်မှတ်ခံလိုက်ရပြီ။ သူနာသွားပါပြီ။ ဘာနဲ့မှ လဲလှယ်လို့ မရတော့တဲ့ ကိုယ့်ကျင့်သိက္ခာကို ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုနဲ့ အလဲအထပ်လုပ်ပစ်လိုက်တာ မှားတာပါပဲ။ အဲတာဟာ တော်တာ မဟုတ်ပါဘူး။ အမှန်ကို မမြင်နိုင်တဲ့ ကြီးစွာသော မှားယွင်းမှုပါ။ မိမိရဲ့ သဘောထား သေးသိမ်းမှုကြောင့်၊ မိမိသာ အသာရလိုမှုကြောင့် ပြုတဲ့ အမှားပါ။ ဒီအမှားမျိုးကို ခေါင်းဆောင်ဆိုသူက လုပ်မိရင် တစ်တိုင်းလုံး တစ်ပြည်လုံး နစ်နာပါတယ်။

အဲလိုအမှားမျိုးကို ဘယ်လိုပြန်ပြင်ကြမလဲ။ ဒါကို ကျွန်တော်တို့ စဉ်းစားကြရပါမယ်။ လူတစ်ယောက် ပစ္စည်တစ်ခုကို ခိုးမိတယ်ဆိုပါစို့။ ပစ္စည်းပျောက်သူ စိတ်ဆင်းရဲမယ်။ ခိုးတဲ့သူဟာ သူခိုးဖြစ်နေမယ်။ နောင်တရပြီး အဲဒီပစ္စည်းကို ပိုင်ရှင်ကို ပြန်ပေးလိုက်တာနဲ့ သူဟာ သူခိုးလို့ သတ်မှတ်ခံနေရတာကနေ လွတ်သွားပါပြီ။ သူခိုး မဟုတ်တော့ပါဘူး။ သူဟာ လူကောင်းဖြစ်သွားပါပြီ။ လူတိုင်းသူ့ကို ခွင့်လွှတ်တယ်။ လူတိုင်းသူ့ကို ပြန်လည် ချစ်ကြည်ကြမယ်ဆိုတာ အသေအချာပါပဲ။ ဒါဟာ သဘာဝတရားတွေပါ။

၁၉၄၈ နောက်ပိုင်းမှာ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု ကြောင့် ပြည်နယ်တွေ အခွင့်အရေးမရဘဲ အညစ်ခံခဲ့ကြရပါတယ်။ အညစ်မခံရဘဲ အခွင့်အရေး တန်းတူရခဲ့တယ်ဆိုရင် ၈ ပြည်နယ် မူဆိုတာကို တင်လာမှာ မဟုတ်ပါဘူး။ ဒေါက်တာလှိုင်မြင့် ပြောခဲ့တဲ့ ရှမ်းပြည်က ပဒေသရာဇ်တွေ၊ ကချင်ပြည်က ပဒေသရာဇ်တွေ စသဖြင့်ပေါ့လေ။ သူတို့တွေက ဒေသခံပြည်သူတွေကို ခေါင်းပုံဖြတ်ချင်နေလို့ ၈ ပြည်နယ် ဖက်ဒရယ်ကို တင်ခဲ့သလို ပြောထားပါတယ်။ ဒါဟာ မှားယွင်းမှုပါ။ ဒီနေရာမှာ တစ်ခုပြောပါရစေ “ဗမာက ကရင်ကို ချစ်တယ်ဆိုတာ ကရင်၊ ကရင်ချင်း မုန်းသလောက်ပဲ ရှိပါတယ်” ဆိုသလိုပါပဲ။ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေချင်တာ ဒေသခံတိုင်းရဲ့ စိတ်ပါ။ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်လာရင် ဂုဏ်ယူဝင့်ကြွားကြတာ သဘာဝပါ။ ပဒေသရာဇ်တွေက ကိုယ့်နယ်တိုးတက်ဖို့ ကိုယ့်ဖာသာ လုပ်ပါလိမ့်မယ် ပူမနေပါနဲ့လို့ ပြောပါရစေ။

တရားဥပဒေဆိုတာ ရှိနေရင်။ ဘယ်ပဒေသရာဇ်မှ ထင်ရာလုပ်လို့ မရပါဘူး။ တရားဥပဒေစိုးမိုးတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံမှာ ဘယ်ပဒေသရာဇ်စနစ်မှ အသက်ရှင်ကြီးထွားခွင့် မရှိပါဘူး။ တရားဥပဒေက စောင့်ရှောက်သွားပါလိမ့်မယ်။ ပြည်သူတွေက သူတို့ကြိုက်တဲ့ ဦးဆောင်သူကို သူတို့ဖာသာ ရွေးပါလိမ့်မယ်။ ရှမ်းပြည်မှာ ဗမာတစ်ယောက်က တော်ရင်၊ ကောင်းအောင်လုပ်ပေးရင် အဲဒီ ဗမာခေါင်းဆောင်ကို ထောက်ခံကြမှာပါ။ ကောင်းအောင်လုပ်ပေးတဲ့ သူကလည်း ဒေါက်တာလှိုင်မြင့် ပြောသလို “ကောင်းတာ လုပ်ပေးချင်ရင်တောင် လူမျိုးမတူလို့ လိပ်ပြာမသန့်သလို ခံစားနေရမယ်” ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းတာလုပ်တာကို လိပ်ပြာမသန့် ဖြစ်တတ်တယ်လို့ ဘုရားဟောတာလည်း မကြားဖူးပါဘူး။ စာဖတ်သူကိုယ်တိုင်ရော စဉ်းစားကြည့်ကြပါ လူတွေဟာ လိပ်ပြာမသန့် ဖြစ်တယ်ဆိုတာ ကိုယ်က မဟုတ်တာ၊ မကောင်းတာကို လုပ်မိတဲ့ အခါမျိုးမှာ ဖြစ်တာပါ။

“ကောင်းတာလုပ်ပေးတဲ့ သူအတွက် လိပ်ပြာမသန့်စရာ ဘာမှ မရှိဘူး” ဆိုတာ ပြောပါရစေ။ ရှမ်းပြည်နယ်မှာ ပအိုးဝ်တော်ရင် ပအိုးဝ်ခေါင်းဆောင်ဖြစ်မှာပါ။ ကချင်ပြည်နယ်မှာ လီဆူးတော်ရင် လီဆူးခေါင်းဆောင်ဖြစ်လာမှာပါ။ ဒေသခံလူတွေက ရှုမြင်သုံးသပ်ဆုံးဖြတ်သွားပါလိမ့်မယ်။ အဲဒီဒေသက လူတွေဟာ လူတွေပါ။ လူလိုတွေးတတ်ပါတယ်။ အဲဒီလောက် မအကြပါဘူး။ လူမျိုးစွဲလည်း အဲဒီလောက် အစွန်းမရောက်ပါဘူး။ လူတွေကို လူလို့ သတ်မှတ်ရင် လူလိုဆက်ဆံ၊ လူလိုအခွင့်အရေးပေးသင့်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး (Human Rights) ပါ။

၁၉၄၈ ကနေ ၂၀၁၁ ခုအချိန်အခါထိ တန်းတူအခွင့်ရေး မပေးချင်လို့ ကိုယ့်အနာကို ကိုယ်မမြင်ဘဲ၊ သူများသိမှာစိုးလို့ ဆင်ခြေတွေနဲ့ဖုံး မျိုးချစ်စိတ်အမည်ခံ မုဿဝါဒတွေနဲ့ ဖုံးပြီးထားရင် ဒီအနာဟာ မပျောက်ဘဲ အတွင်းလှိုက်စားပြီး၊ အနာပိုကြီးလာမယ် နောက်ပိုဆိုးလာပြီး ခြေလက်ဖြတ်ပြစ်ရတဲ့ အဖြစ်မျိုး ရောက်မှာ စိုးလို့ ဒီစာကိုရေးတာပါ။ နောက်ပြီး တန်းတူလုပ်တယ်ဆိုတာ ပြည်ထောင်စုတစ်ခုလုံးကို ဗမာချည်း ဖြစ်အောင် လုပ်ပစ်တာ မဟုတ်ဘူးဆိုတာကိုလည်း သိဖို့လိုပါတယ်။ ဒါကိုအကျယ်တဝင့် ရေးရင် အများကြီးရေးဖို့လိုပါတယ်။ နောက်မှ အလျဉ်းသင့်ရင် ရေးပါ့မယ်။

ရှေးပဝေသနီက ကိုယ့်ပြည်၊ ကိုယ့်စကား၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်တွေ (ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ ရှမ်းပြည် စတဲ့ တိုင်းပြည်ငယ်- စင်ကာပူနိုင်ငံထက်တော့ ကြီးတာချည်းပါပဲ) ပြည်ထောင်စုအဖြစ် တည်ဆောက်ကြတဲ့ အခါမှာလည်း ကိုယ့်တိုင်းပြည်တွင်း (ကိုယ့်ပြည်နယ်တွင်း) မှာ ကိုယ့်အမျိုးဘာသာ သာသနာကို လွတ်လပ်စွာ သင်ယူပြဋ္ဌာန်း ကိုးကွယ်ခွင့် တိုးတက်အောင် လုပ်ဆောင်ခွင့် ရှိသင့်တယ်၊ ရှိရမယ်ဆိုတာ အေးချမ်းစည်ပင်ဝပြောရေးအတွက် အခြေခံ အကြောင်းအချက်ပါ။

၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှာ ခေါင်ဆောင်ခွင့်ကို ကံအားလျော်စွာရခဲ့တဲ့ ခေါင်းဆောင်တွေလုပ်ခဲ့တဲ့ တန်တူရေးဟာ ပြည်ထောင်စု တစ်ခုလုံးကို အားလုံးဗမာချည်းဖြစ်ပြီး တန်းတူသွားရေး လုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံးက ပြည်ထောင်စုအဖွဲ့ဝင် တိုင်းပြည်တွေ (ကချင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ကယားပြည်၊ ကရင်ပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်) အားလုံးကိုဗ မာဖြစ်လာအောင် Burmanization ပြုလုပ်ခြင်းကြောင့် လုပ်ခဲ့တဲ့အတွက် မျိုးဖျောက်မခံနိုင်တဲ့ မျိုးချစ်စိတ်ရှိတဲ့ တိုင်းပြည်က လူမျိုးစုတွေနဲ့ ရော၊ အမှန်ကို မြင်တဲ့ အမြင်ကျယ်တဲ့ ဗမာ၊ ဗမာချင်းပါ အကွဲအပြဲတွေ စဖြစ်ပါတော့တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မမျှတသော၊ တန်းတူညီမှု မရှိသော၊ မတရားသော လုပ်ဆောင်ချက်၊ ပြဋ္ဌာန်ချက်များကြောင့် ဖြစ်ပါတယ်။

အဲဒီဂယက်ဟာ ဘယ်လောက်ပြင်းသလဲဆို နှစ်ပေါင်း ၆၀ ကျော်တာတောင် သေနတ်ပေါက် နေတုန်းပါပဲ။ ၁၈၈၅ သီပေါမင်း ပါတော်မူတာကနေ တွက်ရင် ၁၉၄၈ ထိ နှစ်ပေါင်း ၆၃ နှစ်ပါ။ ၁၉၄၈ ကနေ ၂၀၁၁ ထိ ၆၃ နှစ် ရှိပါပြီ။ အမြင်မှန်မရှိတဲ့ ဆုံးဖြတ်မှုကြောင့် ကျန်လူမျိုး ၇ မျိုးသာမက ဗမာ အပါအဝင် လက်သစ်ကိုလိုနီ စနစ်ဆိုးကို ခံစားခဲ့ရတာ တိုင်းပြည်လည်း အဖက်ဖက်က ယိုယွင်း ပျက်စီးလာခဲ့ရပါပြီ။

အဲဒီအရောင်ဆိုးမှု မျက်မှန်စိမ်းတပ်ပေးမှုဟာ သာမာန်လူကို မပြောနဲ့ ဒေါက်တာလှိုင်မြင့်လို့ ပညာတတ် ပုဂ္ဂိုလ်မျိုးကိုတောင် အရောင်းဆိုးပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မျိုးချစ်စိတ်ကိုပဲ အခြေခံထားလို့ပါ။ ဒါပေမယ့် ဒါဟာ မြင့်မြတ်သော၊ တရားသော၊ မျှတသော မျိုးချစ်စိတ် မဟုတ်ပါဘူး။ ပြည်ထောင်စုတိုင်းပြည်ကို ကောင်းကောင်းမတည်ဆောက်နိုင်ခဲ့ပါဘူး။ ပြည်ထောင်စုဟာ တိုးတက်သော ပြည်ထောင်စု ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြည်ထောင်စုမျိုးတည်ဆောက်ရလို့ “ဗမာပြည်နဲ့ ဗမာစကား ပျောက်ရမယ်၊ ဗမာ့ယဉ်ကျေးမှု ပျောက်ရမယ်ဆိုရင်” ခွဲထွက်ရေးကို ဘယ်သူတွေ အရင်ဆုံး တောင်းဆိုကြမယ် ထင်ပါသလဲ။

ဒါ့ကြောင့် တိုးတက်သော၊ အေးချမ်းသော ပြည်ထောင်စုကို တည်ဆောက်ဖို့ ဆိုရင် အခွင့်အရေး တန်းတူသော အခြေခံဥပဒေကို ရေးဆွဲရပါမယ်။ ၁၉၄၈ အခြေခံဥပဒေဟာ ပြည်နယ် ၇ ခု က လူမျိုးစု ၇ ခုကို ကိုယ်စားပြု၊ တိုင်း ၇ ခုက ဗမာကို ကိုယ်စားပြု လုပ်ခဲ့တာကြောင့်ရယ်၊ တန်းတူးအခွင့်အရေး မပေးဘဲ မှားယွင်းစွာလုပ်ဆောင်ခဲ့တာတွေ ကြောင့်ရယ် ကျန်တဲ့ လူမျိုးတွေ နေတဲ့ ဒေသတွေမှာ ယဉ်ကျေးမှု၊ လူနေထိုင်မှု တွေ အဖက်ဖက်က ယိုယွင်းပျက်စီးခဲ့တဲ့အပြင်၊ ဒေသခံတွေပါ၊ အစော်ကားခံရ၊ ရွာလုံးကျွတ်မီးရှို့ခံ အဖျက်ခံရတာတွေကြောင့် အယုံအကြည်မရှိကြတော့တာပါ။ လွတ်လပ်ရေးရပြီးတော့ လက်နက်တွေကို စုဆောင်းထားခွင့်၊ စစ်အင်အားကို သုံးစွဲခွင့်၊ အစိုးရအဖြစ် ရပ်တည်ခွင့် ဟာ ဗမာလူမျိုးတွေမှာ အားသာချက်အဖြစ်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် လက်နက်မရှိသော၊ စစ်အင်အား ထူထောင်ထားခြင်းမရှိသော လူမျိုးစုနေထိုင်ရာ တိုင်းပြည်တွေက သူပုန်ဆိုပြီး အသတ်မှတ်ခံရ၊ သောင်းကျန်းသူ ဆိုပြီး သမုတ်ခံရတဲ့ တော်လှန်ရေး စစ်ပွဲ တွေ နှစ်ပေါင်း ၆၃ နှစ်ကျော် ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ ခုလက်ရှိ မြန်မာပြည်ဟာ လွတ်လပ်ရေးသာ မရခဲ့သေးရင် ခုထိ တိုက်နေဦးမှာ ဖြစ်သလို၊ လက်ရှိ တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့လိုချင်တဲ့ လွတ်လပ်ရေး၊ တန်းတူရေး၊ မျှတရေး မရသေးသရွေ့တော့ နှစ်ပေါင်း ရာချီလည်း ဆက်လက် တိုက်ခိုက်နေကြဦးမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း မျိုးချစ်စိတ်ကို အခြေခံတာပါပဲ။

ဒါ့ကြောင့် မှန်ကန်စွာ၊ တရားမျှတစွာ၊ စိတ်သဘောထားကြီးစွာ စဉ်းစားဆုံးဖြတ်ကြဖို့လိုပါတယ်။ သဘောထားကြီးခြင်း၊ မျှတစွာဆုံးဖြတ်ခြင်း၊ အားနည်းသူကို ညှာတာခြင်းဆိုတာ ရေရှည်မှာ ကောင်းတာတွေချည်း ပြန်ရတဲ့ မြုပ်နှံမှုတွေပါ။ ကောင်းသောမျိုးစေ့ကို ချရင် ကောင်းသောအသီးကို စားရမှာပါ။ တရားမျှတမှုအတွက် ကောင်းသော အမြင်ရှိဖို့ မှားတဲ့ အမြင်တွေကို ရှင်းလင်းအောင် ပြောပြ ရှင်းပြရပါမယ်။ အမြင်မှားကို အရင်ရှင်းထုတ်ရပါမယ်။ နိဗ္ဗာန်ရောက်ဖို့ အတွက်ဆိုလည်း အယူမှားကို အရင်ရှင်းထုတ်ရပါတယ်။ အဲဒီလိုပါပဲ အေးချမ်းသော၊ သာယာသော၊ တရားမျှတသော၊ တန်းတူညီသော ပြည်ထောင်စုကို တည်ဆောက်ချင်တယ်ဆိုရင် အမြင်မှားတွေကို အရင်ရှင်းထုတ်ရပါမယ်။ အမြင်မှားတွေကို ဘယ်လို ရှင်းထုတ်ကြမလဲ ဆိုတာကို ကျွန်တော်တို့ ဝိုင်းစဉ်းစားကြရပါမယ်။

ပြည်ထောင်စုစိတ်ဓာတ် တကယ်ရှိကြရဲ့လား ဆိုတာကို တကယ်ပြကြဖို့နဲ့ ပြည်ထောင်စုကို တကယ်ချစ်ကြဖို့ နောက်တစ်ပိုင်းမှာ ဆက်လက် တင်ပြပါ့မယ်။

ဆက်ရေးပါမည်။

The Peace