ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တစ်နှစ်မြောက် သတင်းစာရှင်းလင်းပွဲ.. (သတင်း၊ဓာတ်ပုံများ)

သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အကြောင်းအရင်းကတော့ ကျွန်မလွတ်မြောက်လာပြီး တစ်နှစ်အတွင်းမှာ ဘာတွေဖြစ်မြောက်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ မေးချင်မြန်းချင်တဲ့ မီဒီယာတွေ အများကြီးဆိုတော့ တစ်ဦးချင်းတွေ့ပြီး ဆွေးနွေးဖို့ ဆိုတာ အခက်အခဲရှိလို့ အားလုံးစုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပထမဆုံးစဉ်းစားရမှာက တစ်နှစ်အတွင်းကို ဘာတွေ ဖြစ်မြောက်ခဲ့သလဲဆိုတာကို အဓိကထားပြီး သိချင်ကြမယ်လို့ ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ စတင်ထူထောင်ထဲက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်ဆိုပြီးချခဲ့ပါတယ်။ ဒီအတိုင်းပဲ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး ဒီလမ်းကိုလျှောက်ခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ထူးထူးခြားခြားနိုင်ငံရေး ဖြစ်စဉ်တွေကို ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုတွေအရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

အများက အခုစိတ်ဝင်စားနေတာကတော့ အန်အယ်ဒီ အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မလား မ၀င်ဘူးလား ဆိုတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်လို့ရှိရင် လွှတ်တော်ကနေ အပြောင်းအလဲ လုပ်ပြီးတော့ သမ္မတကြီးကလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် (၁၈)ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး မတင်ရေး ကိစ္စတွေကို မမေးပါနဲ့၊ ဘာလို့လဲဆိုတော့ (၁၈)ရက်နေ့ထိ စောင့်ပြီးတော့ ကြည့်ပါလို့ပဲ ပြောမှာပါ။ တစ်ခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေးအကျဉ်းသားများ ကိစ္စပေါ့၊ ဒီနှစ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားအချို့ လွတ်လာတာရှိပါတယ်။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ အများကြီး ကျန်သေးတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီး လွှတ်မယ်ဆိုတော့ ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ဘာမှမသိရသေးပါဘူး၊ လွှတ်တော့မယ်လို့ ပြောနေတာကိုပဲ ကြားရတာဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက ဒီမိုကရေစီလိုလားတဲ့ လူတွေအားလုံးရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့ အားလုံးအတွက် စိတ်ပူစရာ၊ စိတ်ဆင်းရဲစရာ ဖြစ်နေတာကတော့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စပါပဲ။ ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့တွေ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်စရာဖြစ်ပါတယ်။ ဇူလိုင်လတုန်းကဆိုရင် သမတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းအချို့ကို အိတ်ဖွင့်ပေးစာ ပို့ပြီးတော့ တစ်နိုင်ငံလုံး အပြစ်အခတ် ရပ်ဆဲရေးလုပ်ဖို့ အေးအေးဆေးဆေးနဲ့ ပြသနာတွေ ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်။ ကျွန်မအနေနဲ့ ဘယ်နေရာကဖြစ်ဖြစ် ကူညီနိုင်တယ်ဆိုရင် ကူညီချင်တယ် ဆိုတာလည်း ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ ကျွန်မတစ်ယောက်တည်းနဲ့ သော်လည်းကောင်း၊ အန်အယ်လ်ဒီနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကူညီနိုင်မယ်ဆိုရင် ၀င်ရောက်ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေကို အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ မြင်တာကတော့ ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပဲဖြစ်ဖြစ်၊ စီးပွားရေးလူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဥပဒေစိုးမိုးရေးမရှိတာနဲ့ မရှိလို့ကတော့ သိပ်ပြီး ခရီးရောက်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေစိုးမိုးရေး ရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး၊ နောက်စီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ကယ်ပဲ လာစေချင်တယ်ဆိုရင် ဥပဒေစိုးမိုးရေး လုပ်ရမှာဖြစ်ပါတယ်။ လာပြီး ရင်းနှီးမြှပ်နှံဖို့ စဉ်းစားတဲ့သူတွေက ဥပဒေစိုးမိုးမှု ဘယ်လောက် ရှိသလဲဆိုတာကို သေသေချာချာ ကြည့်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ ကျွန်မတို့ နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ ဥပဒေစိုးမိုးရေးကို ရရှိမှ ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးဟာ ဘယ်ပေါ်မှာ မူတည်လဲဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိရမယ်။ လွတ်လပ်ရမယ်၊ သန့်ရှင်းရမယ်။ ဒီလိုမရှိလို့ကတော့ ကျွန်မတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေး ဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ မြင်ပါတယ်။ ဒီမိုကရေစီ အတွက် မရှိမဖြစ်ရှိရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင် ဟာ အဓိကပဲဖြစ်ပါတယ်။ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီး ကြိုးစားသွားမယ်ဆိုတာလည်း ပြောချင်ပါတယ်။ အရင်နှစ်က ဒီနေ့(၁၄)ရက်နေ့ မှာပေါ့နော်။

ရုံးရှေ့မှာ ပြည်သူနဲ့ စကားပြောတဲ့အခါ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ရှိတဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဒီကွန်ရက်ကတော့ အားရလောက်အောင်ကို ကျယ်ပြန့်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုရင် တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ လူသားချင်းစာနာတဲ့ အထောက်အကူလေးတွေ အောင်အောင်မြင်မြင် ရှိခဲ့ပါတယ်။ နောက်ပြီးတော့ အပွင်းလင်းဆုံးပြောရရင် ရှေ့နေကွန်ယက်ကိုလည်း ဖွဲ့ထားခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုတိုးတက်မှုတွေရှိပေမယ့် လုံလောက် သလားဆိုတော့ မလုံလောက်သေးပါဘူး၊ လုံလောက်တယ်ဆိုတဲ့ အဓိပ္ပာယ်က ထပ်ပြီး မလိုတော့ဘူးဆိုတာ ဖြစ်ပါတယ်။

တစ်ဖက်က အပြုသဘောဆောင်တဲ့ အမြင်တွေလည်း လိုအပ်ပါတယ်။ တိုးတက်ဖို့ဆိုတာ အမြင်တွေကိုလည်း ပြောင်းလဲဖို့လိုတဲ့ အချိန်မှာ ပြောင်းလဲရမယ်။ ယုံကြည်ချက်ပေါ်မှာ အခြေခံပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြီးဟာ ပွင့်သွားမှာပါ။ ဒီတော့ ဒီမိုကရေစီလမ်းကြီးဟာ မပွင့်သေးဘူးလားလို့ ပြောရင် ဒီလမ်းဟာ ပွင့်ပြီ၊ ဒါပေမယ့် အားလုံးဟာ လက်ခံနိုင်တဲ့ အချိန်တော့ မရောက်သေးပါဘူးလို့ ပြောပါရစေ။ ဒီအခြေအနေ ရောက်ဖို့ကို အားလုံးဝိုင်းပြီး လုပ်ရမှာဖြစ်ပါတယ်။

ဓာတ်ပုံ.. ဒီမိုကောင်းကင်၊ ဇော်တူး
သတင်း... ဇော်တူး