ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးပါ ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးပါ
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

ကမ္ဘာကြီးကို နိုင်ငံရေး အမြင်နဲ့ဖြန့်ကျက် ကြည့်မယ်ဆိုရင် တချို့ကိစ္စရပ် တွေမှာ လုံးလုံး မတူနိုင်သည့်တိုင်… အခြေ နေတွေဖြစ်စဉ်တွေဟာ အနည်းနဲ့အများ တူညီနေတာတွေ ကိုတွေ့ရတတ် ပါတယ်… ဒါကလည်း သိပ်မဆန်းပေဘူး ပေါ့…. လူသားတွေ နေထိုင် နေကြ တဲ့… ဒီလောကကြီးမှာ…. အသွင်ပြင် သဏ္ဍန်သာ ကွဲပြား ခြားနား နိုင်ပေမဲ့ အတွင်းအနှစ်သာရ ပိုင်းဖြစ်တဲ့ လောဘ၊ ဒေါသ ၊ မောဟ ထူပြောမှု့မှာ… .အနည်းနဲ့ အများဆို တော့ လူဟာ လူ ပါပဲလေ။

တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှု့ ဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင်လည်းဖြစ်၊ သမ္မတဟောင်း တဦးလည်းဖြစ်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လည်းဖြစ်တဲ့ နယ်လ်ဆင် မင်ဒရဲလား ဆိုတာကိုတော့ တော်တော်များများ သိနေကြပါတယ်။ သူ့ရဲ့လှုပ်ရှားမှု့တွေ အကြောင်းကိုလည်း သိကြပါတယ်… ကျနော် တင်ပြချင်တာက အဲဒါတွေမဟုတ်ပါဘူး…။ နှစ်ပေါင်း (၃၈) နှစ်တိုင် ချစ်ကြိုးတွေသွယ်ကာ ရစ်ခါနဲ့ ခရောင်းလမ်းကို အတူလျှောက်ခဲ့ပြီးခါမှ လမ်းခွဲခဲ့ကြတဲ့ မင်ဒရဲလားနဲ့ သူ့ ဇနီး ၀င်နီမင်ဒရဲလား အကြောင်းပဲ ဖြစ်ပါတယ်။ သာမာန်ကြည့်မယ်ဆို လင်မယားကွဲတာများ အဆန်းလုပ် နေရသလားလို့ ထင်စရာ အကြောင်း ရှိပါတယ်…။ ဆန်းပါတယ် သိပ်ကိုဆန်း ပါတယ်။ တကယ်တော့ သူတို့ လင်မယားနှစ်ယောက်ကွဲပြဲ လမ်းခွဲရခြင်း အကြောင်းတရား အခြေခံဟာ…. နိုင်ငံရေးကြောင့် ပါလို့ပြောရင် သိတဲ့သူနည်း နေပါသေးတယ်….။ သိတဲ့သူတွေလည်း သိနေပြီး ဖြစ်ပါလိမ့်မယ်။

သို့သော် မသိသေးတဲ့ သူတွေအတွက် နိုင်ငံရေး အတွေ့အကြုံကို လက်ဆင့်ကမ်း ယူကြတာပေါ့။ စာရေးဆရာ အောင်သင်း ခနခဏ ပြောတဲ့ စကား ကိုပဲ ထပ်မံကိုးကား ပြောပရစေ.. လူမိုက်ဆိုတာ ကိုယ်တိုင်မှားမှ နောင်တရတယ်တယ်တဲ့ လူလိမ္မာ ဆိုတာ သူများအမှားကို  သင်ခန်းစာ  ယူတယ်တဲ့။ အလွန်  မိုက်မဲသော  သူများက ကိုယ်တိုင် မှားတာ တောင် သံဝေဂ မယူကြဘူးတဲ့။ အဲဒီတော့ စောစောက ဟာခရီးဆက် ကြည့်ရအောင် ဒီအကြောင်း မပြောခင် တောင်အာဖရိက လှုပ်ရှားမှုအကြောင်းလေး အကြမ်း သဘောတင်ပြချင် သေးတယ်။
တောင်အာဖရိက နိုင်ငံမှာ လူဖြူ နဲ့လူမဲ ဆိုတာရှိပါတယ်။ ဒါပေမဲ့ လူနည်းစုက လူဖြူတွေဖြစ်ပြီး လူအများစုက လူမဲတွေပါ၊    လူနည်းစု  ဖြစ်တဲ့ လူဖြူတွေ ဟာ နိုင်ငံတော်  အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားပြီး  လူမဲတွေကို ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေနဲ့ နှိပ်ကွပ်လာရာကအစ မခံနိုင်တော့တဲ့အဆုံး လူမဲတွေဟာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ ပါတယ်။  အဲဒီလှုပ်ရှား မှု့ကို အဓိက ဦးဆောင်ခဲ့တာ ကတော့ အေအင်စီ ပါတီ ဆိုတာပဲ ဖြစ်ပါတယ်။ နယ်လ်ဆင်မင်ဒရဲလားဟာ အဲဒီ့ပါတီရဲ့ ခေါင်းဆောင် တဦးပါ။  လူဖြူ အစိုးရဟာ သူ့ကိုဖမ်းပြီး ထောင်သွင်း အကျဉ်းချထားလိုက်တာ (၂၇) နှစ်တောင်ကြာခဲ့ပါတယ်။ ဒီလိုနဲ့ နေလာရင်းက အကျဉ်းစခန်းထဲမှာ မင်ဒရဲလားဟာ စဉ်းစားလာတယ်။  တောင်အာဖရိကနိုင်ငံရဲ့ အသားရောင် ခွဲခြားမှု ဆန့်ကျင်ရေးအပေါ် သုံးသပ် မိလာတယ်။ လူမဲတွေ  အများစုဟာ သေကြေပျက်စီးခဲ့ရပြီ ထောင်တွင်း မှာလည်း  နှစ်ရှည်လများ အကျဉ်းချခံ နေရသူတွေ ဘ၀ပျက်သွား သူပျက် နေသူ တွေဆိုတာ လည်းဒုနဲ့ဒေး၊ အခုထိလူမဲ လွတ်မြောက်ရေး လမ်းစ ဆိုတာ သဲသဲကွဲကွဲ မမြင်နိုင် သေးဘူး။ ကမ်းမမြင် လမ်းမမြင်ကူးခပ်နေဆဲ။ တဘက် လူဖြူအစိုးရကိုလည်းကြည့် အချိန်နဲ့ အမျှ လူမဲတွေရဲ့အနုနည်း အကြမ်းနည်းတွေနဲ့ ဆန့်ကျင်ခံရမှု နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ၀ိုင်းဝန်း ကဲ့ရဲ့ရှုတ်ချခံရမှု့  တိုင်းပြည်ရဲ့ အထွေထွေ စီးပွားကျဆင်းမှု ဒါတွေ အားလုံးဟာ နှစ်ဘက်စလုံး အတွက်အနှုတ် လက္ခဏာ ဆောင်သော ဖြစ်စဉ်တွေလို့ ရှုမြင်မိလာတယ်။

ရယ်ဒီကယ်လစ်ဇင် (တော်လှန်အမြစ်ဖြုတ်ဝါဒ) အပေါ် သံသယရှိလာတယ်..။ တိုက်ပွဲနဲ့အောင်ပွဲမှာ တခုပဲရှိရမယ်.. အောင်ပွဲမရှိရင်တိုက်ပွဲ… တိုက်ပွဲမရှိရင် အောင်ပွဲဆိုတဲ့ လမ်းရိုး၊ လမ်းဟောင်းကနေ ခွဲထွက်ဘို့ကို… အားသန် လာတယ်။ နိုင်ငံရေး ဖြစ်စဉ် တခုမှာ တွေ့ဆုံ ဆွးနွေး အဖြေရှာ ခြင်းဖြင့် လည်း လှမ်းလို့ရနိုင်တယ်ဆိုတဲ့…. အတွေးအခေါ်က မြစ်တွယ်လာတယ်။ ဒါပေမဲ့… ဒီကိစ္စဟာ ထင်သလောက်တော့ မလွယ်နိုင်ဘူး…. အရင်ဆုံးရင်ဆိုင်ရမှာက…. သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေ။ ဒါကို နားလည်အောင် ရှင်းပြရမယ်။

ဒီလိုနဲ့ မင်ဒရဲလားဟာ.. အကျဉ်းထောင်အတွင်းက နေလူဖြူအစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ကိုစတင် ဖွင့်လှစ်ခဲ့တယ်…..။ ဘာပဲဖြစ်ဖြစ် အခက်အခဲ ဆိုတာ ရင်ဆိုင်ရမယ် ဆိုတာ သူက ကြိုတင် ခန့်မှန်းပြီး သားပါ။ ဒေါသ တွေထွက်ခဲ့ရတယ်.. အံကြိတ်ခဲ့ရတယ်…။ သည်းခံခဲ့ရတယ်… ဇွဲရှိခဲ့ရတယ်….. သူရဲ့ကြိုးစားမှု့တွေဟာ အတိုင်းတာတခုမှာ အရာထင်လာခဲ့တယ်…။ လူဖြူအစိုးရက သူ့နဲ့လာရောက် ဆွေးနွေးမှု့တွေ စတင်လာခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကပွင့်လာပြီ… အဲဒီမှာပြသနာက သူ့ရဲဘော်တွေက သူ့ကိုအယုံအကြည်မရှိ ဖြစ်လာကြတယ်လေ။ ဖောက်ပြန် သွေဖီသူအဖြစ် မြင်လာကြ တယ်။ အဆိုးဆုံး ဖြစ်ရပ်ကတော့ သူသိပ်ချစ် သိပ်အားကိုး အားထားနေရတဲ့ ဇနီးဖြစ်သူ ၀င်နီမင်ဒရဲလား ကိုယ်တိုင်က ငြိုငြင်ခြင်းကိုခံခဲ့ရတယ်။ ၀င်နီ ခံယူထားတာက “သွေးစွန်းသောလက်တွေနဲ့ ဘယ်တော့မှ လက်ဆွဲ နှုတ်မဆက်ဘူးတဲ့ ” ……….။

ဝင်နီမင်ဒရဲလားဟာ တောင်အာဖရိက လူမဲလူထုအပေါ်မှာ နိုင်ငံရေးသြဇာရှိ သူတယောက်ပါ အထူးသဖြင့် လူမဲလူငယ်ထုရဲ့ မိခင်ဖြစ်ခဲ့တယ်။ သူက မင်ဒရဲလားရဲ့စေ့စပ် ဆွေးနွေးညှိနှိုင်းမှု့ အယူအဆကို လုံးလုံးလက်မခံခဲ့ဘူး။ လူငယ်တွေက သွေးထိုးလှုံ့ဆော် မြှောက်ပေးခဲ့တယ်…..။ ဆက်လက်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို အစဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့တယ်…။ .အဆိုးဆုံး ကိစ္စကတော့… Necklace လို့ခေါ်တဲ့ အကြမ်းဖက်လုပ်ငန်းစဉ်ပဲ (Necklace ဆိုတာ အင်္ဂလိပ် ဝေါဟာရ မှာ လည်ဆွဲ ဆိုတဲ့ဖွင့်ဆိုချက်နဲ့ လှပသလောက် နိုင်ငံရေး နယ်ပယ်မှာ ကြောက်စရာ ကောင်းတယ်)

အုပ်ချုပ်သူအစိုးရရဲ့ အာဏာစက် ပျောက်ပြီး… လူအုပ်ကြီးက သူ့တို့ သဘောထား သူ့တို့ဆုံးဖြတ်ချက်နဲ့စီရင် အကြမ်းဖက်တာကို ခေါ်တယ်… ။ ဒါကတောင်အဖရိကမှာ တင်မကပါဘူး…. နိုင်ငံ တော်တော် များများမှာ ဖြစ်ပျက် နေစဲပါ…   ဥပမာထိုင်းနိုင်ငံမှာ  မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းလူမျိုးတချို့က ကားတာယာတွေစွပ် လည်ပင်းလေးပဲ ဖော်ထားပြီး ဓါတ်ဆီလောင်း  မီးရှို့သတ်တာမျိုး… .တောင်အာဖရိကမှာလည်း  Necklaceတွေ က ဒီနည်းကို အသုံးပြု တတ်ကြတယ်) သူတို့ရဲ့ ပစ်မှတ်က လူဖြူ အစိုးရနဲ့  လူဖြူတွေတင် မကတော့ဘူး သူတို့လူမဲအချင်းချင်း တွေ ပါ အသတ်ခံရတဲ့ အထဲမှာ ပါဝင် လာတယ်…ကမ္ဘာမှာတော့ (Black..on..Black…violence)  လို့ကျော်ကြားတယ်။ လူမဲ အချင်းချင်းလည်း တယောက်ကိုတယောက် မယုံကြည်ကြတော့ပဲ… စိတ်မထင်ရင် မထင်သလို အစိုးရဘက်တော်သား၊ အစိုးရကိုထောက်ခံသူ သတင်းပေးဆို သတ်ဖြတ် ကြတယ်။ အပြစ်မဲ့ လူမဲပြည်သူတော်တော် များများ Necklace တွေလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရတယ်။

နောက်ဆုံးမတော့ ၀င်နီမင်ဒရဲလား ကိုယ်တိုင် ၁၄ နှစ်သားလေး တစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်မှု့မှာ နောက်ကွယ်က ပါဝင်တယ်ဆိုတဲ့ အရေးယူအပြစ်ပေးခြင်း ခံခဲ့ရပြီး… ထောင်နန်းစံ ခဲ့ရတယ်လေ။ အရင်ကထဲက အေအင်စီ ပါတီအနေနဲ့ ၀င်နီမင်ဒရဲလားကို သဘောမတွေ့ ခဲ့ပါဘူး။ ဒါပေမဲ့ မင်ဒရဲလားရဲ့ ပုဂ္ဂိုလ်ရေး အရ မေတ္တာ ရပ်ခံချက် အပေါ်မှာသည်းခံ  နေကြတယ်။ နောက်တော့ မင်ဒရဲလား  ကိုယ်တိုင်လုံးဝ ခွင့်မလွှတ် နိုင်တော့တဲ့ အနေထားကို  ရောက်ရှိ လာတော့တယ်။ တဘက်က  လူဖြူ အစိုးရ ဟာအခုလို အကြမ်းဖက် လှုပ်ရှားမှု့များကို လက်ညှိုးထားလာကြ တယ်….လူမဲတွေဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေး ကိစ္စတွေ မှာဝင်ရောက်နိုင်လောက်အောင် ယဉ်ကျေးသူတွေ မဟုတ်ဘူးတဲ့………။
 
Reuters 
တကယ်တော့ ၀င်နီမင်ဒရဲလား ဟာ မင်ဒရဲလား ထောင်သွင်းအကျဉ်းကျခံနေရ ဆဲ ကာလ များမှာ အေအင်စီ ပါတီကို ဦးဆောင်ခဲ့သူ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးခဲ့သူ။ မင်ဒရဲလား လွတ်မြောက်ရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာ သိက္ခာရှိရေး ကို အစွမ်းကုန် လုပ်ဆောင်  ပေးခဲ့သူ ဇနီးကောင်း တဦးဖြစ်ခဲ့ပါတယ်…။ သို့သော်လည်း… အချစ်တွေ မေတ္တာတရားတွေ… အနစ်နာခံမှုတွေနဲ့ ရစ်နှောင်လာခဲ့တဲ့  အိမ်ထောင်သက်  ၃၈နှစ် တာကာလ အရောက်မှာတော့ ယုံကြည်မှု့တွေ ကွဲပြားခဲ့ကြတဲ့ ဇနီးမောင်နှံဟာ လမ်းခွဲခဲ့ကြ ပါတယ်။

သူတို့နှစ်ဦး လမ်းခွဲအပြီး သတင်းဌာန  တွေကို  ပြောကြ ဆိုကြတဲ့စကား တွေ တချို့ကလည်း စိတ်ဝင်စားစရာပါ။  ၀င်နီက ပြောတယ်……… ကျမ…သူ့အပေါ်ကို ဘယ်လောက် အနစ်နာခံ  ပေးဆပ်ခဲ့သလည်း  ဆိုတာ…. အားလုံး သိ ပါတယ်… လင်သား      တယောက်အနေနဲ့ရော… ခေါင်းဆောင် တယောက် အနေနဲ့ပါ။ ရိုသေ လေးစားခဲ့ပါတယ်။ ဒါပေမဲ့… လူဖြူအစိုးရနဲ့ လက်ကမ်းပြီး စေ့စပ် ဆွေးနွေး အပေး အယူလုပ် ကတည်းက သူ့အပေါ်ကို  ကျမ တော်တော် ငြိုငြင်မိတယ်….။ အဆိုးဆုံးကတော့… ငြိမ်းချမ်းရေးနိုဘယ်ဆုကို… သွေးစွန်းတဲ့ လူသတ်လက်တွေနဲ့ ယှဉ်တွဲယူတဲ့ အပေါ် ကျမ လုံးဝ မကျေနပ်ဘူး ဒီကိစ္စကို တားတယ်။ မင်ဒရဲလားဟာ… တောင်အာဖရိကရဲ့ လူမဲတော်လှန်ရေးကို အမြတ် ထုတ်သွားသူ တယောက်ပါ။"

မင်ဒရဲလားကတော့ သိပ်ရှည်ရှည်  ဝေးဝေး  မပြောခဲ့ဘူး……ဒီအထဲက   လိုရင်းလေး  တချက်က သိပ်ကောင်းတယ်။ မျိုးချစ်မျက်ကန်း  ဆိုတာ…မျိုးချစ်မဟုတ် ပါဘူးတဲ့…….. တောင်အာဖရိက မှာရှိတဲ့  လူထုဟာ မင်ဒရဲလားရဲ့ စွမ်းဆောင်ရည်တွေကို တဖြေးဖြေးခြင်း  နားလည်လာကြတယ်။ နယူးယောက်တိုင်း(မ်)  သတင်းစာမှာ ဖော်ပြခဲ့တဲ့ တောင်အာဖရိက ကလူမဲ ဆရာဝန် တယောက်ရဲ့ ထင်မြင်ချက်က လည်း….

ကျနော်အစပထမ မင်ဒရဲလားရဲ့ လုပ်ဆောင်ချက်များ အပေါ်သံသယရှိခဲ့တယ်…။ သတိကြီး စွာနဲ့ စောင့်ကြည့်နေခဲ့တယ်….။ တကယ်က သူ့ရဲ့လုပ်ရပ်က မှန်ကန်တယ်ဗျ…… ဒီကနေ့ တောင်အာဖရိကမှာ အစစအရာရာ နိမ့်ကျနေတဲ့…. လူမဲထုရဲ့  ဘ၀ကို လက်တွေ့ ကျကျ မြှင့်တင်  လိုတယ်….။ အဲဒီလို မြှင့်တင်ဘို့ဆိုတာ… တော်လှန်ရေးနဲ့   တဘက်ကို  တဘက်  အမြစ်ပြတ်ချေမှုန်း  သွားလို့ မဖြစ်နိုင်ဘူး…။ လူမဲ ပြည်သူတွေအနေနဲ့  ကလည်း ဒါတွေကို  စိတ်ကုန် နေပါပြီဗျာ….. ကျနော်  ကတော့… ၀င်နီမင်ဒရဲလား ရဲ့ Necklace တွေကိုကြည့်ပြီး…တော်တော် အော့နှလုံးနာမိတယ်။ ဒီနေ့လူထု  လိုလား တာ… တန်းတူ  အခွင့်ရေးတွေရဘို့နဲ့. နိမ့်ကျနေတဲ့ဘ၀တွေကို မြှင့်တင်ပေးဘို့ပဲ… ဒါတွေသာ ပြည့်စုံအောင် လုပ်ပေးနိုင်မယ်ဆို ကျေနပ် တယ်…..  တဘက်နဲ့တဘက် အငြိုးအာဃာတကြီးတွေနဲ့ ချေမှုန်း တိုက်ခိုက်  နေမှုတွေကိုလည်း  စိတ်မ၀င်စားဘူး…….ကျနော်ကတော့ မင်ဒရဲလား လုပ်ရပ်ကို အကြွင်းမဲ့  ထောက်ခံတယ်….

တခါက တောင်အာဖရိက နိုင်ငံရဲ့လူမဲပြည်သူတွေအပေါ်မှာ နိုင်ငံရဲ့မိခင် လို့တင်စားသတ်မှတ်ခြင်းခံခဲ့ရတဲ့ ၀င်နီမင်ဒရဲလား တစ်ယောက်ခမျာ ခုတော့သူ့ကို အများစုက (the woman once called the "mother of the Nation" by many black South Africans but now called the "mugger of the Nation") မုဆိုးတပိုင်း မိန်းမရိုင်းလို့ သတ်မှတ် ခေါ်ဝေါ်နေကြပါပြီ။

အနှစ်ချုပ်အားဖြင့် တင်ပြလိုတာ ကတော့….. ယနေ့မြန်မာနိုင်ငံမှာလည်း…. ဒေါ်အောင်ဆန်းစုကြည်ဟာ. လက်ရှိအစိုးရသစ်နဲ့ ပူးပေါင်းဆွေးနွေး လုပ်ဆောင်ခြင်း အပေါ်…. ဝေဖန် တိုက်ခိုက် နေသူများ လည်းရှိနေပါတယ်….။ ဒါကလည်း သူတို့ယုံကြည်ချက် သူတို့ရှုဒေါင့်နဲ့ပဲလေ ကျနော်တို့ ပြည်သူလူထုဟာ ခေါင်းဆောင်ကို အားကိုးတယ်။ ဒါပေမဲ့  မျက်စိမှိတ်ပြီးအားကိုး ကြတာတော့ မဟုတ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဟာ အားကိုးထိုက်တဲ့  ခေါင်းဆောင်  ဖြစ်နေလို့  အားကိုးကြတာ… အနိမ့်ဆုံး လူတွေမှာ  ဘယ်ဟာ အကောင်းလည်း  ဘယ်ဟာ  အဆိုးလည်း  ဆိုတာခွဲခြားနိုင်တဲ့… အတွေးအခေါ် လောက်တော့ ရှိနေပါတယ်။  ဒေါ်အောင်ဆန်းစုကြည် အပေါ်  ဝေဖန် တိုက်ခိုက် နေမှုများ ဟာလည်း… တကယ်တော့… ၀င်နီမင်ဒရဲလား…  မင်ဒရဲလား ကို တိုက်ခိုက် တာလောက် မဆိုးသေးပါဘူး။ 

ဝင်နီမင်ဒရဲလား လောက်လည်း  စွမ်းစွမ်းတမံ… မနှောက်ယှက် နိုင်လောက်ပါဘူး။ ၀င်နီမင်ဒရဲလား လောက်လည်း နိုင်ငံရေးသြဇာ မရှိပါဘူး။ ဒီလို နိုင်ငံရေးသြဇာရှိတဲ့သူက တိုက်တာတောင် မင်ဒရဲလား ဆိုးဆိုးဝါးဝါး ဘာမှဖြစ်မသွားပါဘူး ..ဒီတော့… ကြီးကြီးမားမား စိုးရိမ်ဖွယ်ရာမှာမရှိပါဘူး။ ဝေဖန်တိုက်ခိုက် နေသူများကလည်း။ ဝေဖန်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခွင့်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးဘို့ပါပဲ………….

အားလုံးကိုလေးစားစွာဖြင့် 
(မောင်မောင်ဝမ်း)
ရည်ညွန်းကိုးကားချက်များ
http://www.dailymail.co.uk/news/article-1256425/Nelson-Mandelas-ex-wife-accuses-President-betraying-blacks-South-Africa.html

http://www.theroot.com/views/mandelas-obama-tavis-and-black-expectations

http://news.bbc.co.uk/2/hi/2115644.stm

http://en.wikipedia.org/wiki/Necklacing

http://allafrica.com/view/group/main/main/id/00011206.html