ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမယ်အို ပိုက်ဆံပျောက်နဲ့ မောင်ကောက် နှပ်သမိုင်းဝင် (ဆောင်းပါးရှင် လောကပါလ)

အမယ်အို ပိုက်ဆံပျောက်နဲ့ မောင်ကောက် နှပ်သမိုင်းဝင်
(ဆောင်းပါးရှင် လောကပါလ)
အရူးပါးစပ်နဲ့ နတ်စကား (၂)


ဖတ်ခဲ့ဘူးတဲ့ မြန်မာ့ရိုးရာဟာသပုံပြင်တခုကို နည်းနည်းသိုင်းဝိုင်းပြီး ပြောရရင် ဒီလိုပါ။ မူရင်းလေးလဲ မပျက်စေချင်တာမို့ ကြိုပြီး အသိပေးထားလိုတာက အဲသည်ထဲက ပိုက်ဆံ ၅ကျပ်ဆိုတာ နေ့စား လုပ်အားခ ၆ကျပ်၁၅ပြား ပြည်သူပိုင်ခေတ်က ငွေကြေးဖြစ်ပါတယ်။ မြို့ကြီးတမြို့ရဲ့ လူစည်ကားရာလမ်းမကြီး တခုဘေးမှာ အမယ်အိုတဦး ငိုရင်း ဟိုရှာသည်ရှာလုပ်နေပါ သတဲ့။ ခရီးသွားဟန်လွှဲ စပ်စုသူတဦးကြောင့်သိရတာက အမယ်အိုရဲ့ရှိစုမဲ့စု ပိုက်ဆံလေး ၅ကျပ် ကျပျောက်သွားလို့ ရှာလဲရှာ ငိုလဲငိုဖြစ်နေရခြင်းပါ။ ဖြတ်သွားဖြတ်လာကြသူတွေအနက် တချို့ ကူညီ ရှာဖွေပေးရင်း မတွေ့နိုင်တဲ့အဆုံး ကိုယ့်လမ်းကိုယ်ဆက်သွားကြ၊ တချို့ကမေးရုံမေးပြီး မကူညီဘဲ ခရီးဆက်ကြ၊ တချို့များကျတော့ လှည့်ကြည့် ဖေါ်လေးတောင်မရ မသိကျိုးကျွန်ပြုသွားကြ။ အားလုံးဟာ သဘာဝအတိုင်းပါဘဲ။ အမယ်ကြီးကတော့ ငိုမြဲ ရှာဆဲပေါ့။

အဲသည်အခိုက် ခရီးသွားထဲက မွန်မွန်ရည်ရည် လူရွယ်တယောက်က အမယ်အိုကြီးဒုက္ခကို သိသွားတဲ့ အခါ “ရှာလို့မှ မတွေ့တော့တာ ငိုမနေပါနဲ့တော့ အဖွားရယ်၊ အဖွားပျောက်သွားတဲ့ ပိုက်ဆံ ကျွန်တော်ပြန်ပေးပါ့မယ်” လို့ နှစ်သိမ့်ရင်း ငွေ ၅ကျပ်ထုတ်ပေးပါသတဲ့။ ပေးတဲ့ပိုက်ဆံကို ယူရင်းက ပိုပြီးကျယ်လောင်လာတဲ့ အဖွားအိုရဲ့ ငိုသံကြောင့် လူရွယ်ဟာ တအံ့တသြောနဲ့ “ပျောက်တဲ့ပိုက်ဆံ ပြန်ရနေမှ ဘာလို့ငိုနေရတာလဲ အဖွားရယ်” လို့မေးမိပါတော့တယ်။ အဖွားအို ငိုကြီးချက်မ ဖြေလိုက် ပုံကတော့..“အဖွားပိုက်ဆံ ၅ကျပ်သာ မပျောက်ခဲ့ရင် ခု သားပေးတာနဲ့ဆို ငွေတစ်ဆယ်ဖြစ်ပြီ လို့ တွေးရင်း ဝမ်းနည်းလာလို့ပါကွယ်” တဲ့။ ဒါဖတ်ပြီး မရယ်ဘူးဆိုရင်တောင် ပြုံးတော့ပြုံးမိကြမှာပေါ့။

ကျွန်တော်ကတော့ ရယ်စရာနောက်မှာ မောစရာတွေ ပါလာတတ်လို့ ရယ်စရာမောစရာလို့ပြောတာ ဆိုတဲ့ ဆရာကြီးဦးအောင်သင်း စကားလေးကို အမှတ်ရမိပါတယ်။ တပါတည်းနောက်ထပ် ရယ်စရာ မောစရာလေးတခု မျှဝေချင်ပါသေးတယ်။ ဒါကတော့ ကျွန်တော့ မရီးဖြစ်သူ ပြောခဲ့ဘူးတာပါ။ သူတို့ရွာက အဖြစ်အပျက်တခုလို့ဆိုပါတယ်။ ကျွန်တော့မရီးက မြစ်ဝကျွန်းပေါ်သူမို့ မြစ်ဝကျွန်းပေါ် ရွာလေးတရွာက ရယ်စရာမောစရာတခု လို့ ဆိုပါတော့။ အမည်တွေကို သင့်သလိုပေးထားပါတယ်။ အဓိကကတော့ မမှတ်မိတော့လို့ပါ။

ကိုပေတေနဲ့ မကျည်းတန်တို့မှာ မောင်ကောက်အမည်တွင်တဲ့ သားလေးတယောက်ရှိပြီး ဒီဇာတ်လမ်း က မောင်ကောက် ၃-၄ နှစ်သားအရွယ်မှာဖြစ်ခဲ့တာပါ။ မောင်ကောက်လေးဟာ သာမန်အားဖြင့် အေးဆေးငြိမ်သက် တီတီတာတာ နဲ့ ချစ်စဖွယ်ကလေးဖြစ်ပါတယ်။ ငိုခဲသတောက် ငိုရင်တော့ ချော့ရခက်တယ်လို့ ဆိုပါတယ်။ စာရင်းငှါးလို့ အရပ်ခေါ်ခေါ်ကြတဲ့ ကိုပေတေဟာ အလုပ်လက်ကြော မတင်းတဲ့အပြင် အသောက်အစား အပျော်အပါး ဝါသနာထုံသူမို့ မိသားစုစားဝတ်နေရေး အတွက် မကျည်းတန်ခမျာ မျက်နှာချင်းဆိုင် အကြော်ဖိုက အကြော်စုံတွေကိုဗန်းထဲထည့်၊ ရွာရိုးကိုးပေါက် လှည့်ရောင်းပြီး ရပ်တည်ရပါသတဲ့။

လင်ရောမယားရော မိုးမလင်းခင်အိမ်က ထွက်ကြရတာမို့ မကျည်းတန် ဈေးရောင်းရာက ပြန်တဲ့အထိ မောင်ကောက်ကလေးကို အကြော်ဖိုအိမ်ကဘဲ စောင့်ရှောက်ထား ရပါတယ်။ စောင့်ရှောက်တယ် ဆိုတာကလဲ အထူးတလည် မဟုတ်လှပါဘူး။ အိပ်ယာထဲကျန်ခဲ့တဲ့ခလေးနဲ့ အိမ်ကို မီးရေးထင်းရေး မြွေပါးကင်းပါး ဆိုသလို မျက်စေ့ဖွင့် နားစွင့်ပေး၊ ပြီးမောင်ကောက် အိပ်ယာနိုးလို့ အိမ်ကပြင်ထွက်လာ တဲ့အခါ သံပန်းကန်တချပ်ထဲ ထမင်းကြမ်းအဖြူထည်နဲ့ ဘူးသီးကြော်တခုထည့်ပြီး သွားပို့ပေးရုံပါ။ စားသောက်ပြီးလို့ လမ်းပေါ်ထွက် ကစားပြီဆိုရင်တော့ ကစားဖေါ်ချင်း ထိန်းသွားကြတာ သူ့အမေ မကျည်းတန် ပြန်လာတဲ့အထိပါဘဲ။ ရေးကြီးခွင်ကျယ်မ ဟုတ်သည့်တိုင် (ကျွန်တော့အမြင်) နှစ်သက် စရာ မြန်မာ့ကျေးလက် လူမှုဓလေ့တရပ်လို့ ပြောရင်ရနိုင်မလားပါဘဲ။ ထားပါတော့။

တရက်မှာတော့ ရွာတွင်း ဆွမ်းကျွေးအိမ်တအိမ်က အကုန်လာဝယ်သွားလို့ ဖိုမှာ ဘူးသီးကြော် လက်ကျန် မရှိတော့တာနဲ့ ကြုံရပါတယ်။ ဒါကြောင့် မောင်ကောက်လေး နိုးလာတဲ့အခါ ထမင်းကြမ်းနဲ့ ဘူးသီးကြော်အစား ပဲကပ်ကြော်တခု သွားပို့ပါသတဲ့။ အခါတိုင်း ဘာကြွေးကြွေး ချေးမများဘူးတဲ့ မောင်ကောက်ဟာ အဲသည်နေ့ကတော့ ဘာဖြစ်တယ်မသိ၊ ထမင်းပန်းကန်ကြည့်ပြီး မစားသေးဘဲ ဘူးသီးကြော်ဘယ်မှာလဲ လို့မေးပါသတဲ့။ ဘူးသီးကြော်ကုန်သွားလို့ ပဲကပ်ကြော် ယူလာတဲ့အကြောင်း၊ ဘူးသီးကြော် နက်ဖြန်မှ ရနိုင်မယ့်အကြောင်း ရှင်းပြတာကို မောင်ကောက် တယောက် ဟီးကနဲ အငိုနဲ့ တုံ့ပြန်လိုက်တဲ့အခါ လာပို့သူ အကြာ်ဖိုအိမ်သားဟာ (ခလေးတယောက်ယောက် ဖြစ်ပုံရပါတယ်) အကြာင်းသိမို့ မောင်ကောက်အရှိန် မရခင် ပန်းကန်လေးချထားခဲ့ပြီး လစ်လာပါတော့တယ်။

ထူးထူးခြားခြား မောင်ကောင်းရဲ့ ငိုသံလဲ ရပ်သွားခဲ့တာကြောင့် အကြော်ဖိုအိမ်သားတွေလည်း မေ့မေ့ ပျောက်ပျောက်ဖြစ်ပြီး မောင်ကောက်လေး ခါတိုင်းလို ထွက်မကစားတာတောင် အမှုမဲ့အမှတ်မဲ့ နေလိုက်ကြပါတော့တယ်။ အတော်လေးနေမြင့်ချိန်မှာ တခြားရွာမှာနေတဲ့ ကိုပေတေ့အစ်မ လမ်းကြုံ လို့ ကိုပေတေတို့အိမ်ကို ရောက်လာခဲ့ပါတယ်။ အိမ်ထဲဝင်ဝင်ချင်း ဘိနပ်ချွတ်မှာ မစားရသေးတဲ့ ထမင်းပန်းကန်ကို ကိုင်ရင်း မျက်ရည်တွေ၊ နှပ်ချေးတွေဗလပွနဲ့ မောင်ကောက်ကို တွေ့လိုက်ရပါတယ်။ အထူးသဖြင့် စိတ်မသက်သာစဖွယ် တွဲလောင်းကျနေတဲ့ နှပ်တွေကြောင့် ကြီးတော်ဖြစ်သူဟာ “ဟဲ့ ပေတေတို့ ကျည်းတန်တို့ မရှိကြဘူးလား၊ ကြည့်ပါဦးတော် ကလေးမှာလဲ ပေပွလို့” ဆိုပြီး ပြောပြော ဆိုဆို မောင်ကောက်မျက်နှာပေါ်က မျက်ရည်တွေနှပ်တွေကို ကမန်းကတန်း သုတ်သင်ပေးလိုက် ပါတယ်။ မောင်ကောက်ရဲ့ မူပိုင်ငိုသံဟာလဲ ဘဝဂ်လျှံသွားခဲ့ပါတော့တယ်။

မေးမရ မြန်းမရ၊ ချော့မရ ခြောက်မရ၊ ငိုတဲ့အရှိန်ကလည်း မကျနိုင်တာမို့ အကြော်ဖိုအိမ်သား တချို့ပါ ရောက်လာကြပြီး ကူညီဝိုင်းဝန်းကြရပါတယ်။ မစားရသေးတဲ့ ထမင်းပန်းကန်ကြောင့် ဘူးသီးကြော်က စတဲ့ပြဿနာမှန်း သိသွားကြတာမို့ နောက်နေ့တွေမှာ ဘူးသီးကြော် ရရပါစေ့မယ် လို့ တဖွဖွ ဂတိတွေ ပေးကြသည့်တိုင် မောင်ကောက်ကတော့ အငိုလုံးဝမလျော့၊ ဘာမှလဲပြန် မပြောပါဘူးတဲ့။ ဒီလိုနဲ့ မကျည်းတန်ဈေးရောင်းပြန်တဲ့အထိ အငိုမရပ်သေးလို့ သူ့သားကိုချော့တဲ့အခါ “ဟိုကြီးကြီး (သူ့အဒေါ်) ဘာလို့ ကျနော့်နှပ်ချေး သုတ်ပစ်ရတာလဲ၊ ခုပြန်တပ်ပေး” လို့ တခွန်းသာပြောပြီး ဆက်ငိုနေပါသတဲ့။

အဲသည်နေ့က မောင်ကောက် ဘယ်အချိန်မှာ ဘယ်လို အငိုရပ်သွားခဲ့တယ် ဆိုတာတော့ မရီးဖြစ်သူ ဆက်မပြောပြလို့ မသိခဲ့ရပါဘူး။ လိုလဲ မလိုအပ်ပါဘူးလေ။ သူပြောချင်တာက မောင်ကောက်ရဲ့ သမိုင်းဝင် “နှပ်စကား” ဘဲ မဟုတ်လား။ ဒါကလဲ အကြောင်းတိုက်ဆိုင်လို့ သိခဲ့ရခြင်းပါ။ တနေ့ သူ့သမီးကျွန်တော့တူမ၊ “မိစွာ” လို့ အိမ်မှာချစ်စနိုး ခေါ်လေ့ရှိတဲ့ သုံးတန်းကျောင်းသူ စိတ်ကောက် နေတဲ့အချိန် ကျွန်တော်ရောက်သွားပြီး ထုံးဆံအတိုင်း စမယ်ပြင်တော့ မရီးဖြစ်သူက “သွားမစ ပါနဲ့ကွယ် တော်ကြာ နှပ်ချေးပြန်တပ်ခိုင်းလို့ ဟုတ်ပေ့ဖြစ်နေပါဦးမယ်” အစချီပြီး မောင်ကောက် အကြောင်း ပြောခဲ့တာပါ။ ဒီတုံးက ကျွန်တော်တို့အားလုံး ရယ်ခဲ့ကြပါတယ်။ ခုခလေးနှစ်ယောက်အမေ ဖြစ်နေတဲ့ အဲသည်တူမနဲ့ တခါတခါဆုံလို့ အမှတ်ရတိုင်း “ညည်းခလေးတွေထဲမှာ နှပ်ချေးပြန်တပ်ခိုင်း တဲ့သူဘယ်နှစ်ယောက်ပါသလဲ” လို့ မေးရင်း ရယ်ဖြစ်ကြပါသေးတယ်။

သည်အကြောင်း ပြန်ရေးတဲ့ ခုအချိန်မှာတော့ ကျွန်တော်ရယ်ချင်စိတ် မဖြစ်မိသလိုပါဘဲ။ အသက် အရွယ်ကြောင့်လို့ပြောရင်လဲ သိပ်တော့မမှန်နိုင်ပါဘူး။ ရယ်တယ်ဆိုတာ အသက်အရွယ်နဲ့မှ မဆိုင်တာ။ တခုရှိတာက သည်ပုံပြင်လေးတွေ (ဆိုပါတော့) ကို ထူးထူးခြားခြား အမှတ်ရမိစေတဲ့ အတွေးတွေက ရယ်စရာ မဟုတ်ကြတာပါဘဲ။ အမှတ်ရပုံဆန်းတော့ ဆန်းသားလား။

ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီကွယ်ခဲ့တာ ရာစုနှစ်ဝက်တင်းတင်း ရှိခဲ့ပါပြီ။ ဒီမိုကရေစီကျပျောက် သလား၊ ခိုးဝှက် လုယူခံရသလား အငြင်းပွားဘွယ်ဖြစ်ပေမဲ့ ငြင်းလို့အကျိုးများမယ် မထင်ပါဘူး။ နှစ်ငါးဆယ် ဒီမိုကရေစီပျောက် ရှာပုံတော်ခရီးမှာ ဥစ္စာရင်လို ဥစ္စာရင်ခဲကြ၊ အရပ်ကူပါ လူဝိုင်းပါဖြစ်ကြ ရင်း ပေးဆပ်ရသမျှ အသက်အိုးအိမ် စည်းစိမ်တွေ၊ ဆုံးရှုံးရသမျှညီညွတ်မှုတွေ၊ လွင့်မျောရသမျှ အနာဂါတ်တွေ၊ ရပ်ကျော်ရွာကျော် ကမ္ဘာကျော်အောင် ကျဆင်းခဲ့ရသမျှ သိက္ခာတရားတွေဟာ စာဖွဲ့ မှမကုန်နိုင်ပါဘဲလား။ အဆိုးဆုံး (ကျွန်တော့်အထင်) ကတော့ စိတ်ဖိစီးမှုပါဘဲ။ အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြပြီး ရုတ်တရက် သဘော မတူနိုင်ကြရင်တောင်မှ စေ့စေ့တွေးရင် ရေးရေးပေါ် ဆိုသလို မြင်နိုင်ကြမယ် ထင်ပါတယ်။ မြင်ကြပါစေလို့လဲ မျှော်လင့်မိပါရဲ့။ ဖြစ်ချင်တာတွေ ဖြစ်ချင်တဲ့အတိုင်း မဖြစ်နိုင်သရွေ့ တိုးတိုးတက်နေမဲ့ အဲသည် စိတ်ဖိစီးမှုတွေဟာ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ် အမြတ်မရွေးသလို ဘက်လဲ မရွေးတတ်ပါဘူး။ ဆိုလိုတာက မရှောင်လွဲနိုင်သမျှ အားလုံး ခါးစီးခံကြရဦးမယ် ဆိုတဲ့သဘောပါ။ စိတ်ဖိစီးမှုနဲ့ တွေးကြံလုပ်ကိုင်မှုတွေ ဘယ်လို ဆက်စပ်နေတယ် ဆိုတာရယ်၊ အဲဒါတွေကြောင့် တဦးချင်းဘဝကနေ တနိုင်ငံလုံးရဲ့ အောင်မြင်မှုအထိ ဘယ်၍ဘယ်မျှ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကိုတော့ ဒီနေ့ခေတ် သိဘို့ရာ မခဲယဉ်းလောက်ဘူး ထင်ပါတယ်။
ခုမြင်ကြားနေရတာတွေက ဟိုခေတ် ဆရာတော်တပါး အမိန့်ရှိခဲ့ဘူးတဲ့ (သာယာဝတီ ဦးညေးယျလို့ မှတ်သားဘူးပါတယ်) “ကျူပ်တို့လူမျိုးတွေဟာ စကားစပ်တိုင်း လက်ညှိုးလေးနဲ့ ထိုးထိုးပြီး ဒီဟာ ကျုပ်ဟာ၊ ဟိုဟာကျူပ်မိဘဟာ၊ ဟိုဘက်က ကျူပ်ဘိုးဘွားဟာနဲ့ ပြကြရ ပြောကြရတာ အမော။ တကယ်တန်း စာရင်းချူပ်လိုက်တော့ ပိုင်ပိုင်ဆိုင်ဆိုင်ဆိုလို့ အဲဒီငေါက်ငေါက်ထိုးနေကျ လက်ညှိုး လေးသာ ကျန်တော့တာကလား” ဆိုတာကို အမှတ်ရစရာပါ။ ဝမ်းနည်းဘို့ ကောင်းတာကတော့ တချောင်းသာကျန်တဲ့ အဲဒီလက်ညှိုးနဲ့မယ်မယ်ရရ ပြစရာမရှိတော့တဲ့အခါ ဒီလိုဖြစ်တာ သူ့ကြောင့် သူတို့ကြောင့်ရယ်လို့ လက်ညှိုးကို အနားမပေးစတမ်း တခြားလှည့်ပြီး ထိုးကြပြန်တာပါဘဲ။ သည်ပုံဆို မျိုးဆက်သစ်တွေ အတွက် အမွေဆိုလို့ လက်ညှိုးရယ်၊ လက်ညှိုးထိုးလွယ်တဲ့ စိတ်ဓါတ်ရယ် ဒါဘဲ ကျန်မယ် ထင်ပါရဲ့။

ဒီနှစ်အတွင်း နိုင်ငံမှာ တမတ်သားအစိုးရလို့ ဟုတ်တိုင်းမှန်စွာ အမနာပခံရတဲ့ စစ်တပိုင်း ဒီမိုကရေစီ အစိုးရတက်လာတယ်။ ဒီအစိုးရဟာ ဒီမိုကရေစီ ပျောက်ဆုံးမှုကြီးရဲ့ လက်သည်လို့ အများစွပ်စွဲခံထား ရသူတွေနဲ့ တနွယ်ငင် တစင်ပါဖြစ်ကြောင်း အထူးပြောစရာ လိုမယ်မထင်ပါဘူး။ ဒါ့အပြင် နာဂစ်ဥပဒေ လို့ သမိုင်းမှာဥဒါန်းတွင်ရစ်မဲ့ အငြင်းပွားဘွယ် အချင်းများဘွယ် (ပွားလဲပွား၊ များလဲများလျက်ပါဘဲ) အခြေခံဥပဒေရဲ့ ခေါင်းကိုင်ဖခင် ဖြစ်တာလဲ ရပ်သိရွာသိကမ္ဘာသိဖြစ်ပါတယ်။

ဒီကြားထဲ ဖွတ်ထဲမှာမှ ဒို့က ဖွတ်ကျားဟေ့လို့ မကြွေးကြော်ရုံတမည် လုပ်ချလိုက်ပုံက အမြင်ကောင်း ဝိုင်းစည်ရုံ လူခေါ်တဲ့ အနေနဲ့ ကိုယ့်ဖဲကိုယ်ဆင် ကိုယ်ချိုး ကိုယ်တိုင်ဝေပြီး သေချာပြီဆိုမှ “ကစားချင်ရင် ဝိုင်းထဲဝင်ကြ” လို့ မျက်နှာထားတင်းတင်း စိန်ခေါ်ခဲ့တာပါဘဲ။ ဖွတ်ကျားဆိုလို့ လူရွှင်တော် မောင်မေတ္တာ တန်ဆောင်တိုင် မီးထွန်းပွဲ တခုမှာထုတ်ခဲ့ဘူးတဲ့ ပျက်လုံးတခုကို အမှတ်ရရပြန်ပါတယ်။ “ဟေ့ ဖွတ်ကျားပြောခံရလို့ ဒို့ကမနာပေါင်၊ စဉ်းစားကြည့်လေ ဖွတ်ဖြစ်ရတာတောင် အကျားအကျားလေးနဲ့ ဘယ်လောက်လှ သလဲ” တဲ့။ ထားပါတော့။ အကြောင်းကြောင်းကြောင့် ရှုံးမယ်မှန်းသိရက်နဲ့ ဝိုင်းထဲဝင်ခဲ့ကြသူတွေရှိသလို၊ မတရားရင် မကစား စတမ်း တင်းခံခဲ့ကြသူတွေလဲ အများအပြားပါ။ ဘေးထိုင်ဘေးထိုးရင်း ဘေးတီးသူတွေ ရှိကြတာလဲ မဆန်းလှပါဘူး။ အများစုသော ပြည်သူတွေ အားကိုးယုံကြည်ပြီး အစဉ်တစိုက် ထောက်ခံခဲ့ကြတဲ့ နိုင်ငံရေးပါတီကြီးက ဒုတိယ အမျိုးအစားအနေနဲ့ အခိုင်အမာရပ်တည်ခဲ့တာကတော့ ကျွန်တော်တို့ အားလုံး အားတက်စရာ ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ အဲသည်ပါတီကြီးဟာ ခုနဝိုင်းကြီး တရားမျှတစွာ (နိုင်ငံ့အကျိုးအတွက်) လှုပ်ရှားသက်ဝင်နိုင်ရေး အလို့ငှါ ဝိုင်းထိပ်မှာထိုင်စေဘို့ ၈၀% သော ပြည်သူတွေ လွန်ခဲ့သော အနှစ်၂၀ ကတည်းက တင်မြှောက်ခဲ့ကြပြီးသားပါ။ ဒါဟာ ရယ်အားထက် ငိုအားသန် စေမယ့် အရယ်ရဆုံး ပျက်လုံးတခု ဖြစ်နိုင်သလို၊ ပျောက်ဆုံးသွားတဲ့ ဒီမိုကရေစီ နူနာကျရာက ဝဲစွဲခံ လိုက်ရတဲ့ အဖြစ်လို့ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ကျွန်တော်တို့ ရောဂါက အဲသည်လောက် သည်း နေတာပါ။ မျှမျှတတပြောရရင် ဒီအတောအတွင်း “တိုးတက်မှု” လို့ မမြင်နိုင်ကြသေးရင်တောင်မှ “ဖြစ်ပေါ်မှု” လေးတွေ အစဉ်တစိုက် ရှိခဲ့တာကိုလည်း (ဘာအကြောင်းနဲ့မှ) မျက်ကွယ်မပြုသင့်ပါဘူး။

မြစ်ဆုံ ကိစ္စဟာ အထင်ရှားဆုံး သာဓကပါ။ မြစ်ဆုံအပါအဝင် အကြောင်းအရာ တော်တော်များများမှာ နှစ်၅၀ အတွင်း မရှိခဲ့ဘူးတဲ့ မီဒီယာရဲ့ ထိရောက်တဲ့အခန်းကဏ္ဍ၊ ပြည်သူတွေ အသံထွက် ညည်းတွား ရုံမက စိတ်ချဉ်ပေါက်ရင် ကမ္ဘာ့အမြင့်ဆုံး အဖွဲ့အစည်းထိ ဗြောင်တိုင် နိုင်ကြတဲ့ မဆိုစလောက် အခွင့်အရေး။ ပြင်ဆင်ဘို့ လေးလံနေဆဲ ဖြစ်သည့်တိုင် မှားယွင်းအဆီအငေါ် မတည့်မှုတွေ ရှိခဲ့ပါတယ်လို့ ဝန်ခံလာတဲ့ ဝိုင်းကြီးချုပ်ရဲ့ အသံ စတာတွေဟာ အထင်အရှားဖြစ်ကြပါတယ်။ 

ငြင်းစရာမရှိကြံဖန်ငြင်းပြီး တိုရေရှားရေလုပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စကိုတော့ ဈေးဆစ် ကောင်းတဲ့အရာ မဟုတ်လို့ နိုင်ငံရဲ့ တကယ့်သားကောင်းတွေ ပြည်သူ့ရင်ခွင်ထဲ အကုန်အစင် ပြန်ရောက်မှဘဲ ဖြစ်ပေါ်တိုးတက်မှုအနေနဲ့ မှတ်တမ်းတင်ကြရအောင်ပါ။ မယုံကြည်နိုင်သူတွေ အများအပြားရှိနေကြဆဲမို့ (မယုံတာအပြစ်လို့မမြင်ပါ) မှတ်တမ်းတင်ဘို့ ဖြစ်ကိုဖြစ်လာရမယ်လို့ ကျွန်တော်တဦးတည်း အနေနဲ့ ယုံကြည်ကြောင်းကိုတော့ အရဲစွန့် ဖေါ်ပြပါရစေ။ အစိုးရဆိုတာ ပြည်သူ့ အသံ နာခံရတယ်ဆိုတဲ့ ဒီမိုကရေစီသင်္ခမ်းစာ ဝမ်းအိုဝမ်းကို ကြေညက်လိုတဲ့ လက္ခဏာလေးတွေ တွေ့လာရလို့ ပြောရခြင်းပါ။ ယုံခဲသူတွေ တစိုက်မတ်မတ် ထောက်ပြနေတဲ့ နယ်စပ်က သေနတ်သံ ကိစ္စနဲ့ ပတ်သက်ရင်လဲ ဒီအတိုင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါတွေဟာ ပြည်သူတို့အကျိုးငှါ ကျွန်တော်တို့ရှာနေတဲ့၊ စွန့်လွှတ်စွန့်စား အနစ်နာခံပြီး တောင်းဆို တိုက်ပွဲဝင်နေတဲ့ အရာတွေရဲ့ အစအနလေးမျှသာ ဖြစ်တယ်ဆိုရင် မငြင်းလိုပါဘူး။ ဒါပေမယ့် ခရီးတထောင်ကွာဝေးတဲ့ ခရီးတခုရဲ့အစဟာ ပဌမခြေလှမ်းသာဖြစ်တယ် ဆိုတဲ့စကားကိုလဲ မမေ့ကြ စေချင်ပါဘူး။ နှစ်ပေါင်းငါးဆယ်လုံးလုံး လျှောက်ခဲ့ကြတဲ့ ခရီးကြမ်းကြီးကလဲရှိသေးတာကြောင့် ခုမှ ခရီးအစလို့ သတ်မှတ်ရမှာခက်နေရင်လဲ အဲသည်ခရီးကြမ်းကြောင့် ဒီခရီးဖြစ်လာတယ်၊ အဲသည်ခရီး ဟာ ခုခရီးရဲ့ အထောက်အကူတရပ် ဖြစ်တယ်လို့ (ယထာဘူတကျကျ) နှလုံးသွင်းလိုက်နိုင်ကြရင် အဆင်ပြေကောင်းရဲ့လို့ ယူဆပါတယ်။ လျှောက်ပြီးသားမှ ခရီးအစစ် ဒါမှလိုရာရောက်မယ်၊ ဒါမှမဟုတ် စိတ်ချလက်ချ ဝင်သာအောင် ဒီဝင်ပေါက်ကြီး အစအထိပြန် ရွှေ့ပေးရမယ်ရယ်လို့ အတင်းခံ ဇွတ်တိုး ကြိုးစား လိုကြသေးရင်တော့ (ပြည်သူတွေရဲ့ လက်ရှိဒုက္ခတွေအသာထား) ကျွန်တော်တို့နဲ့ ပိုက်ဆံ ပျောက်တဲ့ အမယ်ကြီး ဘာများကွာဦးမှာလဲလို့ မေးစရာ ဖြစ်တော့မှာပါ။

ခုဘဲ ပြောခဲ့တဲ့ပဌမ ခြေလှမ်းကို အခိုင်အမာပြင်ဆင်ဘို့ အခွင့်အလမ်းတခုလို့ ယူဆနိုင်ကောင်းတဲ့ ဖြစ်ပေါ်မှုတရပ် မြင်လာရပြန်ပါတယ်။ ကျွန်တော်တို့လဲ ဒီမိုကရေစီ ဘက်တော်သားတွေပါ၊ အများ အသိအမှတ်ပြုထားခဲ့သမျှ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ် စသဖြင့် တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး လေသံပစ်ခဲ့ကြတဲ့ ဝိုင်းထဲကလူကြီးတွေဟာ စောစောကပြောသလို ကစားချင်ရင် ဝိုင်းထဲဝင်ခဲ့၊ မဝင်ရင် ရပ်ကြည့်ခွင့်တောင် မရှိစေရဆိုရာကနေ ဝိုင်းထဲဝင်ခဲ့ပါ တရားသဖြင့် ဖြစ်စေရပါမယ် လို့ ပြောလဲပြော၊ ပြလဲပြတဲ့အနေနဲ့ သူ့စည်းမျဉ်းသူပြင်ပြီး အပြုသဘော ဆောင်လိုက်တာဘဲ ဖြစ်ပါတယ်။ 

ဒီဖြစ်ပေါ်မှုဟာ အလွယ်တကူ မိုးပေါ်ကကျလာတာ မဟုတ်သလို တချို့ဝေဖန်သလို ထောင်ချောက် ဒါမှမဟုတ် ကျားငစဉ်းလဲရဲ့ ဥပုသ် ခေါ်သံလို့လဲ (ကျွန်တော်တော့) မထင်ပါဘူး။ ပြည်သူရဲ့အင်အား ကို အသိအမှတ်ပြုခြင်းတရပ် လို့သာမြင်ပါတယ်။ ပြည်သူတွေညီညွတ်နေသရွေ့ ဒီလိုဖြစ်ပေါ်မှုတွေ ဆက်လက်ပေါ်ပေါက်လာလိမ့်မယ်မြင်မိသလို ဖြစ်ပေါ်မှုကနေ တိုးတက်မှုတွေ ရရှိဘို့ မဆုတ်မနစ် ပိုမို ညီညွတ်ကြဘို့လဲ လိုအပ်မှာပါ။ ပြည်သူ့အင်အားဆိုတာကို အလွဲမသုံးမိကြစေဘို့ကိုသာ သတိချပ်သင့် တယ်လို့လဲ ပညာရှိသတိဖြစ်ခဲဆိုသလို ပြောပါရစေ။

ဝိုင်းထဲဝင်ဘို့ ဖိတ်ခေါ်တာနဲ့ပတ်သက်လို့ တစ်ဘက်ပါတီကြီးကလည်း အလေးထားစဉ်းစားတဲ့ အတွက် ဝမ်းသာရသလို ပြည်သူ့အကျိုးအတွက် ဝင်သင့်ရင်ဝင်မယ်ဆိုတဲ့ သဘောထားရှိကြောင်းသိရလို့လည်း တိုးပြီးလေးစားရပါတယ်။ ဝမ်းနည်းစရာရှိရပြန်တာက အဲဒီသတင်းကို သာဓုမခေါ်နိုင်ကြသူ အများစု ဟာ အဲသည်ပါတီထဲကနဲ့ ပါတီဘက်တော်သား ဒီမိုကရေစီဝိုင်းတော်သားတွေ ဖြစ်နေကြတာပါဘဲ။ ဦးတည်ချက်တူသူချင်း အယူအဆမတူလို့ ပြောကြဆိုကြ ဝေဖန်ထောက်ပြကြ တာတွေရှိသင့် ဖြစ်သင့် တယ်ဆိုပေမဲ့ စကားနောက်တရားပါပြီး အရေးကြီးဆုံးအချိန်မှာ သွေးမစည်းဖြစ်ကြမှာတော့ (ပြည်သူ တွေ အတွက်) စိုးရိမ်စရာပါ။ လူနည်းစုပင်ဖြစ်စေကာမူ ပြည်သူတွေအားထား ခံရတဲ့ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့အတွက် တဦးချင်းကဏ္ဍဟာလဲ အရေးပါလှပါတယ်။ တဦးချင်းတယောက်ချင်း အနေနဲ့လဲ ဒါကို သတိပြုသင့်ပါတယ်။ မိမိအကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွားယှဉ်ရင် ပါတီအကျိုးစီးပွားကို ဦးစား ပေးရမယ်၊ ပါတီအကျိုးစီးပွားနဲ့ ပြည်သူအကျိုး စီးပွားယှဉ်ရင် ပြည်သူ့အကျိုးစီးပွား ကို ဦးစားပေးရမယ် ဆိုတဲ့မူဟာ မဆလ လို့ အများသိကြတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာတောင် ရှိခဲ့ဘူးတာပါ။

ကျွန်တော်ဟာနိုင်ငံရေးသမား မဟုတ်သလို နိုင်ငံရေးဂုရု တယောက်လဲ မဟုတ်ရပါဘူး။ ထမင်းစား ရေသောက်တာလဲ နိုင်ငံရေးဘဲဆိုတဲ့ နိုင်ငံရေးသတ္တဝါ အဖြစ်တော့ ကိုယ့်ကိုကိုယ် ခံယူထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ သတင်းပလင်းတွေ အပေါ်ဆင်ခြင်မိရာက တခါတခါတော့ နိုင်ငံရေးဆရာသမားတွေကို မေးချင်စိတ် ပေါ်လာတတ်ပါတယ်။ ဒီနေ့လိုကိစ္စမျိုးတွေ မှာဆိုပါတော့။ စိတ်မရှိဘူးဆိုရင်ပေါ့လေ။ ပြည်သူကို ကိုယ်စားမပြုတဲ့ ပြည်သူတယောက် အနေနဲ့ပါ။

တကြော့ပြန်ပြီး ရေးရေးလေး ပေါ်လာတဲ့ ဒီမိုကရေစီကို ဒီတခါတကယ် လက်ဆုတ်လက်ကိုင် ပြုနိုင်ကြရအောင် ညှိကြနှိုင်းကြ၊ တောင်းဆိုကြ၊ ကမ်းလှမ်းကြ၊ ဆုံးဖြတ်ပူးပေါင်း အကောင်အထည် ဖေါ်ကြ လုပ်သူတွေ လုပ်နေကြပါပြီ။ ဒီမှာပါဝင်သူတွေ ပါဝင်ခွင့်ရှိသူတွေ အနေနဲ့ (အမယ်အို ပိုက်ဆံ ပျောက်သလို) ရသမျှယူ အရင်ဟာလက်ညှိုးထိုးပြီး အရှုံးအမြတ်တွက်ရင်း အတောမသတ်နိုင်ဖြစ် နေကြမှာလား။ ဒါမှမဟုတ် (မောင်ကောက်လို ဇွဲနဘဲနဲ့) ဒီမိုကရေစီ လိုသလိုမှမရရင် နှပ်ချေးတောင် မညှစ်ဘူးကွလို့ ခေတ်သစ်ဇာမဏီ ဇာတ်လမ်းတွဲကြီး မပြီးနိုင်မစီးနိုင် ကကြဦးမှာလားလို့ပါ။ ထပ်ပြီး မရိုသေ့စကားပြောရရင် စေတနာနဲ့ မရွံမရှာညှစ်ပေးသူ ပေါ်လာခဲ့ရင်လဲ ညှစ်ပြီးသားနှပ်တွေ ပြန်ရော တပ်ခိုင်းကြဦးမှာလားလို့ မေးချင်တာပါဘဲ။

မေးတာကို စိတ်ရှိမယ်ဆိုရင်လဲ မရယ်ရတဲ့ပျက်လုံးတခုလို့သာ မှတ်ယူကြပါတော့။

လောကပါလ