ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငြိမ်းချမ်းရေးပြယုဂ်...

ငြိမ်းချမ်းရေးပြယုဂ်
မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်း ကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကို ရည်ရွယ်လျက် မြန်မာအစီအစဉ်ကို ဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာ ယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကို အမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်း အသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။

ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အား Sayamagyi Daw May May Khin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အား U Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အား Daw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး), Daw Rowena Hein, Daw Myint Myint Khin Pe @ Shwe Zee Kwet တို့အား သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်း အသင်းတော်ကြီး၏ သိက္ခာတော်ရ ဆရာတော်ကြီး ဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအား ဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်း စာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကို သုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှဘဲ လူတွေက မျက်ရည်ကျတာများတယ်လေ။ ” ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေး တာက တစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကို ကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကို ချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို မောင်တစ်ထမ်း မယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြား ခဲ့ပြီးနောက် ဘွဲ့များအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရ အား မိမိတို့ တစ်ဖက်တစ်လမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြား သွားခဲ့သည်။ ထိုအတူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မ ကျေးဇူးအများကြီး တင်ပါတယ်။

ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများ ကွဲပြားနေခြင်းကို အမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီး များမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များ ထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများ သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားအား အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်း လူမျိုးဘာသာမခြား ဆင်းရဲ ချမ်းသာမရွေးတို့အား ပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားအတိုင်း ယခုကဲ့သို့ လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသား လူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

အထက်က ရေးသားချက်ပါ... ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း ရေးသားထားချက်နဲ့ ပတ်သက်ပြီး ဦးကျော်သူမှ အွန်လိုင်းမှ ယခုလို ပြောကြားခဲ့ပါတယ်..။

" ကိုယ့်ဘာသာက ပြည်တွင်းမှာ ယခုလိုအသိအမှတ် မပြုခဲ့တာကို စိတ်မကောင်းဖြစ်မိလို့ ရေးမိတာ အမှား ပါသွားရင်တော့ ခွင့်လွှတ်ပါ။ အသိအမှတ်မပြုတဲ့ အပြင် အနှောက်အယှက်ပါ အလုပ်ခံနေရတဲ့ အတွက်ကြောင့်ပါ။ ဒါကိုစာဖတ်သူတွေ သဘောပေါက် စေချင်ပါတယ်။ ကျေးဇူးပါ။ ဟုဦးကျော်သူမှ ဖြေကြား ပြောဆိုသွားပါတယ်.. "

အွန်လိုင်းမှ ပြောကြားချက်အား ဦးကျော်သူ၏ ခွင့်ပြုချက်ဖြင့် ဖြည့်စွက်ရေးသား ဖော်ပြပါသည်..။