ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အရူးပါးစပ် နဲ့ နတ်စကား (၁) (ဆောင်းပါးရှင် လောကပါလ)

အရူးပါးစပ် နဲ့ နတ်စကား (၁)
(ဆောင်းပါးရှင် လောကပါလ)

ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ်

Leonardo Di Caprio နဲ့စာရင် Frank William Abagnale ကိုသိသူအတော်အတန်နည်းပါလိမ့်မယ်။ ဒါတောင် Steven Spielberg က Frank ရဲ့ အထ္ထုပ္ပတ္တိကို Catch Me If You Can အမည်နဲ့ ရိုက်ကူးပြီး အောင်မြင်စွာထုတ်လုပ်ခဲ့ဘူးလို့ပါ။ Leonardo Di Caprio နဲ့အတူ Oscar နှစ်ဆုရ မင်းသားကြီး Tom Hanks ပါဝင်အားဖြည့်ထားတာမို့ ဖျော်ဖြေရေးအရ ထိပ်တန်းကားတကား ဖြစ်ခဲ့ သလို ဒီကားကြောင့် Frank W Abagnale ကို လူသိပိုများလာခဲ့ပါတယ်။

အသက်မွေးမှုတခုပညာ ကိုယ်စီပါဆိုပေမဲ့ လိမ်လည်ခြင်းဆိုတဲ့အတတ်ပညာနဲ့ တရားဥပဒေရဲ့ ပြင်ပမှာရော ဥပဒေဘောင် အတွင်းမှာပါ တစိုက်မတ်မတ် အသက်မွေးခဲ့တယ် ဆိုတာကတော့ Abagnale ရဲ့ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ဥပဒေပြင်ပမှာ နည်းမျိုးစုံနဲ့ လိမ်စားခဲ့ပြီး ဥပဒေဘောင်တွင်းမှာတော့ အဲဒီကိုယ်တွေ့ လိမ်နည်းတွေကို ဖေါ်ထုတ်သတိပေးတဲ့ အလိမ်မခံသင်တန်းမျိုး ဖွင့်စားခဲ့တာကို ဆိုလိုတာပါ။ ဒီထူးခြားချက်ကြောင့်ဘဲ ဒါရိုက်တာကြီး Steven Spielberg သည်ဇာတ်ကားကို ရိုက်ခဲ့ဟန်တူပါတယ်။ ထားပါတော့။ ပြောချင်တာ ဒါအဓိက မဟုတ်ပါဘူး။
မိဘနှစ်ပါး အိမ်ထောင်ရေးပြိုကွဲမှုကြောင့် ၁၆နှစ်သားနဲ့ အိမ်က ထွက်ပြေးခဲ့တဲ့ Frank ဟာ ၁၉နှစ်သားအရွယ်မှာတော့ ဒေါ်လာ ၂သန်းခွဲ လက်ဝယ်ပိုက်မိနေပါပြီ။ လက်ဝယ်ပိုက်တယ် ဆိုတာထက် ဒေါ်လာ ၂သန်းခွဲတန်ချက်လက်မှတ်တွေကို ပိပိယိယိ ဖန်တီးခဲ့ပြီး အမေရိကန်တဝှမ်းသာမက ၂၆နိုင်ငံကျော်မှာ ရှိတဲ့ ဘဏ်တွေအထိ ဖြန့်ဝေခဲ့ပြီးဖြစ်နေပြီလို့ဆိုရမှာပါ။ ဒါတွင်လားဆိုတော့ မဟုတ်သေး ပါဘူး။ ဒီလောက်ကြီးကျယ်တဲ့ စာရွက်တုတွေဖန်တီးပြီး ဒီလောက် များပြားတဲ့ ငွေတွေကို ယုတ္တိရှိရှိ ခန့်ခွဲနိုင်အောင် သူ့ကိုယ်သူ တွဲဖက်လေယာဉ်မှူး၊ ကလေးကုဆရာဝန်၊ ပါမောက္ခ၊ ရှေ့နေ၊ စတော့ရှယ်ယာပွဲစား၊ ရုပ်ရှင်ဇာတ်ညွှန်း ရေးဆရာ စသည်ဖြင့် ဘဝအတုတွေ အတော်များများ ဖန်တီးနေထိုင်ခဲ့သူပါ။

ရှိရင်းအသက်ထက်ပိုကြီးတယ်လို့ အထင်ခံရလေ့ရှိတဲ့ သူ့ရုပ်ရည်ကြောင့် အသက်တုနဲ့ မှတ်ပုံတင်တု ဖန်တီးရာမှာ အခက်ခဲမရှိလှပေမယ့် ပညာ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ တပုံတပင်လိုအပ်တဲ့ အသက်မွေးမှုတခုတလေကို ပီပီပြင်ပြင် တုပဘို့ဆိုတာကတော့ မလွယ်လှပါဘူး။ Frank ရဲ့ထူးခြားတဲ့ ဟန်ပန်နဲ့ ကံကြီးမှုကြောင့်သာ ဒီအခက်အခဲတွေကို အချိန်အတန်ကြာကျော်လွှား လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ မေးမြန်းစပ်စု သင်္ကာမကင်းဖြစ်သူတွေကိုတော့ ဘယ်နေရာရောက်ရောက် ရှောင်လို့မလွတ်ခဲ့ပါဘူး။ နောက်ဆုံး အဲသည်လိုလူတွေထဲကတယောက်ရဲ့သတင်းပေးမှုနဲ့ ရဲလက်ကို သူရောက်ခဲ့ရတာပါ။ ဒီနေရာမှာ ဆယ်ကျော်သက်လူဆိုး (အဖမ်းခံရချိန် မှာ သူ့အသက်မှန်က ၂၁ နှစ်သာရှိပါသေး တယ်) Frank ရဲ့ ဇွဲနဘဲ ဟာလဲစိတ်ဝင်စားစရာပါ။

အလုပ်ပင်ပန်းလွန်းလို့ လူနာတွေနဲ့ဝေးဝေးလာနေသူ ကလေးကုဆရာဝန် အယောင်ဆောင်ပြီး Gorgia ပြည်နယ် Atlanta မှာရှိနေတုံး ခရိုင်ဆေးရုံကြီးက ကလေးအထူးကု ဆရာဝန်ကြီး (အစစ်) တစ်ဦး သူ့အိမ်အောက်ထပ်ကိုပြောင်း လာတာနဲ့ကြုံရပါတယ်။ ရောက်စအိမ်နီးချင်း တဦးအနေနဲ့ရော လုပ်ငန်း တူဆရာဝန်အဖြစ်နဲ့ပါ သူ့အခန်းအထိ ကိုယ်တိုင်လာပြီး မိတ်ဖွဲ့ခဲ့တာပါ။ အဲသည်ဆရာဝန်ကြီးဟာ စကားအင်မတန်များပြီး ပြောသမျှဟာလဲ အလုပ်အကြောင်းတွေချည့်ပဲလို့ ဆိုပါတယ်။ အလိမ်တွေ ပေါ်ကုန်မှာစိုးလို့ Frank က စကားဖြတ်ဖြတ်ပစ်တဲ့အပေါ် အထင်သေးရာကအစ သံသယဖြစ်လာ ပုံရတဲ့အထိပါဘဲ။

ဒါကိုရိပ်မိတဲ့ Frank ဟာ အဲသည်မြို့ရဲ့ တက္ကသိုလ်စာကြည့်တိုက်ကို နေ့စဉ်သွား၊ ဆေးစာအုပ်တွေ အထူးသဖြင့် နောက်ဆုံးထုတ်ဆေးပညာ ဂျာနယ်တွေရှာ၊ သတင်းတွေ အကုန်ဖတ်၊ မှတ်၊ အလွတ်ရအောင် လုပ်ပါတယ်။ ညနေခင်း ဆရာဝန်ကြီးပြန်လာတာနဲ့ ကားနားကို အပြေးသွား၊ “ဆရာကြီး ဟိုသတင်းကြားပြီးပြီလား” အစချီပြီး တနေ့တာ သူဖတ်ခဲ့သမျှ မနားတမ်းပြော တော့တာ ပါဘဲ။ ကားထားတဲ့နေရာ၊ အိမ်ပေါက်ဝ အဲသည်ကမှအိမ်ထဲဝင်၊ ဆရာဝန်ကြီးရပ်လေရာ၊ ထိုင်လေရာ၊ ယုတ်စွအဆုံး ရေချိုးခန်းအပေါက်ဝထိ လိုက်ပြောပါတယ်။ ကြာတော့ ဆရာဝန်ကြီးဟာ သူ့ကိုမြင်တာနဲ့ လက်ကာပြပြီး ဟိုး ဟိုး ဒီနေ့တော့ငါ့မှာ မင်းစကားနားထောင်ဘို့ အချိန်မရှိဘူးကွ ဆိုပြီး လစ်တော့ တာပါဘဲ။ Frank အတွက် ဒါဟာအောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။

ဂျောက်ကျချင်တော့ အဲသည်ဆရာဝန်ကြီးက ခွင့်ယူမဲ့ညတာဝန်ခံ ဆရာဝန်တယောက်ရဲ့ နေရာမှာ အစားဝင်ပေးဘို့ သူ့ကို ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ထံ ထောက်ခံပေးခဲ့ တာဘဲဖြစ်ပါတယ်။ နယ်ကျော် ကုသခွင့်လိုင်စင် အကြောင်းပြပြီး မဖြစ်နိုင်ကြောင်း ရှင်းပြတဲ့တိုင် သူတို့ဘက်က ယာယီလိုင်စင် ကြိုတင် စီစဉ်ထားတဲ့အထိဖြစ်နေတော့ သူဆက်မငြင်းသာတောာ့ပါဘူး။ စိန်ခေါ်ရင်ဘွာလဲ မခတ်ချင် တာမို့ နောက်ဆုံး သူလက်ခံလိုက်ပါတယ်။ တာဝန်ခံဆရာဝန်ဆိုတော့ ကိုယ်တိုင် ဆေးကုစရာမ လိုအပ် ပါဘူး။ ဒါပေမယ့် ၁၀ ရက်သာကြာတဲ့ အဲသည်ကာလဟာ သူ့အတွက်တော့ တစ်နှစ်စာလောက် ပင်ပန်းတယ်လို့ Frank ကပြောပါတယ်။ တကယ်လဲ အဲသည်အစားထိုး တာဝန်အပြီးမှာ ဆရာဝန် (အယောင်ဆောင်)အဖြစ်ကရော အဲသည်အရပ်ကပါ အပြီးအပိုင် စွန့်ခွာခဲ့ပါတယ်။

ဆရာဝန်အယောင် ဆောင်ခဲ့စဉ်က ကလေးကုဆရာဝန်လို့ ခပ်ပေါ့ပေါ့ ပြောခဲ့တာပါ။ တကယ်တမ်း ဝေဒနာအမျိုးမျိုးနဲ့ ကလေးလူနာတွေကို မြင်တွေ့ရတဲ့အခါ “သူတို့လေးတွေ ကိုယ့်ကြောင့် အချိန်မရွေး ဒုက္ခများသွားနိုင် ပါလား” ဆိုတဲ့အသိကသူ့ကို မထွက်မချင်း နှောက်ယှက်ခဲ့တာပါ။ ဒါဟာ real Frank သို့မဟုတ် Frank ရဲ့ စိတ်ရင်းအမှန်ကို ဖေါ်ပြတယ်လို့ ပြောရနိုင်မယ်ထင်ပါတယ်။ အဲသည်နောက် မှာတော့ သူဟာ Louisiana က ဥပဒေအကျိုးဆောင်၊ Utah က လူမှုရေးသိပ္ပံပါမောက္ခ၊ Califonia က စတော့ ရှယ်ယာပွဲစား စသည်ဖြင့် ပြည်နယ်တခု identity တစ်မျိုးစီနဲ့ လှည့်ပတ်နေထိုင်ခဲ့ပါတယ်။

ဒီလို အထက်တန်းကျကျ နေထိုင်ရတာ စွန့်စားတတ်တဲ့ ဆယ်ကျော်သက် လူငယ်တယောက်အနေနဲ့ ပျော်စရာဖြစ်သင့်ပေမဲ့လဲ Frank အတွက်ကတော့ ဥပဒေနဲ့ အပြေးပြိုင်ေ နရတာကြောင့် ပျော်သင့် သလောက်မပျော်နိုင်ခဲ့ပါဘူး။ အဲသည်ဘဝမျိုးဟာ ကြောင့်ကျမှုတွေနဲ့ အတူ အထီးကျန်ဆန်လွန်းလှပါ တယ်လို့ သူကဆိုပါတယ်။ ကျားမြီးဆွဲမိသလိုဖြစ်နေတဲ့ အဲသည် သူ့လုပ်ရပ်တွေအတွက် တချိန်ချိန်မှာ ပြန်လည်ပေးဆပ်ရလိမ့်မယ်ဆိုတာကိုလဲ ကြိုတင်တွေးတောထားခဲ့ပြီးသားဖြစ်ပါတယ်။ “ဥပဒေကို ကြာရှည်လေးမြင့် ချိုးဖေါက်လို့ရမယ်ထင်ရင် ဒါဟာရူးနှမ်းမှုတစ်ရပ်ပါ။ အိပ်မောကျနေတဲ့ ဥပဒေရယ် လို့ရှိချင်ရှိမယ်၊ အသက်ဝိညာဉ်ကင်းမဲ့တဲ့ ဥပဒေရယ်လို့တော့ ဘယ်သောအခါမှမရှိနိုင်ပါဘူး။” ဒါဟာ ဥပဒေ အပေါ် Frank မြင်တဲ့ အမြင်ပါဘဲ။

Frank ရဲ့ဘဝမှာ တကြိမ်သာအဖမ်းခံခဲ့ရပြီး အဲဒါ ပြင်သစ်နိုင်ငံမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် အစိုးရက သူ့ကိုအရင်ဆုံး တရားစွဲပြီး ထောင် ၁ နှစ်ချခဲ့ရာ ထောင်ထဲမှာ ၆ လသာနေခဲ့ရပါတယ်။ အဲသည်နောက် ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးခဲ့ရာမှာ နောက်ထပ် ထောင် ၆ လ ကျခံရပြန်ပါတယ်။ တပြိုင်နက်တည်းမှာ တခြား ၁၂ နိုင်ငံကလည်း အရေးယူရအောင် အားတက်သရော စောင့်နေကြပြီမို့ နုနုနယ်ငယ် Frank ခမျာ သတ္တဝါနဲ့လက်နက်တောင် မျှမထင်တော့ပါဘူး။ အဲသည်အချိန်မှာဘဲ မိခင် အမေရိကန်နိုင်ငံက သူ့နိုင်ငံကူးလက်မှတ်ကို ပြန်သိမ်းလိုက်ပြီး တခြားဘယ်နိုင်ငံကိုမှ ဆက်ပြီး လွှဲပြောင်းလို့မရအောင် လုပ်လိုက်ပါတော့တယ်။ အဲဒီနောက် ဆွီဒင်နိုင်ငံက သူ့ကိုပြန်ပို့တဲ့အခါ ပြည်တွင်းမှာဘဲ ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။ No one is above the law; justice has been done. Fullstop. လို့ပြောချင်ပြောနိုင်ပါပြီ။ ဒါပေမယ့် တကယ်တန်း စိတ်ဝင်စား ဘို့ကောင်းတာ ခုမှလို့ဆိုချင်ပါတယ်။ ဒီလိုပါ။

Virginia အကျဉ်းထောင်မှာ လေးနှစ်ကျခံပြီးတဲ့နောက် ဗဟိုအစိုးရကသူ့ကို အခွင့်အလမ်းတခု ပေးအပ်ခဲ့ပါတယ်။ တနည်းအားဖြင့် အပေးအယူလုပ် ခြင်းတမျိုးပါ။ ဒါကတော့ ကျန်တဲ့နှစ်တွေအားလုံး ကိုလျှော့ပြီး Frank ကို ထောင်ကလွတ်ပေးမယ်။ သူ့ဇာတိမဟုတ်တဲ့ ပြည်နယ် တခုမှာသွားနေရမယ်။ အဲဒီအတွက် Frank ဟာ အစိုးရရဲ့ကော်လာဖြူရာဇဝတ်မှု (White Collar Crimes) ပပျောက်ရေး လုပ်ငန်းတွေမှာ (အခမဲ့) ပါဝင်ကူညီဆောင်ရွက်ပေးရမယ် စတာတွေ ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ အသက် ၂၆နှစ် ရှိပြီမို့ လူသားတဦးရဲ့ အတက်ကြွဆုံး၊ စွမ်းအားအပြည့်ဆုံး ကာလအပိုင်း အခြားပါဘဲ။ သူ့ကိုပေးအပ်ခဲ့တဲ့ အဲသည်အခွင့်အရေးနဲ့ပတ်သက်လို့ Frank က “မြင့်မြတ်တဲ့တိုင်းပြည်ရဲ့ ဒုတိယ အခွင့်အရေး (A second chance given by the Great Country)”လို့ ရောက်လေရာမှာ ထုတ်ဖေါ်ပြောဆိုလေ့ရှိပါတယ်။ တကယ်လဲဒီအခွင့်အရေးကြောင့် သူ့ဘဝဟာ ဂငယ်ကွေ့ အပြောင်း အလဲမျိုးနဲ့ကြုံခဲ့ရပြီး လူ့အဖွဲ့အစည်း၊ လူမှုဥပဒေတွေရဲ့ ပြင်ပကနေ အတွင်းဗဟိုချက်နီးပါးဆီအထိ ပြန်လည်ဝင်ရောက်လာခဲ့နိုင်တာပါ။ ဒါလဲလွယ်လင့်တကူတော့မဟုတ်ပါဘူး။

အစိုးရကို ကတိကဝတ်ပြု ထားတဲ့အတိုင်း အခမဲ့ကူညီရင်း တဘက်က သူ့ဝမ်းရေးအတွက် ကြုံရာ ကျဘန်းအလုပ်တွေလုပ်ရတဲ့အခါ သူ့အတိတ်ရဲ့ အရိပ်မဲကြောင့် ဘယ်အလုပ်မှာမှ ဟုတ္တိပတ္တိလုပ်ခွင့် မရခဲ့ပါဘူး။ သူမှန်းသိတာနဲ့တန်းဖြုတ် ကြတော့တာပါဘဲ။ တနည်းအားဖြင့် သူ့ကိုဒုံရင်းပြန်ဆိုက်ပြီး ဆက်မိုက်ဘို့ နှိုးဆော်နေသလိုပါ။ ဘာပဲလုပ်လုပ်ဇွဲကောင်းတတ်တဲ့ Frank အတွက် ကတော့ ဒါဟာ စိတ်ပျက်လက်လျှော့လောက်စရာ အကြောင်းတရပ်မဖြစ်ခဲ့ပါဘူး။

သူ့ရဲ့နောက်ကြောင်းဟာ ကောင်းရောင်းကောင်းဝယ် အသက်မွေးမှုအတွက် ခလုပ်ကန်သင်းတစ်ခု ဖြစ်နေပြီရယ်လို့သိ လာရတဲ့ အခါမှာ Frank ဟာ အဲသည် ကျဘန်းအလုပ်တွေဆက်မရှာတော့ဘဲ ကျောင်းတော်ကရန်စလို့ ပြောရနိုင်မယ့် ဘဏ်တွေဆီကိုဘဲခြေဦီးပြန်လှည့်ခဲ့ပါတယ်။ သည်တခါ သူနဲ့အတူသယ်ဆောင်သွားတဲ့ အရာတွေကတော့ ချက်လက်မှတ်အတုမဟုတ်ဘဲ ချက်လက်မှတ် အတု အပါအဝင် စာရွက်စာတမ်းအတုတွေရဲ့ရန်ကဘယ်လိုကာကွယ်မလဲ ဆိုတဲ့ အကြံဥာဏ်တွေ ဘဲဖြစ်ပါတယ်။ သူကိုယ်တိုင်အခွင့် ကောင်းယူပြီးကျုးလွန်ခဲ့တဲ့ ဘဏ်တွေရဲ့အားနည်းချက်တွေကို ထောက်ပြပြီးတဲ့နောက် ဘယ်လိုပြုပြင်သင့်တယ် ဆိုတာအကြံပြုထားတဲ့ သူ့တင်ပြချက်လေးတွေကို ခဏနားထောင်ပါ။ အကျိုးမရှိဘူးထင်ရင်၊ မကြိုက်ရင် တပြားမှမပေးပါနဲ့၊ ကြိုက်လို့သုံးမယ်ဆိုမှ တန်ရာတန်ကြေးပေးပါ၊ ပြီးတော့ တခြားဘဏ် တခုခုကို ဆက်ပြီးထောက်ခံပေးပါ ဆိုပြီး ဈေးကွက် ဆင်းပါတော့တယ်။

တိုတိုပြောရရင် သူအောင်မြင်ခဲ့ ပါတယ်။ ရူးရူးမိုက်မိုက် ချက်လက်မှတ်အတုတွေ အဆက်မပြတ် ရေးပြီး ဘဏ်တွေကို လှည့်လိမ်စား ခဲ့စဉ်တုံးဝင်ငွေထက် ပိုရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ခုချိန်ထိ ကမ္ဘာအရပ်ရပ်က စီးပွားရေး၊ ဥပဒေနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၄၀၀၀ ကျော်ဟာ Frank ရဲ့ အတုအပတားဆီးရေး ပရိုဂရမ်တွေကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ သူနဲ့ဉာဏ်ချင်းပြိုင်၊ သူ့နောက်ကခြေရာခံလိုက်ပြီး သူ့ကိုဖမ်းဆီးထောင်ချခဲ့တဲ့ ကမ္ဘာကျော် FBI လို အဖွဲ့အစည်းကြီးကို တောင်မှ သင်တန်းတွေပို့ချခဲ့ရသလို ပို့ချနေဆဲလည်းဖြစ်ပါတယ်။

သည်နေ့ကာလမှာတော့ Frank ဟာ အောင်မြင်တဲ့လုပ်ငန်းရှင်၊ သန်းကြွယ်သူဌေး၊ လုံခြုံရေး အကြံပေးပုဂ္ဂိုလ် စတဲ့ဂုဏ်ပုဒ်တွေနဲ့အတူ မြတ်နိုးဘွယ်ရာမိသားစုရဲ့အပေါ် တာဝန်ကျေတဲ့ ဖခင်တဦး အဖြစ်နဲ့ပါ ပျော်ရွှင်လို့နေပါပြီ။ သူခုလိုအောင်မြင် ခဲ့တဲ့အတွက် သူ့ကိုအပစ်ဒဏ်တွေ လျှော့ပေါ့ပြီး ဒုတိယ အခွင့်အရေုးပေးခဲ့တဲ့ အစိုးရရဲ့ကျေးဇူးရှိသလို ထောင်ထွက်လူဆိုးမှန်းသိပါလျှက် ယုံကြည် စိတ်ချစွာ (မိဘတွေသဘောမတူတဲ့ကြားက) သူ့ကိုလက်ထပ်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့ကျေးဇူးလဲသူ့အပေါ်မှာ ရှိပါတယ်လို့ Frank ပြောခဲ့ပါတယ်။ ဒီကျေးဇူးတွေထောက်ထားပြီး အစိုးရနဲ့ကတိကဝတ် ကုန်ဆုံးတဲ့ ကာလ ၁၉၈၅ ကာလမှာသူ့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ရမဲ့အစား ယနေ့ထိ ကော်လာဖြူရာဇဝတ် မှု ပပျောက်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက် နေခြင်းဘဲဖြစ်ပါတယ်။

သူ့ဇနီးအပါအဝင် သူ့မိသားစုရဲ့ကျေးဇူးကိုတော့ ချစ်စွာသောသားသုံးယောက် ကို မြေတောင်မြှောက် ပေးခြင်းဖြင့် တုံ့ပြန်နေပါတယ်။ “ယောက်ကျား တယောက်ရဲ့ ဘဝမှာအောင်မြင် နိုင်ဘို့အတွက် အဖေကောင်းရှိဘို့ လိုအပ်ပါတယ်” လို့ပြောပြီး တဆက်တည်း “ကျွန်တော့်မှာ အဲလိုအဖေမျိုး ရှိခဲ့ပါတယ်” လို့လဲ အိမ်ကထွက်ပြေး ပြီးတဲ့နောက် ဘယ်တော့မှ ပြန်တွေ့ခွင့်မရတော့တဲ့ ဖခင်ဖြစ်သူကို လွမ်းတသသနဲ့ ပြောရှာပါတယ်။ သူ့ဖခင်ဟာ သူ ပြင်သစ်မှာ ထောင်ကျနေစဉ် ရထား မတော်တဆမှု နဲ့ဆုံးပါးခဲ့ပါတယ်။ သူ့ရဲ့သားသုံးဦးစလုံးကတော့ ခုခါမှာ ပညာတတ်ကြီးတွေ ဖြစ်နေကြပါပြီ။

ပုံပြင်ကလေးကတော့ဒါပါဘဲ လို့ပြောရင်လဲ ရပါပြီ။ ဒါပေမဲ့ ဆက်စပ်ပြီးတွေးမိတာလေးတွေရှိနေတာမို့ နဲနဲဆက်ချင်ပါသေးတယ်။ ဒီဆောင်းပါးရေးရခြင်း အဓိကရည်ရွယ်ချက်ကိုက အဲသည်အတွေးတွေ ချပြချင်လို့ပါ။ ဒီပုံပြင်ထဲက အရေးပါတဲ့ဖြစ်ရပ် အားလုံးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ် လောက်မှာ ဖြစ်ခဲ့ကြတာ တွေပါ။ Hollywood ကျေးဇူးကြောင့် Frank ကမ္ဘာကျော်ခဲ့တာတောင် ဆယ်စုနှစ်တစု လောက်ကြာခဲ့ပါပြီ။ ဒါကိုခုမှ ဘာကြောင့် တရေးနိုးရတာတုံး လို့ မေးလိုသူတွေလည်း ရှိကောင်းရှိပါ လိမ့်မယ်။ ဟုတ်ပါရဲ့ တကယ့်ကို တရေးနိုးပါ။

၂၀၀၃-၄ လောက်ဆီက ဆယ်ကျော်သက်အရွယ် သားဖြစ်သူ ကြည့်နေတဲ့ အဲသည် Catch Me If You Can ကို video အနေနဲ့ ကျွန်တော် ခဏတဖြုတ် ဝင်ကြည့်ဘူးပါတယ်။ စာတမ်းတွေ ဘာတွေ မမှီလိုက်တာမို့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းမှန်းမသိခဲ့ပါဘူး။ တခါ ခိုးဝှက်လိမ်လည်မှုတွေ အသားပေးတဲ့ ဇာတ်လမ်းမှန်းသိရတဲ့အခါ “ဒီလိုကားတွေ ငါမကြည့်ချင်ဘူး” လို့ပြောပြီး ဆက်မကြည့် ဖြစ်တော့ပါဘူး။ တကယ်တော့ သားကို မက်ဆေ့ခ်ျ (Message) တခုပေးလိုတာကြောင့် Spielberg ကားတိုင်းကို နှစ်သက်လေ့ရှိတဲ့ အစဉ်အလာကိုပါ ဆန့်ကျင်လိုက်ရတဲ့သဘောပါ။ ဒီအဖေနဲ့ ဒီသားမှာလည်း ပေးစရာမက်ဆေ့ခ်ျ တွေအများသားလား။ ဒါကြောင့် Frank နဲ့လွဲခဲ့ရတယ်ဆိုပါတော့။ ခု အဲဒီသားတောင် အိမ်ထောင်သည် ဘဝနဲ့ (မခိုးမဝှက် မလိမ်မကောက်ပါဘဲ) ယက်ကန်ယက်ကန် ဖြစ်နေပါပြီ။

ရေစက်ကမကုန်ချင်တော့ တလောက စင်္ကာပူသတင်းတပုဒ်အရ အဲသည်က Financial Crimes Conference တခုမှာ Frank လာရောက်ဟောပြောတဲ့ အကြောင်းဖတ်ရပါတယ်။ အဲသည်ကမှ တကြော့ပြန် Catch Me .. နဲ့ အတူအထက်ကတင်ပြခဲ့တာတွေ ရှာဖွေတွေ့ရှိခဲ့ရတာပါ။ အသက်အရွယ် အလျောက် ရရှိလာဟန်တူတဲ့ သူ့အယူအဆသစ်လေးတွေကလဲ ဖြန့်ဝေချင်စရာ ဆွဲဆောင်မှုရှိခဲ့ ပါတယ်။ ဥပမာအားဖြင့် “ငွေရေးကြေးရေးကိစ္စအပါအဝင် ရာဇဝတ်မှုပပျောက်ရေးဆိုတာ အိမ်တွင်းက စရမှာပါ။ စရိုက်ဆိုးမှာအခြေခံတဲ့ အဲသည်ရာဇဝတ်မှုတွေကို ထိထိမိမိကိုင်တွယ်နိုင်အောင် အိမ်တွေ ကျောင်းတွေ အလုပ်ရုံတွေမှာ ပြည်သူ့နီတိလို ဘာသာရပ်တွေ ပြဌာန်း သင်ကြားပေးတာမျိုး လုပ်ရ ပါလိမ့်မယ်” ဆိုတာမျိုးပါ။ စိတ်ဝင်စားစရာ မကောင်းဘူးလား။ တရေးနိုးဘို့ မသင့်ဘူးလားလို့ မေးချင်ပါတယ်။

Frank ဟာ လူတော်တဦးဖြစ်တာ အငြင်းပွားဘွယ်မရှိပါ။ ဒါပေမဲ့ သူ့ဘဝရဲ့ ကာလ အပိုင်းအခြား တခုမှာတော့ သူဟာလူကောင်းမဟုတ်ခဲ့ပါဘူး။ ဒါကိုပြုပြင်ခွင့်ရလိုက်တဲ့အခါ သူကိုယ်တိုင် လူတော် လူကောင်း တစ်ယောက်ဖြစ်သွားရုံမက သူ့ရဲ့မျိုးဆက်သစ်တွေကိုပါ လူတော်လူကောင်းအဖြစ် အမွေ ဆက်ခံနိုင်စေပါတော့တယ်။ မျိုးဆက်သစ်ဖြစ်ပေါ်တိုးတက်မှုဆိုတာဒါပါဘဲ။ အကယ်၍ ဒီအခွင့်အရေး သာမရခဲ့ရရင် သူ့အစွမ်းအစတွေ ထောင်တွင်းမှာပျာက်ချင်ပျောက် မပျောက်ရင်လဲ သူအသက်ရှင်နေ သရွေ့ တရားဥပဒေစိုးမိုးရေးအတွက် ဓမ္မန္တရာယ်ဖြစ်နေတော့မှာပါ။ သူ့ဘာသာသူ ပြုပြင်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားရင်တောင်မှ အကျိုးရလာဒ်ချင်း တူမှာမဟုတ်သလို ထောင်ထဲမှာ ကြာခဲ့သမျှအချိန်တွေအတွက် ဘယ်လိုမှရင်းစားရနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ သူတဦးတည်းရဲ့ ဆုံးရှုံးမှု သာမက သူ့မျိုးဆက် အသစ်အဟောင်းတွေ့ရဲ့ ဆုံးရှုံးမှုဖြစ်သလို သူ့နိုင်ငံ သူတို့လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးမှုလဲဖြစ်ပါတယ်။

ထောင်ထဲမှာကုန်ဆုံးရတဲ့ဘဝ၊ ထောင်ကထွက်ပြီး ရာဇဝင်လူဆိုးအဖြစ် ကုန်ဆုံးရတဲ့ဘဝ ဆိုတာ တွေဟာ အနုတ်လက္ခဏာချည့်ပါဘဲ။ အကြောင်းအမျိုးမျိုးကြောင့် ရာဇဝတ်မှုကျူးလွန်မိလို့၊ အပြစ်ရှိလို့ ထောင်ကျရသူတွေတောင် ဒီလောက်နစ်နာကြရရင် ဘာရာဇဝတ်မှုမှ မကျူးလွန်ရပါဘဲ ယုတ်စွအဆုံး မှားယွင်းမှုနဲ့ဘဲဖြစ်ဖြစ် ထောင်ကျ ရတာမျိုးကျတော့ လူ့အဖွဲ့အစည်းရော တိုင်းပြည်ရော နစ်နာချက်က ကမ်းကုန်ပြီပေါ့။ ဘယ်ခေတ် ဘယ်အခါ ဘယ်နေရာမှာဖြစ်ဖြစ် ထောင်ဆိုတာ မစည်ကားသင့်တဲ့ အရပ်ပါ။ လူ့စွမ်းအားအရင်း အမြစ်မှန်သမျှကိုပြုံးတည်းစေတဲ့အရပ်၊ ဖြုံးတီးနေတဲ့ အရပ်ပါ။ ကိုယ်ရောစိတ်ပါ ဝေဒနာတွေ သေရာပါတဲ့အထိ ပေးအပ်နိုင်စွမ်း၊ ဖျက်ဆီး နိုင်စွမ်းရှိတဲ့အရပ်ပါ။ တနည်းအားဖြင့် လူသားတဦးရဲ့ ဘဝနဲ့မျှော်လင့်ချက်မှန်သမျှကို တတိတိ အညွန့်တုံးစေနိုင်တဲ့ အရပ်ပါ။

ထောင်ကို အစိုးရသူတွေအနေနဲ့ ဒါကို အထူးသတိမူသင့်ကြပါတယ်။ ထောင်တံခါးတွေ မပိတ်နိုင်သေး ရင်တောင်မှ စိတ်ရှိတိုင်း လွှတ်မဖွင့်မိအောင်တော့ မြော်မြင်သင့်ကြပါတယ်။ အကြောင်းတစုံတရာ ကြောင့် ဖွင့်ခဲ့မိရင်လဲ အမြန်ဆုံး ပြန်စေ့ဘို့စေနဲ့ လွန်လွန်ကျူးကျူး (ဥပဒေလက်လွက် ဒါမှမဟုတ် ဥပဒေထက် လွန်ကဲစွာ) ပြုခဲ့လို့ ဘက်ပေါင်းစုံမှာ ထင်ကျန်ရစ်သမျှ အနုတ်လက္ခဏာအားလုံး အပေါင်း ပြန်ဖြစ်သည်အထိ မဆိုင်းမတွ လုပ်ဆောင်ကြဘို့ အထူးလိုအပ်လှပါတယ်။ ဒါဟာ ဒီနေ့လိုမျိုး ဗြုတ်စဗြဲနောင်းခေတ် ကျွန်တော်တို့နိုင်ငံမှာ ပိုလို့လိုအပ်နေပါတယ်။ ပြောလက်စနဲ့ ထပ်ပြောလိုတာက “ထောင်ဆိုတာ အလွဲသုံးစား (Abuse) ပြုအပ်တဲ့အရာမဟုတ်” ဆိုတာပါဘဲ။

အဲဒီထဲမှာမှ အယူအဆလေးမတူရုံ၊ မတူတာတွေကို ပြည်သူ့အကျိုးအလို့ငှါ မကြောက်မရွံ့ မညာ မလှိုင်း မဆုတ်မနစ် ဝေဖန်ထောက်ပြရုံ၊ နှစ်ပေါင်းများစွာ နိုင်ငံကိုချိနဲ့စေခဲ့တဲ့ အမြီးအမောက် မတည့်မှုတွေအပေါ် ကိုယ်ကျိုးမငဲ့ ဘဝနဲ့ရင်းပြီး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် တိုက်တွန်း တောင်းဆို ဆောင်ရွက်ရုံနဲ့ ရာဇဝတ်သားတွေပမာ ထောင်သွင်း အကျဉ်းချခံကြရတာ။ တန်ဘိုးရှိတဲ့ လူ့ဘဝရဲ့ အစိတ်အပိုင်းများစွာ (တချို့တဘဝလုံး) ထောင်ထဲမှာအချည်းနှီးကုန်ဆုံးခဲ့ကြရ၊ ကုန်ဆုံးနေ ကြရတာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း၊ ကျွန်တော်တို့ နိုင်ငံရဲ့တိုးတက်မှုဖြစ်စဉ်မှာ အကျည်းတန် အရုပ်ဆိုးဆုံး ပြယုဂ်တခုဖြစ်နေတာတော့ အသေအချာပါဘဲ။ ဘာလို့ဆို သူတို့ရဲ့လုပ်ရပ်တွေ၊ နှလုံးသားတွေဟာ ထောင်ဆိုတဲ့အနိဌာရုံကို တိုတိုနဲ့ဖြတ်ခွင့်ရလိုက်ပြီး ကျေးဇူးသိတတ်စွာ ရတနာပုံဆိုက်ခဲ့ရတဲ့ Frank Abagnale နဲ့ မယှဉ်သာလောက်အောင် မြင့်မြတ်သန့်စင်ကြလို့ပါ။ ဒီနေရာမှာ ပြင်သစ်စာရေးဆရာကြီး Albert Camus ရဲ့စာကြောင်းလေး တခုကို ကိုးကားချင်ပါတယ်။

“To assert in any case that a man must be absolutely cut off from society because he is absolutely evil amounts to saying that the society is absolutely good, and no one in his right mind will believe this today.”

“လူတယောက်ဟာ ဆိုးလွန်းလို့ လူ့အဖွဲ့အစည်းနဲ့ ရာသက်ပန် အဆက်အသွယ်ပြတ်စေ ဆိုပြီး ယတိပြတ်သတ်မှတ်ကြရအောင် အဲသည်လူ့အဖွဲ့အစည်းဆိုတာကရော ဘယ်လောက်များ ကောင်းနေ လို့ ပါလိမ့်။ ခုခေတ်မှာ အဲဒီအပြောအဆိုမျိုးကို ဘယ်စိတ်မှန်တဲ့သူကမှ ယုံမှာမဟုတ်ဘူး။” Camus ပြောတဲ့ ခုခေတ်ဆိုတာ ၂၀ ရာစုအလယ်ပိုင်းလောက်ကာလတွေပါ။ ကျွန်တော်တို့စာပေတွေ မှာလဲ ဒီသဘောပါတဲ့ အတွေးအခေါ်တွေရှိပြီးသားလို့ ပြောပါရစေဦး။ အများကြားပြီး ပေါ့ပေါ့တန်တန် ပြောပြောနေကျ “ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ” ဆိုတာမျိုးကအစပေါ့။ သတိချပ်နိုင် ကြဘို့ပါ။

Frank Abagnale ကို အကြောင်းပြုလာတဲ့ တရေးနိုး အတွေးဘောင်ဘင်လေးတွေ ဆိုပါတော့။ တတ်နိုင်သူတွေ လုပ်ဖြစ်ကြဘို့ ကျွန်တော်တို့လို မတတ်နိုင်တဲ့သူတွေက ပြောပေးရတဲ့သဘောပါ။ စကားကြီး စကားကျယ်လေးများ ပါသွားခဲ့ရင်လဲ အရူးပါးစပ်ကနတ်စကားထွက်တယ်လို့သာ မှတ်ကြ စေလိုပါတယ်။ ဘာဘဲဖြစ်ဖြစ် နတ်ပါးစပ်ကထွက်တဲ့ အရူးစကားစာရင် အရူးပါးစပ်နဲ့နတ်စကား က နဲနဲတော့ အသုံးတည့်လိမ့်မယ်ထင်ပါတယ်။ ဒီလိုစကားမျိုး ပြောခွင့်ပေးသူကိုရော ဖတ်ရှုတွေးတော ပေးကြသူတွေရော ကျေးဇူးပါ။

ကိုးကား။
၁) The story of Frank W. Abagnale Jr. by Rachael Bell, www.truetv.com
၂) To Tell the Truth: Frank William Abagnale Jr. (1977) – You Tube
၃) The Straits Times Singapore 2 July 2011