ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒလမြို့ တော်ကြီး စီမံကိန်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

   ဒလမြို့တော်ကြီး စီမံကိန်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကျနော် ဒီဆောင်းပါးကို အကြမ်းဖျင်းသဘောသာ ရေးနိုင်ပါတော့တယ်။ ၁၉၉၄-ခုနစ်က စီမံကိန်း စာအုပ် ကျနော်လက်ထဲ ခနသာကြည့်ရတာပါ။ ပေးမထားတော့ ကျနော်လဲ တစ်ရက်ငါ့လဲ တအုပ်လောက်တော့ ပေးထားမယ် ထင်ခဲ့တာပါ။ ဒီလိုမှန်းသိရင် တအုပ်လောက် ရအောင်တောင်းယူ ထားမိပါတယ်။ သူတို့တတွေကတော့ ဘာစီမံကိန်းဘဲ ရေးရေး စံနစ်ဇယားကျကျနနနဲ့ ရေးဆွဲပြီးမှ စကား ပြောတတ်ကြတာပါ။ ကျနော်တို့ မြန်မာတွေမှာ အဲဒီလို အလေ့အထ လေးများရှိလာကြရင် သိပ်ကောင်းပါမယ်။ စီမံကိန်းတခုကို ကျကျနန ရေးဆွဲတာမျိုးလေးကိုက အသိပညာ အတတ်ပညာကို တိုးစေမယ်လို့ ယူဆမိပါတယ်။

အသေးစိတ် မသိပေမဲ့ ယေဘူယျတော့ သိထားတာ ခေါင်းထဲ ကျန်တာလေးတွေ ရေးချပြပါမယ်။  ဒလမြို့တော်စီမံကိန်းကို မ.ဆ.လ.ခေတ်ကလဲ စိတ်ကူးခဲ့ပါတယ်။ ဘတ်ဂျက်လဲမရှိ တခါလုပ်ပြန်ရင်လဲ စီးပွားရေးက ဘာမှ ဟုတ်တိပတ်တိ ရှိတဲ့ခေတ် မဟုတ်တော့ အကောင်အထည် မဖေါ်နိုင်သလို ဖေါ်ပြန်ရင်လဲအကျိုး သိပ်ရှိနိုင်မယ် မထင်ခဲ့ပုံ ရပါတယ်။ ဘာစီးပွားရေးမှ မရှိတဲ့ခေတ်လေ။ မလုပ်ဖြစ်ခဲ့တာ ပိုကောင်းမယ်။ လုပ်ခဲ့ရင် ကားနှစ်စီးပဲ သွားလို့ ရတဲ့ တံတားဖြစ်နေလို့ပါ။

ဒလမြို့တော်ကြီးလို့ သုံးစွဲလိုက်ရတာက ဒလမြို့တော်ကြီး တည်လိုက်ရင် မြို့ကြီးဟာ နေ့မွေးညကြီးဆိုသလို ချက်ချင်းကြီး ဧရာမမြို့တော်ကြီး ဖြစ်သွားမှာမို့ပါ။ ရန်ကုန်ကိုမြို့တော်လို့ ဆက်သုံးမလားရတယ်။ ရန်ကုန်ကိုမြို့တော် ဆက်သုံးနေသေးရင် ဒလကို ဒလမြို့တော်ကြီး ပြောယူရအောင်ကို ကြီးသွားပါမယ်။
ဒလမြို့အကြောင်း မရေးခင် ဘာလို့ ရန်ကုန်ကနေမြို့တော် ရွှေ့ဖို့လိုတယ်ဆိုတာကို ရေးရန် လိုအပ်နေပါတယ်။ အင်္ဂလိပ်တို့ဟာ ရန်ကုန်မြို့တော်ကို- ၁၈၅၂-နစ် အင်္ဂလိပ်မြန်မာ- ဒုတိယစစ်အပြီးမှာ ယာယီမြို့တော် တည်ခဲ့ပြီး နောက်မကြာမှီ မြို့စီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့ပါတယ်။ အဲဒီအချိန်က ဆောက်ခဲ့တာဆိုတော့ ကားလည်း မပေါ်သေးတော့ မြင်းရထားသွားဖို့ အတွက်သာ စီမံကိန်းချ ဆောက်ခဲ့တော့ သိမ်ဖြူလမ်း အနောက်ဘက် အခြမ်း မြို့တွင်းပိုင်းလမ်းတွေဟာ (ဥပမာ-လမ်း၃၀) တို့အကျယ်က ပေ-၃၀ ဘဲရှိပါတယ်။ သိမ်ဖြူလမ်း အရှေ့ ခြမ်းက ဒုတိယစီမံကိန်းဆိုတော့ လမ်းအကျယ်က ပေ-၅၀ ဖြစ်နေတာပါ။ တနည်းပြောရရင် ရန်ကုန်မြို့တော်ရဲ့  စီမံချက်က ၁၈၈၅- မှာတင် ခေတ်မမှီတော့ဘူး သုံးသပ်လို့ပါပြီ။ လွန်ခဲ့တဲ့ နစ်တရာကျော်ကိုက ကျဉ်းနေပြီ သေးနေပြီ ဆိုတာ ရှင်းနေပါပြီ။ တခါ အင်္ဂလိပ်စီမံချက်က မြို့တော်နှစ်ခုလုံးကို လူဦးရေ-နှစ်သိန်း အများဆုံး.၄-သိန်းအတွက် တွက်ဆပြီး တည်ဆောက်ခဲ့တာပါ။ အခုတော့ သန်းနဲ့ချီပြီး နေထိုင်နေကြတော့ မြေအောက် ရေသန့်ပိုက်လိုင်းတွေ မိလ္လာပိုက်လိုင်းတွေက အဒီတုန်းက ပမာဏသာရှိနေတာက တချက် ဟောင်းနွမ်းဆွေးမြေ့ နေတာကတချက်ကြောင့် မကြာခန မိလ္လာပိုက်တွေပေါက် ရေဆိုးတွေ လမ်းပေါ်လျှံတက်နေတာ မြို့တခုရဲ့ ဂုဏ်သိက္ခာကို အလွန်ရုပ်ဆိုးစေပါတယ်။

ပြုပြင်ရအောင်ကလဲ အသစ်လုပ်ရတာထက် ပိုမိုကုန်ကျတဲ့အပြင် လုပ်ဖို့နေရာပါ အခက်အခဲရှိနေပါတယ်။  လုပ်နိုင်ရင်တောင် လမ်းတွေရဲ့ အနေအထားနဲ့ ယနေ့ မော်တော်ကားစီးရေနဲ့ မကြာမှီ ဘန်ကောက်ထက် ဆိုးဝါးသော လမ်းပိတ်ဆို့ မှုကြီးတွေပေါ်လာပြီး လူလုပ်အား ဆုံးရှုံးမှုကြီးကြုံရပါမယ်။ ကားပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ်မွန်းကျပ်မှု စိတ်ဖိစီးမှု တွေ အချိန်ဆုံးရှုံးရမှုကို တွက်ဆတတ်သူတွေ (ပညာရှင်တွေ) သိကြပါတယ်။ အလွန်ပူပင်ဘွယ် ကောင်းသော အနုတ်လက္ခဏာ ကြီးဖြစ်လာရင် တိုင်းပြည်စီးပွားရေး နှောင့်နှေးပြီး ပျက်သွားတဲ့အထိ တာဆူသွားနိုင်ပါတယ်။

တခါ ရန်ကုန်မြို့ မှာ တိုးတက်လာသော လူဦးရေနင့် ကိုက်ညီအောင် အိုးအိမ်ဆောက်လုပ်ရန် မြေနေရာက ကျဉ်းလေတော့ အိမ်ဈေးတွေက မတရား မတန်တဆ ခေါင်ခိုက်နေခြင်းက အရင်းအနှိးထဲက ဖဲ့ပေးနေရတော့ ကုန်ထုတ်မှုရဲ့ ကုန်ကျစားရိတ်ကို ပိုမိုသွားစေပါတယ်။ ကုန်ပစ္စည်းတခု ထုတ်လုပ်မှုမှာ စားရိတ်များနေလေ ယှဉ်ပြိုင်နိုင်စွမ်း နည်းသွားလေပါ။

အဲဒီလို အိုးအိမ်မြေဈေးက ကုန်ထုတ်လုပ်မှုကို ၀န်ပိနေစေချိန်မှာ လမ်းတွေမှာ ယဉ်ကျောပိတ်ဆို့မှု ထပ်ပါလာရင် တွက်သာကြည့်ပါတော့။ တခါ အခုစက်မှုဇုံတွေကို ၁၉၉၄-ခုနစ်က စတင်ချပေးခဲ့တာပါ  တဖြေးဖြေးနဲ့ ကုန်တင်ပို့ရာ သင်္ဘောဆိပ်ကမ်းနဲ့ ဝေးတဲ့မြို့နယ်တွေကို တစတစရောက်လာတော့ ကုန်ပစ္စည်း သယ်ယူခဟာလဲ ထပ်ဖိဦးမယ်၊ တက်ဦးမယ်ဆိုရင် နိုင်ငံတကာနဲ့ ကုန်လုပ်လုပ်မှု စားရိတ်က မယှဉ်နိုင်ရင် ကျနော်တို့ ရဲ့ စီးပွားရေးက နောက်ကျကျန်ခဲ့ပါမယ်။

ကုန်ထုတ်လုပ်သူ အလုပ်သမားများဟာလဲ စက်မှုဇုံတွေနဲ့ အလွန်ဝေးကွာသော အရပ်တွေကနေ ကားကို ခက်ခဲကြပ်တည်းစွာ စီးပြီးသွားလာနေရတာ သူ့တို့အတွက် အချိန်လဲကုန် (လုပ်အားချိန် အလေအလွှင့် ဖြစ်တာပါ) လမ်းစားရိတ်ကလဲ ပိုမိုကုန်ကျ လူကကားစီး ရတဲ့ဒါဏ်ကြောင့် ပင်ပန်းနွမ်းနယ် နေတော့ ကုန်ထုတ်လုပ်ရာမှာ စွမ်းရည်အတော် ကျဆင်းနေသူ ဖြစ်နေပါပြီ။ အနောက် နိုင်ငံကြီးတွေမှာဆို အလုပ်သမားများ  စိတ်ဖိစီးမှု မည်သည့်အတွက် ဖြစ်တယ်ကို အမြဲတမ်း သုသေသနပြု အစိုးရက ဖြေရှင်းပေးနေတာ ကုန်ထုန်လုပ်မှုကို မည်မျှကျဆင်းစေတယ် စသည့် တွက်ကိန်းဂဏန်းများနဲ့ အမြဲတွက်ချက် နေကြတာပါ။ အဲဒီလောက်အထိ အရေးကြီးတာပါ။ ကျနော်တို့ဆီက နိုင်ငံကို အုပ်ချုပ်နေသူများ တကြိမ်တခါလောက် ဘတ်ကားစီးကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ လုပ်အားစွမ်းရည် ကျဆင်းမှုဟာ သူတို့လို ဖေါ်မြူလာတွေနဲ့ တွက်ချက်နေစရာကို မလိုပါဘူး။ ဘတ်ကားပေါ်ကနေ ဆင်းတာနဲ့တင်.. ဖူး .ဖြစ်သွားစေရပါမယ် ။

မြန်မာနိုင်ငံက အုပ်ချုပ်တဲ့ သူတို့ကျတော့ လမ်းမှာ အချိန်မကုန်ရအောင် လမ်းကြောင်းတွေ ရှင်းထားပေးပြီး သာမန်ကားတွေ ရပ်ထားပေးရတော့ ကျပ်ညှပ်နေတဲ့ ပြည်သူတွေ လုပ်သားတွေကို ပိုမိုတောင် ဒုက္ခပေးလိုက်ပါသေးတယ်။ နိုင်ငံကိုအုပ်ချုပ်သူဟာ ပြည်သူလူထုကို ရင်ဝယ်သားသမိးကဲ့သို့ သဘောထားရမယ် ဆိုတာနဲ့ ပြောင်းပြန် လုပ်နေကြပါတယ်။

အဲဒီတော့ ကျနော် အပြတ်ကို ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ လုပ်အားခ အနည်းဆုံး တိုင်းပြည်ဆိုတာ အားလုံးသိကြပါတယ်။ ဒီလိုနည်းတာကို နိုင်ငံခြား အရင်းအနှီးတွေ ၀င်မလာတာဟာ အစိုးရအပေါ် မူတည်နေတာထက် မလိုအပ်ဘဲ အပိုကုန်ကျနေတဲ့ စားရိတ်တွေကို လျှော့မချနိုင်တာက အဓိက ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို ရင်းနှီးးမှုတွေ ၀င်လာဖို့ ရေခံမြေခံ အကောင်းဆုံး နေရာကတော့ ဒလ ဘဲဖြစ်ပါတော့တယ်။ တခြားယှဉ် စဉ်းစားစရာ နထ္ထိပါဘဲဗျာ။ မကြိုက်လဲ ဒလ ကြိုက်လဲ ဒလ။ ဒလသားတွေ အတွက်က မာမာပေါ့။ မကြာခင်ဒလသားတွေရဲ့ အိမ်မြေဈေးတွေ အဆ နှစ်ဆကနေ အဆ ငါးဆယ်လောက် ထိုးတက်သွားမည်ဟု ပြောနိုင်ပါတယ်။ နေရာပေါ် မူတည်ပြီးပေါ့လေ။ ဒါအနိမ့်ဆုံး ခန့်မှန်းထားတာပါ။

အဲဒီလိုဘဲ ရန်ကုန်မြေဈေးဟာလဲ ငါးဆ ကနေ အဆ နှစ်ဆလောက် ထိုးကျသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ရှင်းရှင်းလေးပါ။ အခုလှိုင်သာယာတို့၊ ရွှေပြည်သာတို့က စက်ရုံတွေ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့က ဒလ ဘက်လာချင်လာခဲ့ ဒလကိုမလာရင် လဒ စာဖြစ်သွားပါမယ်။ (လင်းဋ)။ အဲဒီလောက်ကို သက်ရောက်မှု ကြီးမားပါမယ်။

ဒလ မြို့တော်ကို နိုင်ငံတော်က ပညာရှင်တွေနဲ့ အသေအချာ စီမံကိန်းရေးဆွဲပြီး စံနစ်ဇယားရှိရှိ အကောင်အထည်ဖေါ်ရပါမယ် ။ ခင်ညွှန့်လုပ်ခဲ့သလို မြင်ရုံလေးနဲ့ ဟိုလက်ညိုးထိုးလိုက်တာနဲ့ စီမံကိန်း စီမံချက် ဆိုတာ အနောက်နိုင်ငံသားတွေ ရယ်တာမှ ဟားတိုက် ရယ်ကြကြောင်းပါခင်ဗျာ။ တကယ်က စိမံကိန်း ဆိုတာက ဥပမာပေါ့။ ဖို့ဒ်ကား ကုမ္မဏီကြီးမှာ ၁၉၇၄ -လောက် ကုမ္ပဏီရဲ့ ဥက္ကဌ အိုင်ယာကော့ကာ (Lee Iacocca) ဆိုတာ အီတာလျှံ စစ်စလီကျွန်းသားက နောင်လာမဲ့ ၁၀- နှစ် ၁၅-နှစ်မှာ လူတွေက ပိုမိုချမ်းသာလာမယ်။ သားသမိးတွေ နည်းနည်းဘဲ ယူလာတော့ ဒီချမ်းသာတဲ့ သားသမိးလေးတွေ လမ်းပေါ်ထွက်နေကြမယ်။ အဲဒီမှာ အခုခေတ်စားနေတဲ့ နှစ်ယောက်စီး ပြိုင်ကား ဆန်ဆန်လေးတွေ ထုတ်ဖို့ ကြိုတင်တွက်ဆပြီး ပုံစံတွေ ထုတ်လုပ်ပါတယ်။ သူက တော်လွန်းတော့ ဥက္ကဌ ကို ဖိုဒ့် ကုမ္ပဏီပိုင်ရှင် (နာယ) chairman မစ္စတာဖို့ဒ် ထက်ပိုမို ထင်ပေါ်လာတာတော့ ဟိုက သူတင်ပြတာတွေကို လက်မခံတော့ဘူး။

နောက်သူ့ကို စစ်စလီကျွန်းက မားဖီးယားဂိုဏ်းသာ တွေနဲ့ပတ်သက်တယ် သတင်းလွှင့် ထုတ်ပစ်လိုက်တယ်။ အဲဒီအချိန်ဂျပန်က ကားတွေက အမေရိကန်ဈေးကွက် မတရား ထိုးဖေါက်လာတော့ အမေရိကန်ကား ကုမ္မဏီတွေ အရှုံးပေးနေပြီး ခရိုက်စလာကုမ္ပဏီဟာ ဒေ၀ါလီခံရခါနီး နေပါတယ်။ ခရိုက်စလာက နာယကက အိုင်ယာကော့ကာကို ခိုးပြေးတွေ့ တခါထဲ ဥက္ကဌ ပေးတာမယူဘူး။ ကျုပ်တို့ က အချိန်ကုန်ခံ စဉ်းစား စီမံကိန်းတွေဆွဲ ခင်ဗျားတို့ ချယ်ယာမင် တွေက ပုတ်ချ။ ကျုပ်ကို ခန့်ချင်ရင် နာယက ဆိုရင် လက်ခံမယ်ပေါ့။ ဟိုကလဲ နာယကက ခန့်ခွင့်မရှိတော့ ဒီလိုလုပ်ဗျာ...ခင်ဗျား အံဆွဲကို သေသေချာချာ သော့ခတ်ထား။ ကျုပ်အမြဲတမ်း လက်မှတ်ထိုးပြီးသား ၁၉- ရွက် အမြဲတမ်း ဖြည့်ထားပေးမယ်ဗျာ အထိပြောပြီး ရအောင်ခန့် လိုက်ပါတယ်။

သူက ဖို့ဒ်မှာသူဆွဲထားတဲ့ ပုံစံတွေကို တခါထဲထုတ်လိုက်တာ ဒေ၀ါလီခံလုနီးနီး ခရိုက်စလာဟာ ဖို့ဒ်ကို ၂နှစ်အတွင်း ကျော်တက် သွားပါတော့တယ်။ စီမံကိန်းဆိုတာ ရှေ့လာမယ့် ၁၀-နှစ်၊ နှစ်၂၀- မှာ လူဦးရေ ဘယ်လောက် တိုးလာရင် ဘာတွေလိုလာမယ်..။ ဘာတွေပြသနာ တက်လာမယ်.. အဲဒီလိုဆွဲရတာ။ ဗိုလ်ခင်ညွှန့် လက်ညိုးထိုးတာကို စီမံကိန်းလို့ ပြောနေတာကတော့ ..

အထက်ကပြောတဲ့ အိုင်ယာကော့ကာဆိုတာ အမေရိကန်သမိုင်းမှာ သက်တမ်း ၂၃၅ နှစ်အတွင်း လွှတ်တော်နှစ်ရပ်ပေါင်းမှာ သာမန်အရပ်သား တစ်ဦးအနေနဲ့ မိန့်ခွန်းပြောခွင့် မပြုထားပါဘူး။ သူက နှစ်ကြိမ်တိတိ သမ္မတတွေ သတင်းထောက်တွေ အားလုံးက တောင်းဆိုလို့ နှစ်ကြိမ်ပြောခွင့်ရခဲ့သူပါ။ ကနေ့လူငယ်လေးတွေ သူ့အကြောင်း ဖတ်သင့်ပါတယ်။ ၁၉၈၃-မှာ အမေရိကန်ပြည်ထောင်စုကြီး စီးပွားရေး ပျက်ကပ်ကြုံလု ဆည်းဆည်းကို ကာကွယ်ပေးလိုက်သူပါ။  ဒုတိယအကြိမ် ပြောကြားခဲ့ရတာက တပြည်လုံးက သူ့ကိုသမ္မတ လုပ်ဖို့အကြိမ်ကြိမ် ၀ိုင်းတောင်းဆိုနေကြလို့  သမ္မတကြီးရီဂင်က လွှတ်တော်ကို ပန်ကြားပြီး အမတ်တွေ ထောက်ခံမှုနဲ့ ကျနော်နိုင်ငံအရေး နားမလည်ပါဘူး ကျနော်လဲ ပင်ပန်းလှပြီမို့ နားပါရစေတော့ မိန့် ခွန်းကြီးပါ။ ယနေ့လူငယ်လေးတွေ ဖတ်စေချင်လို့ အကျယ်ရေးပြနေရတာပါ။

စိမံကိန်းဆိုတာ နိုင်ငံအုပ်ချုပ်သူတွေ သိကြပါခင်ဗျာ။ စိတ်ထဲထင်တာနဲ့ ကောက်လုပ်တာ မဟုတ်ပါဘူးခင်ဗျာ။ အိမ်တအိမ်ဆောက်ရင် နောင်အနှစ် နှစ်ဆယ်လောက်မှာ သားသမီးတွေ မြေးတွေ များရလာရင် တွက်ဆ ဆောက်သလိုပေါ့ဗျာ။ ဒါကတော့စိတ်နဲ့ တွက်ဆ တာပါ။ စိမံကိန်းဆိုတာ စံနစ်တကျ  တွက်ချက်ပြီး ဒီလိုလုပ်ထားရမယ်ဆိုပြီး ကြိုလုပ်ထားရတာပါ။ အခုသိရသလောက် စီမံကိန်းဌာနဆိုတာ ချောင်ထိုးထားခံရတဲ့ ဌာနဖြစ်နေတာက စီမံကိန်းကို ဘယ်လောက် မသိကြဘူးဆိုတာ သက်သေပါဘဲ။

အဲဒီတော့ ဒလ စိမံကိန်းကို ဆက်ပါမယ်။ ဒလကို အဓိ့က ပြောင်းရတဲ့ ရည်ရွယ်ချက်တွေက အများကြီး။  အဲဒီ့ ရည်ရွယ်ချက်တွေကို အရေးကြီးမှု တွေနဲ့ ပိုင်းခြားကြည့်တတ်ဖို့ လိုပါတယ်။ ကျနော်တို့တတွေ အလုပ်တခုကို ဆုံးဖြတ်ရင် အောက်ကအချက် ငါးချက်နဲ့ ချိန်ထိုးတတ်တဲ့အလေ့အထလေး လုပ်စေချင်ပါတယ်။ ဒါကျနော်ကိုယ့်စိတ်ကူးလေးနဲ့ လုပ်ထားတာပါ။ စီးပွားရေးပညာရှင်တွေ လုပ်ခဲ့ရင် ပိုကောင်းမယ် ထင်ပါတယ်။

(၁) ESSENTIAL / VITAL မရှိမဖြစ် သေရေးရှင်ရေးလောက် အရေးကြီးတဲ့ ကိစ္စများ..
(၂) NECESSARY / IMPORTANT အရေးကြီးသော / အလွန်အသုံးလိုသော..
(၃) USEFUL အသုံးဝင်သော
(၄) USELESS အသုံးမလိုသော / အပိုစာသား
(၅) HARMFUL အန္တာရယ်ရှိသော

အဲဒီလိုငါးခုခွဲခြားပြီး စဉ်းစားတာ လေ့ကျင့်ထားရင် ကောင်းပါတယ်။ တခုချင်းပြန် အကြမ်းဖျင်း ရှင်းပြချင်ပါတယ်။ ဒီလိုရှင်းပြရာမှာ ကာလ၊ံ ဒေသံ၊ အဂံပေါ့.. တဦးနဲ့ တဦး ပင်ကိုအခြေခံ သဘာဝ အခြေအနေ အချိန်အခါအရ ကွာခြားနေပါမယ်။ လူတစ်ဦးနဲ့ တစ်ဦးမတူတာကော.. လူတစ်ဦးမှာကိုဘဲ အခြေအနေအရ လိုအပ်ချက်တွေက မတူဘူးလေ။ အမြဲပြောင်းနေပါမယ်။ ပုံသေကားချပ်တော့ ချလို့မရသလို တချို့လိုအပ်ချက်တွေက ပုံသေကားချပ်ချလို့ ရပါတယ်။

ဥပမာ ESSENTIAL / VITAL ဒီနေရာ မှာ Vital ဆိုတာ သူမရှိရင်သေမယ်။ Essentialလဲ မရှိလို့ကို မရတာ။ ဥပမာလူတစ်ဦးကို အခြေခံစဉ်းစားမယ်ဆိုရင် လူမှာ (၁) အရေပြား မရှိလို့မရဘူး ဒီလိုဘဲ ဦးနှောက်၊ အသဲ၊ နှလုံးနှင့် သွေးကြော၊ အဆုပ် စတာတွေအများကြီးပါ။ ဒါတွေမရှိရင် သေကို သေသွားနိုင်တဲ့အထိ အရေးပါတာတွေကို ခေါ်တာပါ။ မျက်စေ့တို့ ခြေတို့လက်တို့ မပါရင် ရသေးတယ်။ တိုင်းပြည်တခုအနေကြည့်ရင် နယ်မြေ / လူဦးရေ / စစ်တပ် / စီးပွားရေး အဆောက်အအုံ စတာတွေပေါ့ဗျာ။ လယ်ယာစိုက်ပျိုးစရာမရှိ အခုခေတ်ဆို စင်ကာပူ၊ ဘရူနိုင်းစတာတွေ လယ်ယာမြေ မရှိပါဘူး။ အရင်ကဆိုရင်တော့ လယ်ယာမြေရှိမှ ရတာပါ။ ရှေးခေတ်ကတော့ လယ်ယာမြေကောင်း ပိုင်ဆိုင်ရေးက နံပတ်တစ်ပါ။အိမ်ထောင်တခုမှာလဲ အလုပ်အကိုင် (၀င်ငွေပေါ့) နေစရာ ၀တ်စရာ မရှိလို့ကိုမရတာ စား/၀တ်/ နေရေးပေါ့။ ပညာသင်ကြားရေးတို့က အရေးကြီးတာပေါ့။

လောလောဆယ် ဒီမှာ ခဏရပ်ပါရစေ နောက်တပတ်ဆက် ရေးပါမယ်ဗျာ။ ဒလမြို့တော် င်္စမံကိန်းအကြောင်း ရေးရမှာ များပါမယ်။

အားလုံးကို လေးစားလျှက်