ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်းစားကြသူများ (ကဗျာရှင် နေရဲနီ)

တောင်းစားကြသူများ
ကဗျာရှင် နေရဲနီ

အကိုကြီး အမကြီးတို့ရယ်
အကြွေလေးများပါရင်
ငါးပြား ဆယ်ပြားလောက်
မုန့်ဘိုးလေးများ ပေးခဲ့ကြပါ။

ဦးဦးဒေါ်ဒေါ်တို့ရယ်
အနုတ်လေးများရှိရင်
ငါးမူးတစ်ကျပ်လောက်
ထမင်းဘိုးလေး စွန့်ခဲ့ကြပါ။

ဘိုးဘိုးဘွားဘွားတို့ရယ်
သနားသဖြင့်
၅ကျပ်၁၀လောက်
သဒ္ဒါသမျှ ပေးခဲ့ကြပါ။

ဆရာ့ကို သွားအကြောင်းကြား ပေးတဲ့အတွက်
၅၀၊ ၁၀၀လောက်တော့
ဆေးလိပ်ဘိုးကွမ်းဘိုးလေး
ပေးခဲ့ဦးလေ။

စာရေးကြီးလက်မှတ်ခအတွက်
၅၀၀ ၁၀၀၀လောက်တော့
လ္ဘက်ရည်ဘိုးလေး
လုပ်ခဲ့ဦးလေ။

ဆရာ့အတွက်ကတော့
၅၀၀၀၊ ၁၀၀၀၀လောက်တော့
ပေးရလိမ့်မယ်။
ဆရာကပြောတယ်
case က ကြီးရင်ကြီးသလို
ငါးသောင်း တသိန်းလည်းဖြစ်သွားနိုင်တယ်တဲ့။

GM ကပြောတယ်
လိုင်စင်အတွက် ၅ပုံးနဲ့ ၁၀ ပုံးကြားမှာရှိတယ်
တန်ဘိုးအနိမ့်အမြင့်နဲ့ 
အကွက်အကြီး အသေးပေါ်မှာ မူတည်တယ်
အိမ်ကိုလာခဲ့ပါတဲ့။

ညွှန်ချုပ်ထောက်ခံ ပေးဖို့အတွက်
သူ့လက်မှတ် ထိုးရမယ့်ကိစ္စမှာ
၁၀ပုံးအထက်မှာ ရှိမယ်။
ဧရိယာအကျယ်ဝန်းပေါ်မှာ  မူတည်တယ်။
ဆိုင်မှာပြောမယ်တဲ့။

အဘကပြောတယ်
ပါမစ်အတွက် ပုံး၁၀၀နဲ့ အထက်မှာရှိတယ်
အလုပ်ဖြစ်မယ်ဆိုရင် အိမ်ကမမနဲ့ ပြောရမယ်။

အဘကြီးကပြောတယ်
ဟိုလမ်းမပေါ်က အဆောက်ဦးကို
သူ့မြေးနာမည် ပြောင်းပေးရမယ်
သူမဆင်းခင်မှာ စိတ်ချသွားချင်တယ်

အဘကြီးသမီး၂ယောက်က
စက်မှုဇုံမှာ မြေဧက ၅၀ တောင်းထားတယ်
အမြန်ဆုံးလုပ်ပေးပါတဲ့။

အစည်းဝေးဆုံးဖြတ်ချက်
ယူနီဆက်မှ အကူညီများ ဆက်ပေးရန်တောင်းခံရန်
အီးယူမှ လူသားချင်း စာနာထောက်ထားသော အကူအညီများ ဆက်ပေးပါရန်တောင်းဆိုရန်
ဂျပန်နိုင်ငံမှ ODA အကူအညီများ ယခင်အတိုင်းပေးစေရန်အတွက် ထပ်မံတိုက်တွန်းတောင်းဆိုရန်
အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားမှုများရုပ်သိမ်းပေးရန်တောင်းဆိုရန်

အကျဉ်းချုပ်သော်
အထက်ပါပုဂ္ဂိုလ် အပေါင်းသည်
နည်းခြင်းနှင့် များခြင်း
အရှိန်အ၀ါ ရှိခြင်းနှင့်မရှိခြင်း
ဒီ၂ချက်ဘဲကွာသည်။
တာဝန်နှင့်ဝတ္တရားကို လျစ်လျူရှုပြီး
ပေးဆပ်ခြင်းကင်း၍

လူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားဘဲ
အရှက်မရှိတောင်းနေကြသော
သူတောင်းစား များသာဖြစ်တော့သည်။

နေရဲနီ