ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရှားပါးတိရိစ္ဆာန်များ၊ ရှားပါးသစ်မွှေးများအား တရားမဝင်ခိုးသွင်းသည့် တရုတ်လူမျိုးကုန်သည်များ မြန်မာနဲ့အိန္ဒိယဘက်သို့ ခြေဦးလှည့်လာ..

ရှားပါးတိရိစ္ဆာန်များ၊ ရှားပါးသစ်မွှေးများအား တရားမဝင်ခိုးသွင်းသည့် တရုတ်လူမျိုးကုန်သည်များ မြန်မာနဲ့အိန္ဒိယဘက်သို့ ခြေဦးလှည့်လာ..
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ တဆင့် မြန်မာပြည်တွင်းကို တရားမဝင်တင်သွင်းဖို့ သယ်ယူလာတဲ့ ရူပီးငွေ သိန်း ၄၀၀ တန်းဖိုးနဲ့ ညီမျှတဲ့ နံ့သာနီလို့ခေါ် သစ်နီတွေကို မီဇိုရမ်ပြည်နယ် ကြန်ဖိုင်းမြို့အထွက်ရှိ သစ်တောစစ်ဆေးရေး စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးရမိလိုက်တယ်လို့ အိုက်ဇောမြို့မှာ အနှစ်(၃၀)ကျော်ကြာ အခြေချနေထိုင်သူ ချည်နဲ့ ချည်ထည်ပစ္စည်း ကုန်သည်တဦးဖြစ်တဲ့ ဦးဖိုးနီက ပြောပါတယ်။

“နံ့သာနီလို့ခေါ်တယ်၊ အန်ဒါပရာဒက်စ်ကနေ တောက်လျှောက် သယ်လာပြီးတော့မှ၊ မီဇိုးရမ်းဂိတ် တွေအားလုံးပေါ့ မယ်ဒန်သဲ၊ ကော်လစ်ရှစ် အဲဒါတွေ လွတ်လာပြီးတော့မှ အိုက်ဇောမြို့အောက်ဖက်မှာ ရှိနေတဲ့၊ ထန်ဖာမောမှာ သူတို့ကားချင်းချိန်းတယ်၊ ချိန်းပြီးတော့ သယ်သွားလိုက်တာ သူတို့ဘယ်ကျမှ မိလဲဆိုတော့၊ ကြန်ဖိုင်းကနေပြီးတော့ နယ်စပ်ချောင်းကို အဆင်း မဲဘုတ်ဆိုတာရှိတယ်၊ ၁၅ကီလိုလောက် ဝေးတယ်၊ အဲဒိမှာသစ်တော့ ဂိတ်ကနေစစ်တာ၊ အဲဒီမှာ သွားပြီးတော့မိတာ သူတို့လမ်းမှာ သယ်ယူခွင့်တွေ ဘာတွေမတွေ့ဘူး။”
တရုတ်ပြည်ရောက် မြန်မာသစ်များ..
နံ့သာနီတကီလိုဂရမ်ကို ရူပီးငါးထောင်ပေးရပြီး၊ မြန်မာပြည်တွင်း ပြန်လည်ရောင်းချပါက မြန်မာကျပ်ငွေ (၂)သိန်းကျော် ပေးရတယ်လို့ သိရပါတယ်။ အဲဒီနံ့သာနီ ကိုလိုဂရမ် ကိုးထောင်ကျော် တင်ဆောင်လာတဲ့ကား သမား(၂)ဦးကို အိန္ဒိယ-မြန်မာ နယ်စပ် ကြံဖိုင်းခရိုင် ရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဦးဖိုးနီကပဲ ဆက်ပြောပါတယ်။

“အားလုံး ကေဂျီကိုထောင် တကေဂျီကို ဒီဘက်ရူပီးငါးထောင်တန်တယ်၊ အခုအဲဒီ ကားသမားတွေကို ဖမ်းထားပြီးတော့ အခုကားသမားတွေကို ပိုင်ရှင်ဘယ်သူလဲဆိုတာ အခုချိန်အထိ စစ်ဆေးဆဲပဲဖြစ်တယ်တဲ့၊ ပိုင်ရှင်ဘယ် သူဘယ်ဝါဆိုတာ တိတိကျကျ မသိသေးဘူးတဲ့၊ အများဆုံးခန့်မှန်းရတာတော့ တရုတ်ပြည်ကို ပို့မယ်လို့ ယုံကြည်ရတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းတွေက ဗမာနိုင်ငံမှာလည်း ဗမာလူမျိုးတွေ နာမည်ခံပြီးတော့ တကယ်ပိုင်ရှင်ကတော့ တရုတ်လူမျိုးတွေပဲ ဖြစ်တယ်လေ ဒီလိုလုပ်ငန်းကြီးတွေက၊ အဲဒိတော့ ဒီလောက်အရင်းအနှီး နဲ့ဆိုရင် တရုတ်ကိုပို့မယ်လို့ ကျနော်ထင်တယ်”

ပြီးခဲ့တဲ့၂လအတွင်းမှာပဲ မီဇိုရမ်ပြည်နယ် တလျှောက် ရှားပါးတောရိုင်း တိရိစ္ဆာန်တွေနဲ့ တောက်တဲ့၊ သင်းခိုချပ်၊ ဆံပင် တွေကိုလည်း မြန်မာနိုင်ငံသား ကုန်သည်တွေကနေ တဆင့် တရုတ်လူမျိုး ကုန်သည်တွေက အဝယ်ခိုင်းနေပြီး ၁၇ ကျပ် သားကျော်တဲ့ တောက်တဲ့  တကောင်ကို အိန္ဒိယရူပီးငွေ တသိန်းကျော် (မြန်မာငွေကျပ်သိန်း ၂၀ကျော်) အထိပေးပြီး လိုက်ဝယ်နေတဲ့အထိ ကြုံတွေ့နေရတယ်လို့ သူကပဲ ဆက်ပြောပါတယ်။

“တရုတ်က ဒီသစ်မွေးတင်မဟုတ်ဘူး၊ မီဇိုရမ်မှာလာပြီး တောက်တဲ့တကောင်ကို ဂရမ်လေးရာကျော်ရင် ဒီရူပီးငွေပေါ့နော်၊ တသိန်းခွဲကနေ နှစ်သိန်းအထိရှိတယ်။ တပေါင်ကနေ တပေါင်အထပ်ကိုပဲ သူတို့ဝယ်တယ်၊ ဂရမ်လေးရာကျော် ရင်သူက တပေါင်ကျော်တာကိုး အခုလောလောဆယ်ကတော့ အဲဒိကောင်ဝယ်တယ်၊ သင်းခိုချပ်ဝယ် တယ်၊ နောက်ဆံပင်တွေဝယ်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်၊ မေလအတွင်းမှာလည်း မြန်မာနိုင်ငံသား ချင်းအမျိုးသားတဦးဆီက မြန်မာကျပ်ငွေ သိန်းနှစ်ရာကျော် တန်ဖိုးနဲ့ညီမျှတဲ့ နံ့သာဖြူတွေကို ဖမ်းဆီးရမိခဲ့ဘူးပြီး၊ အခုတကြိမ် ဖမ်းဆီးရမိတဲ့ နံ့သာနီတွေရဲ့ တန်ဖိုးဟာ မြန်မာ ငွေကျပ် သန်း၆၀၀ နီးပါးဖြစ်ပါတယ်။

ပြည်သူ့သတင်းထောက်..
ယခုလက်ရှိမှာတော့ တရုတ်ကုန်သည်တွေရဲ့ ခြေတံ၊ လက်တံတွေဟာ အိန္ဒိယနယ်စပ်အထိ ရောက်ရှိနေပါပြီ။ မြန်မာ-အိန္ဒိယနယ်စပ် ပြည်နယ်တွေရဲ့ လူဦးရေ ၈၀% ကျော်ဟာ တရုတ်ပစ္စည်းနဲ့ မကင်းတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ဆိုပါတယ်..။ လက်ကိုင်ဖုန်းတွေကအစ တရုတ်က သွင်းနေပါတယ်..။ အိန္ဒိယ ပြည်မကြီးထဲ အထိပါ ထိုးဖေါက်လာနေပါပြီ..။

နယ်စပ်ပြည်နယ်တလျှောက်မှာတော့ အိန္ဒိယထုတ် ဆိုင်ကယ်တွေအစား ဈေးပေါတဲ့ တရုတ်ဆိုင်ကယ်တွေ သုံးလာကြပါပြီ။ တရုတ်အနေနဲ့ ကုန်းတွင်းပိုင်းကို အသုံးပြုပြီး မြန်မာက ဖြတ်သယ်ရင် ကုန်ကျစရိတ်လည်း သက်သာပြီး အဆင်လည်းပြေပါတယ်။ တရုတ်တွေ အနေနဲ့ အိန္ဒိယကို ဝင်တဲ့လမ်းကြောင်း သုံးခုရှိပါတယ်..။ နီပေါဘက်၊ ဘူတန်ဘက်နဲ့ မြန်မာဘက်ကဝင်ပါတယ်။ မြန်မာဘက်ကတော့ အလုပ်သမားခ ပေးရတာကအစ သက်သာတယ်လို့ ဆိုပါတယ်.။ ယနေ့အချိန်မှာတော့ အိန္ဒိယဈေးကွက်ကို ကြိုမြင်တဲ့ တရုတ်ကုန်သည်တွေဟာ... ကုန်သွယ်လမ်းကြောင်းကျရာ ကလေးမြို့မှာတောင် အိမ်တွေဝယ်တာ တော်တော်များများ ဝယ်ယူထားရှိနေပါပြီ။ မြန်မာနိုင်ငံသား အမည်တွေနဲ့ ဝယ်ထားတယ်လို့ ဆိုပါတယ်..။

ယခုအချိန်မှာတော့ တရုတ်ကုန်သည်များဟာ စီးပွားရေး မသမာမှုတွေအပြင်.. အိန္ဒိယနယ်စပ် တလျှောက်မှာ အခြေဆိုက်တဲ့  အိန္ဒိယဗဟို အစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင် သူပုန်များအား ငွေကြေး၊ လက်နက်အထောက်အပံ့များ ပေးအပ်ခြင်းဖြင့် နိုင်ငံရေးအရ စွက်ဖက်မှုများ မသိမသာ ပတ်သက်မှုတွေ ရှိလာနေကြောင်း ရေးသားပေးပို့ လာပါတယ်...။

သတင်းပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။