ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေပြည်တော် စာတမ်းဖတ်ပွဲမှာ စာတမ်းဖတ်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ဂျာမဏီပြန်ဆရာ၊ ဆရာမများအကြောင်း.... (တိုင်ကြားစာ)

လွန်ခဲ့တဲ့ တစ်ပတ်က တက္ကသိုလ်တွေ၊ အစိုးရဌာနတွေက ဂျာမနီမှာ ပညာသွားသင်ခဲ့ကြတဲ့ ပညာရှင်တွေ အရာရှိတွေပေါင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ စာတမ်းဖတ်ပွဲ ဆွေးနွေးပွဲတွေ နေပြည်တော်မှာ လုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်တွေမှာ ပါမောက္ခတွေ၊ ကထိက တွေဖြစ်နေကြပြီဖြစ်တဲ့ ဂျာမနီပြန် ဒေါက်တာတွေ တခြား ဆရာတွေက တက်တက်ကြွကြွ စာတမ်းတွေဖတ်ဖို့ တင်ခဲ့ကြပြီး တကယ် စာတမ်းဖတ်တော့မယ် ဆိုမှ သွားဖတ်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ နောက်ရက်ပိုင်း အတွင်းမှာ အောက်ပါ အမိန့်စာတစ်စောင် အောက်မြန်မာပြည် အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ ထွက်လာပါတော့တယ်။

စာကတော့ ရှင်းပါတယ်။ ပညာရေး အောက်ကလွဲပြီး ကျန်တဲ့ ဘယ် အဖွဲ့အစည်း၊ ဘယ်ကျောင်းနဲ့မှ မပတ်သက် ရဘူးလို့ဆိုတော့ မြန်မာပြည်ထဲမှာရှိနေတဲ့ အသင်းအဖွဲ့တွေက ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင် ရမှာလား၊ ပညာရေးမှာ မှတ်ပုံတင်ရမှာလား စဉ်းစားစရာဖြစ်နေပါတယ်။ ကျန်တဲ့ ဌာနတွေက အသိအမှတ်ပြုထားပြီး ပေါင်းစပ်ညှိနှိုင်းလုပ်နေတဲ့ ကျောင်းတွေ ဥပမာ- MCC, KMD လို ကအစ၊ TECH တို့ Chindwin College တို့လို နည်းပညာကျောင်းတွေ၊ ပညာရှင် အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ဆရာဝန်အသင်း၊ ၀ါဏ္ဏိဇ အသင်း၊ အင်ဂျင်နီယာအသင်း စတဲ့ အဖွဲ့တွေကို ပညာရေးက အသိအမှတ်မပြုနိုင်ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ NGO တွေ ကတော့ ပိုဆိုးပြီပေါ့။

အစိုးရသစ်တက်ပြီး သမ္မတက လူထုလူတန်းစားအဖွဲ့တွေကို အားပေး။ ဒုသမ္မတ စိုင်းမောက်ခမ်းက ပညာရေး နိမ့်ကျနေလို့ လွတ်လပ်တဲ့ကျောင်းတွေ ထောင်ဖို့ အားပေးနေတဲ့ အချိန်မှာ ခုလို တက္ကသိုလ်တွေကို ထိမ်းချုပ်ဖို့ကို အသစ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၀န်ကြီး၊ ဒုဝန်ကြီးတွေ နောက်ကွယ်ကနေ ခြေကန် နောက်ပြန် ဆွဲ တဲ့သဘောပါပဲ။ အောက်မြန်မာပြည်ညွှန်ချုပ် ဖြစ်တဲ့ ဦးဇော်ဌေးနဲ့ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း တို့ဟာ ၀န်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်းရဲ့ လက်စွဲ တွေဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ် တာကာလ အတွင်း စစ်တပ်က ခန့်တဲ့ ဦးပန်းအောင်၊ ဦးသန်းအောင် တိုထက် လက်စောင်းထက်စွာ ပညာရေးဌာနကြီး ကို ဖျက်ဆီးခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ ခုလည်း ဆောက်လုပ်ရေး က လက်ခံပြီး နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (FAPC) အစည်းအဝေးက သဘောတူလို့ နေပြည်တော်မှာ လုပ်ရတဲ့ စာတမ်းဖတ်ပွဲ ကိုတောင် မင်းတို့ သွားမဖတ်ကြနဲ့လို့ ပြောတာဟာ ကြိုးနီစနစ်ကို အသက်သွင်းပြီး သမ္မတဦးသိန်းစိန်ရဲ့ နန်းတက်မိန့်ခွန်းကို ဆန့်ကျင် စိန်ခေါ် လိုက်ခြင်း ဖြစ်ကြောင်းပါဗျာ။
သတင်း ပေးပို့လာတဲ့ ကို Saw Naungအား ကျေးဇူးတင်ပါသည်..။