ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၂)
ဖက်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ အပိုင်း (၂)
(ဆောင်းပါးရှင် The Peace)
အောက်ကဒေါက်တာလှိုင်မြင့် ပြောထားတာပါ။
တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေကလည်း အမေရိကန်ဖွဲ့စည်းပုံကို နမူထားပြောဆိုတတ်ကြပါတယ်။ အဲဒီမှာ ပြောစရာတွေ ရှိလာပါတယ်။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ဖွဲ့စည်းပုံကို ပြည်ထောင်စုစစ်စစ်မူ လို့ဆိုထားတယ်။ ပြီးတော့ဒီမူက အမေရိကန်မူကို နမူနာ ယူထားတယ် ဆိုကြပါတယ်။ တကယ်တော့ လုံးဝကြီး ပြောင်းပြန် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ထပ်ပြီးပြောပါမယ်။ တိုင်းရင်သားတွေရဲ့ ပြည်ထောင်စုစစ်စစ်မူနဲ့ အမေရိကန်ပြည်ထောင်စုမူက လုံးဝကြီး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
လုံးဝကြီးဆန့်ကျင်ဖက် ဖြစ်နေပါတယ်လို့ ဆိုလိုက်တာ အတော်ကို ဆိုးဝါးတဲ့ ပြောဆိုမှုဖြစ်ပါတယ်။ ဘယ်လောက်အထိ အတွေးအထင်ရောက် သွားစေနိုင်သလဲ ဆိုတာကို သေချာစဉ်းစားပြီး ရေးသင့်ပါတယ်။ လုံးဝ ဆိုတဲ့ စကားလုံးဟာ ၁၀၀% ဆန့်ကျင်ဖက် ဖြစ်တယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားစေပါတယ်။ နောက်ကွယ်က မမြင်သာတဲ့ ဆိုလိုချက်က အမေရိကန်ရဲ့ ဖက်ဒရယ်မူကိုသုံးပြီး အမေရိကန်က အောင်မြင်တိုးတက်နေတော့၊ တိုင်းရင်းသားတွေနဲ့ ပြည်ပရောက်ဗမာတွေ (အမှန်တော့ အတိုက်အခံအဖွဲ့ပါ) တင်ပြတယ်ဆိုတဲ့ ဖက်ဒရယ်မူကို ကျင့်သုံးရင် မြန်မာနိုင်ငံကြီး အစိပ်စိပ်ပြိုကွဲ၊ မွဲပြာကျရတော့ မလို ဆိုထားခြင်း ဖြစ်သွားပါတယ်။ ဘာတွေများ ဆန့်ကျင်ဖက်ဖြစ်နေတာလဲ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသေအချာ ဖတ်ပြီးပြီလားလို့လည်း မေးချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဖက်ဒရယ်စနစ်ခေါ် (ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်အစိုးရတို့ အာဏာကို ခွဲဝေ အုပ်ချုပ်တဲ့စံနစ်) ကို အခြေခံပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေပုံဟာ အင်္ဂလန်၊ ပြင်သစ်နဲ့ ယခုလက်ရှိ မြန်မာနိုင်ငံလို ဗဟိုအစိုးရက အာဏာဟူသမျှကို ရယူထားတဲ့ ပုံစံနဲ့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။
ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်အခြေခံဥပဒေတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ပြည်နယ်ရဲ့ အခြေခံဥပဒေကလည်း ပြည်ထောင်စုကြီးရဲ့ အခြေခံဥပဒေနဲ့ ကိုက်ညီရပါတယ်။ ဥပမာ- အမေရိကန် ပြည်ထောင်စုရဲ့ အခြေခံဥပဒေပါ Amendment VI လိုဟာမျိုးဆို ထပ်တူဖြစ်ရပါမယ်။
Amendment VI
“ In all criminal prosecutions, the accused shall enjoy the right to a speedy and public trial, by an impartial jury of the State and district wherein the crime shall have been committed, which district shall have been previously ascertained by law, and to be informed of the nature and cause of the accusation; to be confronted with the witnesses against him; to have compulsory process for obtaining witnesses in his favor, and to have the Assistance of Counsel for his defence.”
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရမှာ သီးသန့် အာဏာနဲ့ ထပ်တူသုံးစွဲခွင့်ရှိသောအာဏာဆိုပြီး ၂ မျိုးရှိပါတယ်။
ပြည်ထောင်စုအစိုးရရဲ့ သီးသန့်အာဏာ
(၁) ပိုက်ဆံထုတ်ဝေခွင့်
(၂) စစ်ကြေညာခွင့်
(၃) စစ်တပ်ထူထောင်ခွင့်
(၄) နိုင်ငံတကာနှင့်ဆက်ဆံခွင့်
(၅) ပြည်နယ်များနှင့် နိုင်ငံတကာ ကုန်သွယ်ခွင့် စည်းကမ်းသတ်မှတ်ခွင့်
(၆) စာပို့တိုက်များထူထောင်ခွင့်နှင့် တံဆိပ်ခေါင်း ထုတ်ဝေခွင့်
(၇) အခြေခံဥပဒေကို အတည်ပြုနိုင်ရန် လိုအပ်သောဥပဒေပြုခွင့်
ပြည်နယ်အစိုးရ၏ သီးသန့်အာဏာ
(၁) ဒေသတွင်းအစိုးရထူထောင်ခွင့်
(၂) ယာဉ်မောင်းလိုင်စင်၊ အမဲလိုက်ခွင့်လိုင်စင်၊ လက်ထပ်ခြင်း စသည့် လိုင်စင်များသတ်မှတ်ခွင့်
(၃) ပြည်နယ်တွင်း ကုန်သွယ်ခွင့်
(၄) ရွေးကောက်ပွဲ ကျင်းပခွင့်
(၅) ပြည်ထောင်စု အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောထားပေးပိုင်ခွင့်
(၆) လူထု၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ထောက်ပံ့ခွင့်
(၇)ပြည်ထောင်စုအစိုးရ သို့မဟုတ် အခြားပြည်နယ်များက ကန့်သတ်ထားခြင်း မဟုတ်သော အာဏာများကို သုံးစွဲခွင့်
(၈)ပြည်နယ်တွင်း အခြေခံဥပဒေရေးဆွဲခွင့် (ဥပမာ-အရက်သေစာ သောက်စားခြင်း၊ ဆေးလိပ် သောက်သုံးခွင့်ပြုသည့် အသက်အရွယ် စသည်)
ထပ်တူသုံးစွဲခွင့်ရှိသော အာဏာများ
(၁) တရားရုံးများတည်ထောင်ခွင့်
(၂) အခွန်ဥပဒေပြဌာန်းခွင့် နှင့် အခွန်ကောက်ယူခွင့်
(၃) လမ်းများဖောက်လုပ်ခွင့်
(၄) ဘဏ္ဍာငွေချေးငှားခွင့်
(၅) တရားဥပဒေ ပြဌာန်းခွင့် နှင့် အတည်ပြုခွင့်
(၆) ဘဏ်နှင့် ကော်ပိုရေးရှင်း များထူထောင်ခွင့်
(၇) လူမှုဖူလုံရေး နှင့် တိုးတက်ရေးအတွက် ဘဏ္ဍာငွေ သုံးစွဲခွင့်
(၈) ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာကို နစ်နာကြေးပေး၍ ပြည်သူပိုင် အဖြစ် သိမ်းယူပိုင်ခွင့်
ခုလို အမေရိကန် ပြည်ထောင်စုရဲ့ ဖက်ဒရယ်စနစ် အခြေခံဥပဒေနဲ့ တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေက ဘာတွေကများ လုံးဝမတူ၊ ဖီလာဆန့်ကျင် ဖြစ်သွားတာလဲ။ ဘယ်အချက်က လုံးဝကြီးကို ကွဲထွက်သွားတာလဲ။ အတိုက်အခံတွေ ရေးဆွဲထားတဲ့ ဖက်ဒရယ် ဥပဒေမူကြမ်းဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အခြေခံပြီးရေးထားတယ် ဆိုတာ ဖတ်ကြည့်တာနဲ့တင် သိသာပါတယ်။ မူကြမ်းဖြစ်တဲ့ အတွက် ချို့ယွင်းချက်တွေ ရှိနိုင်ပါသေးတယ်။
၂၀၀၈ နာဂစ် ဥပဒေနဲ့ ဖက်ဒရယ်ဥပဒေမူကြမ်းကို ယှဉ်ပြီး တစ်ရွက်ချင်း ယှဉ်ပြီး ဖတ်ကြည့်သင့်ပါတယ်။ အခွင့်အရေးတွေ ဘယ်လိုကွာတယ် ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်လာပါလိမ့်မယ်။ ဒေါက်တာလှိုင်မြင့် ဝေဖန်တာလေးဖတ်ပြီး သူပြောတာတွေချည်း အဟုတ်အမှန် ထင်မနေသင့်ပါဘူး။ ကောင်းမကောင်း ဆိုတာကို စာဖတ်သူ ကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။
အောက်ကဒေါက်တာလှိုင်မြင့် ပြောထားတာပါ။
အဲဒီလို လူမျိုးကို အခြေခံထားတာကိုက ဒီမိုကရေစီမူတွေ ဒီမိုကရေစီစံတွေနဲ့ ဆန့်ကျင်ဘက် လုံးလုံးကြီးဖြစ်သွားပါပြီ။ ထပ်ပြောပါမယ်။ လူမျိုးဆိုတဲ့နာမကို ထဲ့သုံးပြီး သတ်မှတ်လိုက်ရင် ဒီမိုကရေစီကို မဟုတ်တော့ပါဘူး။ ကြိုက်သလို သတ်မှတ်ပေတော့ ဒီမိုကရေစီမဟုတ်တော့ ဆိုတာကတော့ သေချာသွားပြီ။ ဘာလို့လဲ.... ရှင်းပါတယ်။ ဒီမိုကရေစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ပထမဦးဆုံးသော စာသားများမှာ ဆိုထားတာကိုက ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားစေရ ဟု ဆိုထားပြီး အခုဖက်ဒရယ် စစ်စစ်မူကြီးမှာ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော် (ယခင်ကတော့ လူမျိုးစုလွှတ်တော်) ဆိုပြီး လူမျိုးနဲ့ ခွဲခြားထား မိလျှက်သား ဖြစ်နေလို့ပါ ။
ဒါက မြန်မာအတိုက်အခံတွေ ရေးထားတဲ့ ဖက်ဒရယ်မူကြမ်းက ပုဒ်မ အချို့ပါ။
အခန်း (၄)
ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်
Assembly of Federal Union
(က) အမျိုးသားလွှတ်တော်
(ခ) ပြည်သူ့လွှတ်တော်
ပုဒ်မ (၆၀) ဖက်ဒရယ် ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းမှု
ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်ကို အမျိုးသားလွှတ်တော် (Chamber of Nationalities)နှင့် ပြည်သူ့လွှတ်တော် (Chamber of People’s Representatives) တို့ဖြင့် ဖွဲ့စည်းသည်။
လို့ဖော်ပြထားတာကို ဘယ်လို ကောက်ချက်ချပြီးတော့၊ ဘယ်လို ဘာသာပြန်ပြီးတော့ လူမျိုးနဲ့ ခွဲခြားထားတဲ့ လူမျိုးစုလွှတ်တော် ဆိုပြီး စွပ်စွဲပစ်လိုက်တာလဲ။ မှားယွင်းတဲ့ စွပ်စွဲမှု ဖြစ်ပါတယ်။
နောက်ပြီး ဒီမိုကရေစီ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပါ။ ဒေါက်တာလှိုင်မြင့် ပြောတာက
“ဒီမိုကရေစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ပထမဦးဆုံးသော စာသားများမှာ ဆိုထားတာကိုက ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားစေရ”ပြောထားပါတယ်။
မပြည့်စုံပါဘူး။ ချို့ယွင်းနေပါတယ်။ ချို့ယွင်းတော့ ဆိုလိုချက် မှားယွင်းသွားပါတယ်။ မှားယွင်းတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကြောင့် မှားယွင်းတဲ့ အဓိပ္ပယ်ကောက်ယူမှု၊ အယူအဆမှားမှု ဖြစ်နိုင်ပါတယ်။ ဒေါက်တာလှိုင်မြင့်ကို လေးစားတဲ့ လူတွေ ရှိပါတယ်။ လေးစားတာကြောင့် အယူအဆ အမှားကို ဝေဖန်မနေတော့ဘဲ အမှန်ဘဲလို့ မျက်စိမှိတ်ယုံကြည်သွားတတ်ပါတယ်။ အမှားကို အမှန်ထင်တာဟာ သိပ်အန္တရာယ်ကြီးလို့ ရှင်းလင်းသင့်တယ် ထင်လို့ ဒီစာကို ရေးတာပါ။ ဒေါက်တာလှိုင်မြင့်ကို တိုက်ခိုက်ရေးတာ နေခြင်းမဟုတ်ပါဘူး။
ဘယ်က အချက်ကို ကောက်ရေးပြီး၊ ဒီမိုကရေစီလို့ သတ်မှတ်လိုက်တာလဲ ဆိုတာမေးခွန်းထုတ်စရာပါ။ သူတင်ပြထားတဲ့ စာကြောင်းကလည်း အဆုံးမဲ့ နေတဲ့ စာကြောင်းပါ။ "ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားစေရ။" ဆိုတာကြီးက သေချာ ဖတ်ကြည့်လေ အဓိပ္ပါယ်ကင်းမဲ့လေပါပဲ။ ဖြစ်ရမှာက "ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားမှုမရှိစေဘဲ အခွင့်အရေး တန်းတူခံစားခွင့် ရှိသည်။" ဆိုတာမျိုးဖြစ်ရပါမယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ ဆိုတာကြီး ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ "လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ" ဆိုတာ "မခွဲဘဲနဲ့ သဘာဝ တရားအရကို ကွဲနေပြီးသားပါ။" အဲလိုကွဲနေပေမယ့် မည်သူ့ကိုမဆို အခွင့်အရေး တန်းတူညီမျှ ခံစားစေတဲ့ စနစ်က ဒီမိုကရေစီ စနစ်ပါ။ ဒီမိုကရေစီစနစ်မှာ လူမျိုးကြောင့်၊ ဘာသာကြောင့်၊ အသားအရောင်ကြောင့်၊ အသက်အရွယ်ကြောင့်၊ ပညာကြောင့်၊ ကျား/မ ကြောင့် အခွင့်အရေး တန်းတူမပေးပဲ နှိမ်ထားခွင့် မရှိဘူးလို့ ဆိုလိုတာပါ။
နောက်ပြီး ဒီမိုကရေစီကို ဘယ်နှစ်ချက်နဲ့ သတ်မှတ်ထားတာပါလဲ။ ဘယ်အချက်၊ ဘယ်အချက် ပါရင်တော့ ဒီမိုကရေစီလို့ ပြောရမှာလဲ။
အင်္ဂလိပ်လို တိုက်ရိုက် အဓိပ္ပါယ်ဖွင့်ဆိုထားတာက ဒီလိုပါ။
"Democracy is a form of government in which all people have an equal say in the decisions that affect their lives. Ideally, this includes equal (and more or less direct) participation in the proposal, development and passage of legislation into law. It can also encompass social, economic and cultural conditions that enable the free and equal practice of political self-determination."
"ဒီမိုကရေစီဆိုသည်မှာ ပြည်သူတို့က မိမိတို့၏လူနေမှုဘဝကို အကျိုးသက်ရောက်စေသည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်ခွင့်နှင့် တန်းတူထုတ်ဖော် တောင်းဆိုခွင့် ပေးထားသော စနစ်ဖြစ်သည်။ ဥပဒေ ပြဌာန်းရာတွင်လည်း တန်းတူပါဝင်ခွင့် ရှိသည်။ လူမှုရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု တို့ကိုလည်း လွတ်လပ်စွာ၊ တန်းတူညီမျှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆုံးဖြတ်ခွင့် ရှိသည်။"
ကျွန်တော်ကတော့ "Democracy Government" ကို "ပြည်သူ့အလိုကျအစိုးရ" လို့ ဘာသာပြန်သင့်တယ်လို့ ထင်ပါတယ်။
ဒီမိုကရေစီကို မြန်မာတွေ ဘယ်တော့မှ ဘာသာပြန်ဖို့ မကြိုးစားခဲ့ကြပါဘူး။ ဘာသာပြန်ပေးဖို့ လိုပါတယ်။ နိုင်ငံရေး နားမလည်တဲ့ မြန်မာနိုင်ငံသား ကျေးလက်ဒေသ တောကြို၊ တောကြားပါ မကျန် နားလည်အောင်ဆိုရင်။ နားဝင်လွယ်မယ့်၊ ထင်းခနဲ မြင်စေမယ့် ဝေါဟာရနဲ့ ဘာသာပြန်သင့်ပါတယ်။ ပြည်သူ့အလိုကျအစိုးရလို့ ဘာသာပြန်ရင် အဆင်ပြေသလိုရှိပါတယ်။ ခုထိ မြန်မာပြည်သူ အများစုဟာ ဒီမိုကရေစီဆိုတာ လုံးလုံးကြီးလား၊ ပြားပြားကြီးလား မသိပါဘူး။ ဘာတွေ ပါမှန်းလည်း မသိဘူး။ ဘာတွေ ရမယ် မှန်းလည်း မသိပါဘူး။ သူများအော်လို့တာ အော်နေရတာပါ။ “ဒီမိုကရေစီအစိုးရ” ဆိုတာ “ပြည်သူ့အလိုကျအစိုးရ” ပါပဲ။ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်တယ်ဆိုတာ ပြည်သူ့အလိုကျ အုပ်ချုပ်ရတာပါပဲ။
ဆက်လက်ဖော်ပြပါမည် ..
The Peace