ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လေမှာဝဲပျံ ခွပ်ဒေါင်းအလံ....

- မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ အာဏာရှင် ဆန့်ကျင်ရေးသမိုင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့် ရေးကြိုးပမ်းမှု သမိုင်းများတွင် ကျောင်းသားထု၏ ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွှင့်ထူခွင့် ပေးခဲ့သည်မှာ ယခုအကြိမ်သည်.. ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။

- မူလက ခွပ်ဒေါင်းအလံတော်သည်.. ကျောင်းသားထု၏ ကိုယ်စားပြု အထွတ်အမြတ်ထားရာ သင်္ကေတ ဖြစ်ခဲ့သော်လည်း သမိုင်း၏ တောင်းဆိုချက်အရ…. ပြည်သူလူထုတရပ်လုံး၏ နှလုံးသည်းပွတ် ၊တိုက်ပွဲဝင် နိမိတ်ပုံ အားမာန်ဖြစ်ခဲ့ပါသည်။
- ခွပ်ဒေါင်းအလံတော်သည်…ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရန်ကြိုးပမ်းမူ့ ခရီးကြမ်း၏…အထွတ်အမြတ် ထားရာ….ပုံရိပ်တခုလည်းဖြစ်သည်။

- ခွပ်ဒေါင်းအလံတော်သည်… အာဏာရှင်များကို ဆန့်ကျင်ရာ… မတရားမှုကို တော်လှန်ရာ၏.. မိုးကြိုးသွား လက်နက်လည်းဖြစ်သည်။

- ခွပ်ဒေါင်းအလံတော်ကို ဦးညွတ်ခြင်းသည်….. အာဏာရှင်ကို ဆန့်ကျင်ခြင်း၊ မတရားမှုကို တွန်းလှန်ခြင်း…ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို တာဝန်ယူခြင်းဟူသော အဓိပ္ပါယ်များဖြင့် ပြည့်နှက်နေယုံမက… ပြည်သူလူထုတရပ်လုံးအား ဦးခိုက်လိုက်ခြင်းလည်းဖြစ်သည်။

- ခွပ်ဒေါင်းအလံတော်ကို အသိမှတ်ပြုခြင်းသည်။ အထက်ဖော်ပြပါ.. အချက်များကို အလေးထားခြင်း ဟူသော.. သဘောထားဖြစ်ယုံမက… မြန်မာပြည်သူလူထုအား တန်ဘိုးထားခြင်းလည်း ဖြစ်သည်ဟု… အလေးအနက်ယုံကြည်ပါသည်။ ယင်းအတွက် အသိမှတ်ပြုပေးသော အမေရိကန်ပြည်ထောင်စု အစိုးရနှင့် အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတော်သည် အာဏာရှင်များ၏ လက်အောက်မှ မလွတ်မြောက်သေးသော နိုင်ငံတနိုင်ငံ ဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဆိတ်သုဉ်းဆဲ နိုင်ငံတနိုင်ငံဖြစ်သည်။

- စစ်အာဏာရှင်များမှ မွေးဖွားပေးလိုက်သော စစ်အသွင်ပြောင်း အရပ်သားအစိုးရသည်… လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြုသဘောဆောင်သော တွေ့ဆုံမှု့များရှိလင့်ကစား..အ ပြုသဘော ဆောင်သော အကျိုးရလာဒ်များ ယနေ့တိုင် ကောင်းမွန်စွာထွက်ပေါ်လာခြင်းမရှိသေးပါ….

- သို့ဖြစ်ပါသောကြောင့်….ယနေ့ကျရောက်သော…သမိုင်းဝင်ခွပ်ဒေါင်းအလံလွှင့်ထူခြင်း အခန်းအနားမှ တော်လှန်ရေး၊နိုင်ငံရေးအင်အားစုများအနေဖြင့်…အောက်ပါအချက်များကိုတောင်းဆိုလိုက်ပါသည်။
ပြည်တွင်းစစ်များကိုရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကိုအမြန်ဆုံး အကောင်ထည်ဖော်ရန်၊

နိုင်ငံရေး အကျဉ်းသားများအား ချွှင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်။ 

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန် အကောင်ထည်ဖော်ရန်နှင့် ယနေ့လတ်တလော ဖြစ်ပေါ်နေသော…. နိုင်ငံတော်၏ သဘာဝအရင်းအမြစ်များနှင့် လူသား များအားဒုက္ခ ဖြစ်ပေါ်စေနိုင်မည့်… ဧရာဝတီမြစ်ပျက်စီးရေး မည်သည့်စီမံကိန်းမဆို ရပ်တန့်ရန် တို့ဖြစ်သည်။

ထို့နောက်မှာတော့… တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒီမိုကရက်တစ် အင်အားစုများက.. ဂုဏ်ပြုအမှာစကားတွေ ပြောကြားပြီး…ကျောင်းသားတပ်မတော် (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်အပါဝင်… အဖွဲ့အစည်းအသီးသီးက သ၀ဏ်လွှာများကိုဖတ်ကြားခဲ့ကြတယ်…….

ခွပ်ဒေါင်း အလံတော်ကတော့… အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်။ ဘတ်ဖဲလိုးမြို့ရဲ့ ကျက်သရေဆောင် မြို့တော်ခန်းမရှေ့ ကျောက်တိုင် ပန်းခြံဝန်းရဲ့ တိုင်ထိပ်မှာ ကြွားကြွားဝံ့ဝံ့ ငွားငွားစွံ့စွံ့…….

အလံဆိုတာ မိမိယုံကြည်ချက်၊ ခံယုံချက်တွေကို မြုတ်နှံပူဇော်ခြင်းရဲ့ သင်္ကေတလက္ခဏာတခုပါ….. ခွပ်ဒေါင်းအလံမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးငြိမ်းချမ်းရေး။ တန်းတူညီမျှရေးဆိုတဲ့ ယုံကြည်မှု့တွေ ကိန်းဝပ်နေတယ်။ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့ရဲ့ ၀ိဥာဉ်တွေရှင်သန်နေတယ်။ အာဏာရှင်မှန်သမျှ မတရားမှုမှန်သမျှကို ခြောက်လှန့်ဖယ်ရှားပစ်မဲ့ ခွန်အားသစ်တွေ အမြဲလန်းဆန်းနေတယ်…..

မကြာခင်တနေ့ အမိနိုင်ငံတော်ရဲ့ မြေပေါ်မှာ ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးထိ လွှင့်ထူနိုင်အောင်….. တို့ရဲ့မနက်ဖြန်တွေကို အကောင်ထည်ဖော်ကြပါစို့။

အားလုံးကိုလေးစားစွာဖြင့်

မောင်မောင်ဝမ်း