ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၃၀ရက်နေ့ညက မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှု သတင်းဖြစ်စဉ်.. (အကျဉ်း)

၃၀ရက်နေ့ညက မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှု မြင်ကွင်း (ဓာတ်ပုံ The Voice Weekly)

မေးလ်ထဲ ပေးပို့လာတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ် သတင်းတိုလေးပါ...။
 ယမန်နေ့ည က ဖောက်ခွဲလိုက်သည့် ဗုံးအမျိုးအစားမှာ အမေရိကန်လုပ် မင်းဂွတ်သီးပုံ M 75 လက်ပစ်ဗုံး အမျိုးအစားဖြစ်ပြီး ညနေ ၃း၃၀ အချိန်ခန့်က တာဝန်ကျ လုံခြုံရေးများက အမှတ် ၄ ရဲဒေသမှူး ရဲမှူးကြီးဝင်းထွန်း၏ ကားအောက်တွင် စတင်တွေ့ရှိခဲ့သည်။ လက်ပစ်ဗုံးမှာ လုံခြုံရေးပင် ဖြုတ်ထားပြီး မပေါက်ကွဲသေးသဖြင့် အထဲတွင်ယမ်းပါ၊ မပါကို ဆုံးဖြတ်ရန် ခက်ခဲသောကြောင့် အင်ဂျင်နီယာတပ်ကို အကူအညီတောင်းခဲ့သည်။ ညနေခြောက်နာရီခွဲတွင် မြို့တော်ခန်းမ အနီးလမ်းများကို ပိတ်ဆို့လိုက်ပြီး ၎င်းဗုံးအား အန္တရာယ်ကင်းစွာ ဖောက်ခွဲနိုင်ရန် စီစဉ်ခဲ့သည်။

ထို့နောက် Water canon များဖြင့် ရေအားသုံးပြီးဗုံးသီးကို တုန်ခါပေါက်ကွဲစေခဲ့သည်။ ည ၇ နာရီအချိန်တွင် ဗုံးသီးမှပေါက်ကွဲသံ ထွက်ပေါ်ခဲ့သော်လည်း အပြီးသတ် မပေါက်ကွဲခဲ့သောကြောင့် ဗုံးသီးပတ်လည်တွင် C4 ယမ်းပြင်းများချိတ်ပြီး ကားတာယာများ၊ သဲအိတ်များ ကာရန်ကာ ထပ်မံဖောက်ခွဲခဲ့သည်။ ည ၉ နာရီတွင် ဗုံးသီးမှာအပြီးသတ် ပေါက်ကွဲသွားခဲ့သည်ဟု အခင်းဖြစ်ပွားချိန်က တာဝန်ယူခဲ့သည့် ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ဗုံးသီးမဖောက်ခွဲမီ လုံခြုံရေးတာဝန်ရှိသူများက မြို့တော်ခန်းမ အနီးတစ်ဝိုက်တွင် နေထိုင်သူများသို့ လိုက်လံအသိပေးခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက် တစ်စုံတစ်ရာမရှိခဲ့ပေ။ ၎င်းလက်ပစ်ဗုံးမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ လက်ရှိအချိန်ထိ မသိရှိရသေးပေ။

 ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။

The Voice Weekly ဂျာနယ်မှာအဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယခုလိုရေးသား ပါရှိပါတယ်..။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့) ညနေ ၃ နာရီဝန်းကျင် ကတည်းက ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသော ဗုံးနှစ်လုံးအနက် ပထမအလုံးကို ည ၇ နာရီ ၂ မိနစ်တွင် လည်းကောင်း၊ ဒုတိယအလုံးကို ည ၉ နာရီ ၄ မိနစ်တွင်လည်းကောင်း အန္တရာယ်ကင်းရှင်းစွာ ဖောက်ခွဲဖျက်ဆီး ရှင်းလင်းနိုင်ခဲ့သည်။