ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းများအကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

ဒီဓာတ်ပုံတွေ မြင်တော့ မြစ်ဆုံစီမံကိန်းလား၊ တလောက အခန်းဆက် ရေးသားတင်ပြနေတဲ့ ဖားကန့် ကျောက်စိမ်းမှော် လုပ်ငန်းခွင်တွေပဲလားလို့ တွေးထင်စရာပါပဲ...။
မနှစ်က အင်မတန် ရင်းနှီးခင်မင်ရတဲ့ ဂျပန်မှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မိတ်ဆွေတစ်ဦးက  ကောက်ကာငင်ကာနဲ့ ဂျပန်က ပြန်တော့မယ်ဆိုပြီး အသိပေးလာပါတယ်...။ ရုတ်တရက်ကြီးဆိုတော့ ဘာများဖြစ်တာလဲ ဘာလို့လဲပေါ့..။ သူကဂျပန်မှာ အလုပ်လုပ်ရင်ရတဲ့ ဝင်ငွေ မြန်မာပြည်မှာ ရမှာမို့လို့ ပြန်မှာတဲ့ တယ်ဟုတ်ပါလားပေါ့..။ ဘာလုပ်မှာလဲဆိုတော့ သူရဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကချင်ပြည်နယ်ဖက်မှာ တရုတ်နဲ့ ဖက်စပ်လုပ်တဲ့ ရွှေတူးဖော်ရေး လုပ်ငန်း အောင်မြင်သွားလို့တဲ့။ ရွှေတွင်းပေါက်သွားတယ် ဆိုပါတော့..။ သူနဲ့ငယ်သူငယ်ချင်း အချင်းချင်းဆိုတော့ ယုံကြည်လို့ ပြန်ခေါ်တာတဲ့ မာန်နေဂျာလုပ်ပေး တလ(၁၅)သိန်း ပေးမယ်ဆိုလားပဲ..။ ဒီတော့ ရတဲ့ဝင်ငွေချင်း သိပ်မကွာတော့ ကိုယ့်နိုင်ငံမှာပဲ ပြန်လုပ်တော့မယ်ဆိုပြီး ပြန်သွားလေရဲ့...။ ခုတော့ အစိုးရက နောက်ထပ် ရွှေတူးခွင့် ပါမစ်တွေသက်တမ်း ထပ်မတိုးပေးတော့ဘူးဆိုလားပဲ..။
ဖားကန့်အကြောင်းရေးလို့ မပြီးခင်မှာပဲ ကချင်ပြည်နယ်က ရွှေတူးဖော်ရေး လုပ်ငန်းတွေဆိုပြီး ပေးပို့လာပါတယ်..။ ကော့သောင်း သဲဓာတ်ပုံ သတင်းတွေ အကြွေးကျန်နေဆဲ... ဖားကန့်က ကျောက်သတင်းကလည်း ရေးရင်းတန်းလန်းမှာ အခုတရုတ်နဲ့ ဖက်စပ်ရွှေတူးဖော်ရေး လုပ်ငန်းတွေတဲ့...။ မြင်ရတဲ့ မြင်ကွင်းတွေကတော့ ကချင်ပြည်နယ်ထဲမှာ စက်သံတူးသံ တညံညံနဲ့ တောင်တွေဖြို တွင်းတွေတူးနဲ့ အပေါက်အပြဲတွေနဲ့ပေါ့ဗျာ...။ ဒီလို သံယံဇာတပေါကြွယ်ဝပြီး မြေကြီးက ရွှေသီးနေတဲ့ ကချင်ပြည်နယ်ထဲက အဖိုးတန်မြေတွေကို တလောက မြစ်ဆုံစီမံကိန်းမှာ အစစ်အဆေးမရှိ တရုတ်တွေ တူးယူသွားတဲ့ မြေပမာဏဘယ်လောက်များ ရှိမလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့..။
 တရုတ်နဲ့ ဖက်စပ်လုပ်နေတဲ့ ရွှေတွင်း စီမံကိန်း တခုမြင်ကွင်း..။
ဒီလုပ်ငန်းတွေကို မြင်တော့ တလောက အာဖရိက ဂါနာနိုင်ငံက တရုတ်စီမံကိန်း လုပ်ငန်းတွေအကြောင်း စာဖတ်သူ တစ်ဦးပေးပို့လာတဲ့ သတင်းမှတ်တမ်း ရုပ်သံလေးကို သွားမြင်ယောင်မိပါတယ်..။ ဂါနာနိုင်ငံမှာ အိမ်ယာမြေ စီမံကိန်းတွေလုပ်ကိုင်ဖို့ တရုတ်ကုမ္ပဏီတွေ လုပ်ကိုင်ခွင့် ရသွားတဲ့ အချိန်မှာတော့ ဂါနာနိုင်ငံသားတွေ အတွက် စီမံကိန်းတွေမှာ အလုပ်အကိုင်တွေ ပေါ်ထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့.. တကယ်တန်းကျတော့ တရုတ်ကုမ္ပဏီတွေက အောက်ခြေ ဝန်ထမ်းကအစ အကုန်ခေါ်လာ ပါလေရော.. ဂါနာနိုင်ငံသားတွေ အလုပ်ရလား မရလားတော့မသိ တရုတ်လုပ်သား ၄ထောင်ကျော်လောက် ဂါနာနိုင်ငံထဲ ရောက်လာယုံတင်မက လူမည်းတွေ အများစုနေထိုင်ရာ အာဖရိက ဂါနာနိုင်ငံရဲ့ ဈေးတန်းတွေထဲမှာ တရုတ်ကုန်စုံဆိုင်တွေ ပေါ်ပေါက်လာတော့တာပါပဲ...။ 

နောက်အိမ်ယာမြေ မတရား သိမ်းယူခံရမှုတွေနဲ့အတူ တရုတ်ကုမ္ပဏီတွေကြောင့် ဘဝတွေ ပျက်ကုန်တဲ့ ဂါနာနိုင်ငံသားတွေရဲ့ ကျမျက်ရည်တွေကို ရိုက်ကူးပြသသွားပါတယ်..။ ခုလတ်တလောမှာတော့ အာဖရိကနိုင်ငံတွေထိ ခြေလှမ်းကျဲလာပြီး အာဖရိကနိုင်ငံသားတွေ အတွက် နေ့လည်စာ လာရောက် တည်ခင်းပေးတာပါလို့ ကြွေးကြော်ပြီး စီးပွားရေး အင်ပါယာချဲ့ထွင်နေတဲ့ တရုတ်အစိုးရ ကုမ္ပဏီတွေကို အာဖရိကနိုင်ငံသားတွေက နေ့လည်စာ လာတည်ခင်းပေးတာလား နေ့လည်စာ လာလုစားတာလားဆိုပြီး မေးခွန်းထုတ်လာပါပြီ..။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေး၊ လူ့တန်ဘိုးကို လေးစားတန်ဖိုးထာတဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ကုမ္ပဏီတွေနဲ့ လူ့အခွင့်အရေး လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးကို လေးစားလိုက်နာခြင်းမရှိတဲ့ ကမ္ဘာ့လူဦးရေ အများဆုံး ကွန်မြူနစ်နိုင်ငံက တရုတ်ကုမ္ပဏီတွေရဲ့ ကွာခြားချက်ကို သိမြင်လာတဲ့ အာဖရိကနိုင်ငံတွေ ကတော့ သင်ခန်းစာရနေပါပြီ.။ ဒါဆို အာဖရိကလောက် ဝေးကွာခြင်းလည်းမရှိ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတဲ့ မြန်မာပြည်အတွက်ကော တရုတ်ကုမ္ပဏီတွေ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်ပေးနေတာ ဟုတ်မဟုတ် ဆိုတာကိုတော့ စဉ်းစားကြည့်ကြပါ...။ အာဖရိကနိုင်ငံသားတွေကတော့ နေ့လည်စာ လုစားတာခံနေရပုံနဲ့ နှိုင်းယှဉ်သွားပေမယ့် ကျွန်တော်တို့ မြန်မာပြည် အတွက်ကတော့  နေ့လွှဲ ညစာမရှောင် လုစားနေတာ ခံနေရတယ် ဆိုတာကိုတော့ ခေတ်အဆက်ဆက် အာဏာရှင်တွေ မသိပဲရှိပါလေစ..။
အာဖရိကမှာတော့ စိမ်းလန်းစိုပြေတဲ့ သဘာဝဝန်းကျင်တွေ ပျက်ဆီးသွားတာမရှိပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာတော့ စိမ်းလန်းစိုပြေတဲ့ သဘာဝဝန်းကျင်တွေနဲ့ ရေမြေတောတောင် တွေကတော့ အတိုင်းအဆမရှိ အစားထိုးလို့ မရအောင် ပျက်စီးခဲ့ရပါပြီ...။
 ရွှေကျင်ရာမှာ တွေ့မြင်ရတဲ့ ရွှေတုံးလေးများ..
ရွှေတူးဖော်ရာ ဒေသတွေက ပျက်ဆီးသွားတဲ့ သဘာဝဝန်းကျင်များ...  သတင်းဆောင်းပါး ဆက်လက် ရေးသား ဖော်ပြပေးပါမယ်...။

ဒီမိုဝေယံ