ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖက်ဒရယ်မူနှင့် ဖက်ဒရယ်မူစစ်စစ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

 ဖက်ဒရယ်မူနှင့် ဖက်ဒရယ်မူစစ်စစ် 
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ကျနော့်ဆောင်းပါးကို Peace ဆိုတဲ့ ကလောင်နံမည်နဲ့ တစ်ဦးက ဝေဖန်လာတာကို လိုအပ်လာလို့ ပြန်လည် ဝေဖန်ဆွေးနွေး လိုက်ပါတယ်။ ကျနော့်မိတ်ဆွေ များက နာမည်မဖေါ်ဘဲ ဆွေးနွေးလာသူကို ဘယ်သူမှန်း မသိရလို့ ပြန်လည် ရှင်းပြနေတာမလုပ်ဖို့ ခနခန ပြောကြပါတယ်။ ကျနော်ကိုယ်တိုင်ကလဲ လူတစ်ဦးဟာ မိမိရဲ့ရပ်တည်ချက်က ကျနော်ထက်တောင် ပိုမှန်ကန်နေတယ်ထင်ရင် တနည်းအမှန်တရားလို့ ရဲရဲဝံ့ဝံ့ လက်ခံထားတယ်၊ ယုံကြည်ထားရင် ဘာလို့ အမည်ကိုတောင် မထုတ်ဖေါ်ဝံ့ရတာပါလိမ့် တွေးမိပါတယ်။

တခြားစာဖတ် ပရိတ်သတ်တွေကနေ ဟာ Peace ဆိုတာ ဒေါက်တာလှိုင်မြင့် အုပ်စုကဘဲ ပွဲပိုဆူအောင် နာမည်ပိုကြီးအောင် အချင်းချင်းလုပ်ပွဲ လုပ်စားနေကြတာပါ ထင်လာစရာရှိပါတယ်။ ပြည်တွင်းကမို့ပါ အကြောင်း ပြရအောင်ကလည်း အခုအစိုးရသစ် လက်ထက်မှာ Generation Waveလို မြေအောက်လှုပ်ရှားခဲ့တဲ့ လူငယ် အဖွဲ့အစည်းကတောင် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာပြီမို့ နားလည်ပေးရတော့မဲ့ အခြေအနေ မဟုတ်တော့ပါဘူး။

သူထောက်ပြလာတာကို ပြန်လည်ဆွေးနွေးဖို့ လိုလာတာကလဲ သူကကျနော့်ကို အမြင်သွေဖယ် မှားနေပါတယ်။ ပြောလာတာထက် သူကကျနော့်အပေါ်မြင်နေတာ ကျနော့်စာကိုဘဲ ဖတ်ပြီး အဓိပ္ပါယ် လွှဲမှားနေတာ၊ ပြီးခေါင်းစဉ်ကနေ အစပြုပြီး လွဲမှားနေလို့ပါ။ ခေါင်းစဉ်ကိုက ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ပြသနာ အထိ တဖက်သတ် စွပ်စွဲထားလို့ပါ။ ဗမာလူထုတရပ်လုံးကို ဖက်ဒရယ်စစ်စစ်မူ ဆိုတာကို လက်မခံခဲ့တဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ လွတ်လပ်ရေးကြီးအတွက် စွန့်လွှတ် အသက်ပေးလာခဲ့သူ နိုင်ငံရေးသမားကြီးတွေကိုပင် အမြင်လွှဲမှားနေတဲ့အထိ စော်ကားထားတဲ့အထိ ဖြစ်လာလို့ပါ။ (ကျနော်က ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောရင် ရောထွေးနေလို့ မူနှစ်ခုကိုကွဲပြားအောင် မူနဲ့ဘဲ ပြောဆိုပါမယ်)

ကျနော်ဆောင်းပါးကို သေသေချာချာပြန်ဖတ်ပါ။ ဘယ်နေရာမှာ ဖက်ဒရယ်ကို ကြောက်တဲ့ စကားလုံးပါနေပါသလဲ။ ကျနော်တို့လိုချင်တာက အနှစ်-၂၀၀-ကျော် လက်တွေ့ကျင့်သုံးပြီး အောင်မြင်နေတဲ့ အမေရိကန်၊ ဆွစ်ဇာလန်နဲ့ သြစတြေးလျ ဖက်ဒရယ်မူ ကိုလိုချင်လို့ မြန်မာတွေ ဘ၀တွေ အသက်တွေ စတေးခံပြီး တိုက်နေကြတာပါ။ အခုဒေါ်အောင်ဆန်းစုကြည် သွားမှာလဲ ဖက်ဒရယ်မူပါဘဲ။ ဒ်ါအောင်ဆန်းစုကြည် နောက်ကို ရံနေကြတာလဲ ဖက်ဒရယ်မူ လာမယ်ဆိုတာ သိပ်သိတာပေါ့။ ဒါပေမဲ့ နယ်စပ်လက်နက်ကိုင် ဓါးမိုးထားတဲ့ နယ်မြေမှာ လွတ်လွတ်လပ်လပ်ပြောခွင့် ပါးစပ်ဟခွင့် မရရှိတဲ့နေရာမှာ တဖက်သတ် ရေးဆွဲထားတဲ့ ဖက်ဒရယ်စစ်စစ်မူ (ရှစ်ပြည်နယ်မူ) အထိတော့ မလိုချင်သေးပါဘူး။ လောလောဆယ် သိပ်မစစ်ချင်နေပါစေ။ လက်တွေ့နိုင်ငံရေး စီးပွားရေး အအောင်မြင်ဆုံး သေချာတဲ့ အမေရိကန်မူ၊ ဆွစ်ဇာလန်မူ၊ သြစတေးလျမူ လောက်ဆိုတော်ပါပြီ။

ဖက်ဒရယ်မူကို စကားပြောတိုင်း တိုင်းရင်းသားတွေ အကိုးအကားပြုကြတဲ့ အမေရိကန် ဖက်ဒရယ်မူကို အသေကြောက်နေကြတဲ့ ခင်ဗျားတို့ကိုသာ ဖက်ဒရယ်မူကြောက်နေတဲ့ ရောဂါ ပြန်တပ်ပေးရမှာပါ။ Peace ပေးထားတဲ့ခေါင်းစဉ်က ဖက်ဒရယ်မူကို ကြောက်တဲ့ပြသနာ လို့ဆိုထားလို့ပါ။ ကျနော်တို့ လိုချင်တဲ့ (အမေရိကန်) ဖက်ဒရယ်မူကို ကြောက်နေတာက ခင်ဗျားတို့ ဖြစ်နေတော့ ခင်ဗျားတို့သာ ကိုယ့်ဟာကို ပြန်ယူလိုက်ပါ။ ကျနော်တို့ကို နာမည်တတ်ချင်သပဆိုရင် ဖက်ဒရယ်မူစစ်စစ် (ရှစ်ပြည်နယ်မူ)ကို ကြောက်တဲ့ ရောဂါလို့တတ်မှ သဘာဝကျပါမယ်။ အတိအကျ မှန်ကန်ပါမယ်။

အမေရိကန်မူကို ကိုးကားလိုက်ရင် သတ်တော့မလို ဖြတ်တော့မလို ဖြစ်နေတာကိုက ကြောက်နေတာမှ ရောဂါအဆင့်အထိ ရောက်နေတာပေါ်နေပါပြီ။ ကျနော်တို့လိုချင်တာ အမေရိကန်မူ။ အဲဒီလို အမေရိကန်မူကို လိုချင်တာဟာ မဟာလူမျိုးစိတ်ရှိလို့လား။ အဲဒီအမေရိကန်မူ ပုံစံကို လိုချင်တာဟာ ဖက်ဒရယ်ကို ကြောက်တယ် စွပ်စွဲတာကတော့ ငါ့စကားနွားရ ပြောတာဖြစ်သွားပြီ။ ပြန်စဉ်းစားပါဦး။ ငါ့စကားနွားရ မဖြစ်ပါစေနဲ့။

အမေရိကန်မူမှာက ဘာလူမျိုးမှ မသတ်မှတ်ရဆိုထားတော့ လူမျိုးဆိုတာ ဖျောက်ထားတာ မဟာလူမျိုးကြီးဝါဒလို့ ကျနော်တို့ ဗမာတွေကို မစွပ်စွဲခင် ခင်ဗျားတို့ သွားချင်နေတဲ့ အမေရိကက အမေရိကန်တွေကို အရင်သွားစွပ်စွဲကြပါဦး။ ကျနော်တို့က လိုချင်ရုံအဆင့်ရှိပါသေးတယ်။ သူတို့က လမ်းပြကျင့်သုံးနေကြပြီ။ သွားဝေဖန်လေ။ ခင်ဗျားတို့မူက ဖက်ဒရယ်မစစ်ဘူး။ ဒီမစစ်တာကြီး လမ်းပြနေတော့ ကျနော်တို့ ဆွဲထားတဲ့ ဖက်ဒရယ်စစ်စစ်မူကို အခုဗမာအများစုက ခင်ဗျားတို့မူကို ကိုင်ထားပြီး ကျုပ်တို့ရဲ့ ဖက်ဒရယ်မူ အစစ်ကို လက်မခံဘူး ဖြစ်နေတယ် သွားပြောလေ။ ပြောခွင့်ရှိပါတယ်။

ကျနော် နောက်တစ်ခု ရှင်းချင်တာက လူမျိုးစုလွှတ်တော်လို့ သုံးလိုက်တဲ့ကိစ္စ။ ဖက်ဒရယ်မူစစ်စစ် (ရှစ်ပြည်နယ်မူ) ကိုစတင်လာစဉ်က (လူမျိုးစုလွှတ်တော်) လို့ခေါ်ဆို တင်သွင်းလာခဲ့တာပါ။ ကျနော်က တီထွင်ခေါ်ဆိုထားတာ မဟုတ်ပါဘူး။ အနှစ်-၅၀-နီးပါး လူမျိုးစုလွှတ်တော်လို့ သုံးစွဲခေါ်ဝေါ်လာခဲ့လို့ ကျနော်က လူမျိုးစုလို့ သုံးစွဲရတာပါ။ ၂၀၀၈-န.အ.ဖ.က အမျိုးသားညီလာခံမှာ အမျိုးသားလွှတ်တော်ဆိုတဲ့ အသုံးအနုံးကို သုံးစွဲလာပြီးနောက်မှာမှ ရှစ်ပြည်နယ်မူက လူမျိုးစုလွှတ်တော်လို့ တလျှောက်လုံး သုံးစွဲလာရာကနေ အမျိုးသားလွှတ်တော်လို့ ခေါ်လာတာပါ။ ကျနော်က လိုသလို ရေးခဲ့တာမဟုတ်ပါဘူး။ ကျနော့်အတွက် လူမျိုးစု လွှတ်တော်ဆိုတာ  နှုတ်ကျိုးနေပါပြီ။ တိုင်းရင်းသားတွေ ကိုယ်တိုင် သင်ပေးထားတာပါ။

ကဲ ဖက်ဒရယ်မူကို ကျနော်တို့ကမကြောက်ဘူး။ ဖက်ဒရယ်ဆိုတာ အမေရိကန်၊ ဆွစ်၊ အော်ဇီ ဖက်ဒရယ်မူ ကိုပြောတာပါ။ ကျနော်တို့ လိုချင်တာ အဲဒီပုံစံ။ အဲဒီပုံစံကို စစ်ဗိုလ်ချုပ်တွေက ကြောက်မကြောက်တော့ မသိဘူး။ စစ်ဗိုလ်တွေကတော့ သူတို့အာဏာ စွန့်လွှတ်ရမယ်ဆိုရင် ဘာမူကိုမဆို ကြောက်နေတယ်။ ဒါပေမဲ့ ရှစ်ပြည်နယ်မူကိုတော့ ကြောက်ချင်ဟန်ဆောင်ပြီး အလွန်ကြိုက်နေတယ်လို့ ပြောရပါမယ်။  ရှစ်ပြည်နယ်မူကို အသံထုတ်ပြီး စစ်တပ်အင်အားတိုးချဲ့ရေး လုပ်စားလို့ ကောင်းခဲ့တော့ ကြောက်တယ်ပြောရမှာထက် လက်တွေ့မှာ ပိုတောင်ကြိုက်နေပါတော့တယ်။ ဖက်ဒရယ်စစ်မူ (ရှစ်ပြည်နယ်) တင်တင်လာတာဟာ စစ်တပ်ကို VIAGRA အားဆေးထိုးပေးနေရာ ရောက်နေပါတယ်။ ရိုင်းသွားရင်တောင်းပန်ပါတယ် ။

ရှစ်ပြည်နယ်မူကြောင့် ဗိုလ်ချုပ်တွေက အာရှဘော်လကန် အရေးအခင်းဖြစ်ပါမယ် အထိ အာဆီယံကို ထောက်ပြပြောနိုင်ခွင့် သူတို့ကို ပေးအပ်ထားမိလျှက်သား ဖြစ်နေပါတယ်။ အာဆီယံအဖွဲ့ဟာ န.အ.ဖ ရှင်းပြထားမှုကြောင့် ရှစ်ပြည်နယ်မူကို သိပ်အစာမကြေပါဘူး။ ခင်ဗျားတို့က အာဆီယံကို ရှစ်ပြည်နယ်မူ အကြောင်း ပထမဦးဆုံး ရှင်းလင်းဆွေးနွေး ချပြသင့်ပါတယ်။ ဒီနေရာမှာ ရှစ်ပြည်နယ်လို့ သုံးနှုန်းထားတာက ကျနော်အနေနဲ့ မူလက အစပြုခဲ့တဲ့ ခေါ်ဝေါ်သတ်မှတ်ချက်လဲ ဖြစ်နေတာရယ် အခုပြောင်းထားတဲ့ ဧရာဝတီအမျိုးသားနဲ့  တနင်္သာရီအမျိုးသားဆိုတာ ဘယ်လို သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ထားပါတယ်ဆိုတာ ရှင်းပြထားတာ မရှိသေးလို့ လက်မခံနိုင်သေးလို့ပါ။ ရှမ်းလို့ ပြောလိုက်တာနဲ့ ရှမ်းဘောင်းဘီ၊ ခေါင်းပေါင်း၊ လူပုံသဏ္ဍာန်ကအစ၊ စကား၊ ဓလေ့ထုံးတမ်း၊ အစားအစာ၊ ရှမ်းအိုးစည်၊ ရှမ်းလူမျိုးတို့ရဲ့ ထူးခြားမှုတွေ စတာတွေ မျက်စေ့ထဲ မြင်ယောင်လာပါတယ်။ ဧရာဝတီလူမျိုး ဘယ်လို မြင်ယောင်ရပါမလဲ။ တနင်္သာရီလူမျိုး ဘယ်လို မြင်ယောင်ရပါမလဲ။ ခက်နေပါတယ်။

နောက်တစ်ချက်ကတော့ ကျနော်က ရှစ်ပြည်နယ်မူ (ဖက်ဒရယ်စစ်စစ်မူ)က လူမျိုးကို အခြေခံ သတ်မှတ်ထားလို့ အမေရိကန် ဖက်ဒရယ်မူနဲ့ လုံးဝကွဲလွဲ သွားပါပြီဆိုတာကို သူမရှင်းသေးတော့ ဥပမာလေးထပ်ပေးဖို့ လိုလာပါတယ်။ အခု ဗုဒ္ဓဘာသာမှာ မဟာယာန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဗုဒ္ဓ ဘာသာရယ်လို့ ရှိပါတယ်။ မဟာယာန ဗုဒ္ဓဘာသာအဖွဲ့က ဒုတိယအကြိမ် သံဃာယနာ တင်တော့မှ စတင်ပေါက်လာတာပါ။ တနည်းအနှစ်တစ်ရာတိတိ နောက်ကျပြီး ပေါ်ပေါက်လာတာပါ။

ဒုတိယ သံဃာယနာတင်တော့ ဝေသာလီရဟန်းတွေက မြတ်စွာဘုရား သတ်မှတ်ချက်တွေကို ပြုပြင်လိုတဲ့အတွက် သူတို့က တစင်ထောင်အပြိုင် သံဃာယနာ လုပ်ခဲ့ကြပြီး သူတို့ဂိုဏ်းကို ပိုမိုကြီိးမြတ်တယ် ဆိုတဲ့သဘောနဲ့ မဟာယာန လို့သတ်မှတ်ပြီး ဗုဒ္ဓလမ်းစဉ်ကို မပြုမပြင်ထိန်းသိမ်တဲ့ ဂိုဏ်းကို သေးသိမ်စေလိုတဲ့ သဘောနဲ့ ဟိနယာန (နိမ့်ကျသော) သောဂိုဏ်းလို့ တဖက်သတ် သတ်မှတ်ခဲ့တာပါ။ နောင်တော့ ထေရ၀ါဒလို့ ကနေ့ မြန်မာ၊ ထိုင်း၊ သီရိလကာင်္၊ လော၊ ကမ်ပူးချား တို့မှာ ရှိနေတာပါ  မဟာယာနက အခု တရုတ်၊ တိဗက်၊ ကိုးရီးယား၊ (ကိုးရီယားမှာ အခုဗုဒ္ဓဘာသာဦးရေက နည်းသွားပြီး ခရိယာန်ဘာသာ ပိုများလာပါပြီ) ဂျပန် စတာတွေမှာ မဟာယာနဂိုဏ်းထွန်းကားနေပါတယ်။
ကောသလအိပ်မက် ၁၆ချက်ကနေ ၁၇ချက်အဖြစ် ထပ်တိုးရမယ့် ထေဝရဝါဒဟု မိမိကိုယ်ကိုယ် ခံယူထားတဲ့ ထေရဝါဒ တိုင်းပြည်စစ်စစ်ရဲ့ သံဃာစော်ကားသူ ပုဂ္ဂိုလ်မှ 
မဟာယန ရဟန်းတော်များအား ကိုးကွယ်ဆည်းကပ်နေပုံ...

အဲဒီတော့ ဒီဗုဒ္ဓဘာသာ နှစ်ဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်ကို သုံးစွဲထားတာခြင်း တူနေတာရယ် သင်္ကန်းခြုံရုံတာချင်းဆင်တူ၊ ဦးဗျည်းတုံးထားတာခြင်း တူနေလို့ ဒီဗုဒ္ဓဘာသာ နှစ်ဂိုဏ်းဟာ အတူတူပါဘဲလို့ ပြောလို့ရမလား။ ဗုဒ္ဓဘာသာ အမည်ခံထားတာခြင်း တူပေမဲ့ မတူတာမှ အခြေခံကအစ ကွဲသွားပါပြီ။ တူတယ်ဆိုရင် သံဃာယနာ အတူတူတင်လို့ ရရမှာပေါ့။ ဟိုက လာလည်တဲ့ ရဟန်းတော်တွေကို ဒီကဘုန်းကြီးကျောင်းတွေမှာ ခေတ္တခဏ တည်းခိုတာလေးလောက် လုပ်သင့်တာပေါ့။ ရနိုင်မလား။ ခေတ္တခဏလေးတောင် လုပ်လို့မရပါဘူး။ အမည်ကသာ ဗုဒ္ဓဘာသာလို့ ဆင်တူနေတာ ကွဲပြားတာကတော့ စပ်အပ်ယူလို့ မရအောင်ကို ပြဒါးတလမ်း သံတလမ်းပါ။

အဲဒီလိုဘဲ အမေရိကန်ဖက်ဒရယ်မူနဲ့ အခုရှစ်ပြည်နယ် လူမျိုးစုခေါ်ခေါ်၊ အမျိုးသားလွှတ်တော် ခေါ်ခေါ် မတူရေးခြာ မတူပါဘူး။ မကျေနပ်သေးရင် အမေရိကန် ဥပဒေပညာရှင်တွေ ဥရောပက ဥပဒေပညာရှင်တွေကို သွားမေးပါဦး။ အာဆီယံက ဥပဒေပညာရှင်တွေကိုလဲ သွားဆွေးနွေးကြည့်ပါဦး။ ဖက်ဒရယ်ဆိုတဲ့ နာမည်လေးတူတာနဲ့ အတူတူပါပြောလို့ မရပါဘူး။ အဲဒီလောက်ဆို သဘော ပေါက်လောက်ပါပြီ။ အတူတူပါပဲပြောချင်ရင် ထေရ၀ါဒမူတွေနေရာမှာ မဟာယာနမူတွေ ကျင့်သုံးလို့ ဖြစ်မလား။ သူတို့က ပိုမြင့်မြတ်တယ် မဟာတောင် ဆိုထားသေးတာ။ ခင်ဗျားတို့ မူလိုပေါ့။ ဖက်ဒရယ်မူစစ်စစ်။ မဟာဖက်ဒရယ်မူပေါ့။

ကနေ့ကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ လူ့ယဉ်ကျေးမှုတွေ တစတစ တိုးတက်ပြောင်းလဲလာပြီး နိုင်ငံအများစုဟာ ကူးလူးဆက်ဆံ လာကြတဲ့အချိန်မှာ ငါ့လူမျိုး၊ သူ့လူမျိုးဆိုပြီး ခွဲခြားပြောဆို ဆက်ဆံမှုဟာ ခေတ်နောက်ကျတဲ့ အတွေးအခေါ်လို့ မြင်လာကြပြီး လူမျိုးခွဲခြားရေး မလုပ်ကြတော့တဲ့ အချိန်ပါ။ ကနေ့ကျနော်တို့က လူမျိုးခွဲခြားရေးကို တရားဝင် လုပ်ချင်နေတာကတော့ ကျနော်တို့ဟာ အမေရိကန်တို့နောက် အနစ်၂၅၀ မကနောက်ကျရာ ရောက်နေပါတယ်။ သူတို့ဆီမှာ I am US citizen. I am Australian citizen လို့ဘဲ သုံးနှုန်းပါတယ်။ I am Bamar nationality .. I am German nationality လို့မပြောကြပါဘူး။ အခုကျနော်တို့ ကိုးကားချင်တဲ့ အမေရိကန်ရောက် တိုင်းရင်းသားတွေ တပြုံကြီးကို သွားမေးပါ။ Citizenship ရပြီးသူတွေကို တခြားအဖြူ တစ်ယောက်ယောက်က မေးရင် I am US citizen ပဲပြောရတာပါ။

နောက်တစ်ချက်ကတော့ တိုင်းရင်းသား ဆိုတဲ့ဝေါဟာရကိစ္စပါ။ အားလုံးက တိုင်းရင်းသားလို့ ကိုယ်တိုင်လဲ သုံးနှုန်းတယ်။ ကျနော်က မြန်မာစာကို ဦးဆောင်ရေးသားနိုင်တဲ့ အရည်အချင်း မရှိပါဘူး။ အများသုံးတဲ့အတိုင်း လိုက်သုံးရတာပါ။ အခု Peace ကိုယ်တိုင် သူ့ဆောင်းပါး ဒုတိယအပိုင်းမှာ တိုင်းရင်းသားနဲ့ ဗမာ လို့ ခွဲခြားသုံးနှုန်း ထားပါတယ်။ နောက်ချက်က ကျနော်တို့ ဗမာတွေက ကိုယ့်ကို တိုင်းရင်းသားလို့ ပြောခံရင် ဘယ်လိုမှမဖြစ်ပါဘူး။ ဖြစ်တဲ့သူတော့ ရှိချင်ရှိနိုင်ပါမယ်။ ဒါကလဲ စာပေဝေါဟာရ မကျွမ်းကျင်သူတွေ အနည်းငယ်လောက်မှာ ရှိမှာပါ။ တိုင်းရင်းသားလဲ မြန်မာနိုင်ငံသားပါဘဲ။ စိတ်ခံစားမှုကတော့ လူတိုင်း မတူညီနိုင်ပါဘူး။ အသိတရားပေါ် မူတည်  ကွဲပြားပါမယ်။

နောက် ဒီနေ့ဘဲ မေအိခင်(လယ်ဝေး) ရဲ့သူမရဲ့ နယ်စပ်မှာ ဗမာလူမျိုးတွေမှာ မဟာလူမျိုးကြီး စိတ်ဆိုတာ မရှိကြောင်း ကြိုးစားခဲ့ရတာ မည်မျှအထိ အန္တာရယ် ရှိနိုင်တာလေးတွေ ဖတ်ရတော့ ဗမာမုန်းတီးရေးဟာ ရှစ်ပြည်နယ်မူ ဖိအားတစ်ရပ်လို့ ပိုပြီးမြင်လာ ခံစားလာရပါတယ်။  သေသေချာချာ ပြန်စဉ်းစားတော့ ရှစ်ပြည်နယ်မူက မခိုင်မာတော့ ဗမာတွေကို ရှစ်ပြည်နယ်မူ လက်မခံရင် မဟာလူမျိုးကြီးများများ အော်စွပ်စွဲပြီး သူတို့မူကို မဆန့်ကျင်ရဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဖို့ စော်ဘွားတွေ ကြံခဲ့တာဖြစ်ပါတယ်။ သေသေချာချာ စဉ်းစားလေ ဒီယုံဖမ်းဖို့ မဟာလူမျိုးကြီး စွပ်အော်နေကြတာပါ။
(ဆက်လက် ပို့ပေးပါဦးမည် နောက်မှ ဆက်ရေးပါဦးမည်။ လောလောဆယ်တော့ မြစ်ဆုံကိစ္စ အရေးကြီးတဲ့အချက်တွေ စာရင်းဇယားတွေ ပြုစုနေပါတယ်)

အားလုံးကို လေးစားလျှက်
လှိုင်မြင့်