ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ တော်စည်ပင်သာယာ၏ မြို့နေလူထုအပေါ်ဆိုးရွားသောလုပ်ရပ်.. (တိုင်ကြားစာ)

ရန်ကုန်မြို့မြို့နယ် အချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေပေးဝေရေးဌာနမှ ပို့လွှတ်နေသော ရေသည် ယခုရက်ပိုင်းအတွင်း ပြည်သူအများသုံးစွဲပါက ကျန်းမာရေးဆိုးရွားစွာထိခိုက်စေမည့် ရေများကို ပို့လွှတ်လျှက် ရှိပါသည်။ လူနေတိုက်ခန်းများမှ ရေစုတ်တင်လိုက်လျှင် ပုံများတွင် မြင်တွေ့ရသည့် အတိုင်းသံချေးရောင်နှင့် နွံနှစ် များ ပေါင်းစပ်နေသော ရေများကျလာပါသည်။ ယခုကဲ့သို့ ဖြစ်နေသည်မှာ ၂ရက်ခန့်ရှိနေပြီဖြစ်ပြီး ၊ နောက်ထပ်မည့်မျှ ကြာမြင့်ဦးမည် မသိပါ။

၎င်းရေများအား ဖယ်ထုတ်သန့်စင်ရန်အတွက် ရေဖောက်ထုတ်ရာတွင် ရေနှင့်ထိမိသောခြေ၊ လက်အစရှိသည့် နေရာများသည် ယားယံလာခြင်း၊ အနီစက်များ ဖြစ်ပေါ်လာခြင်းများကို ခံစားရပါသည်။ ရန်ကုန်မြို့နေလူထုသည် ဂျိုးဖြူရေကိုသာ အဓိက သုံးစွဲနေကြသည့်အတွက် ရေပေးဝေရေးဌာနမှ ရေဆိုးရေညစ်များကို ပြည်သူအများ သုံးစွဲရာသို့ ပို့လွှတ်ခြင်းသည် အလွန်ဆိုးရွားပြီး လူသားခြင်း စာနာမှု မရှိသော လုပ်ရပ်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ဌာန၏ ဆောင်ပုဒ်များဖြစ်သော...

“ဒါ..သင့်မြို့တော်သန့်ရှင်း သာယာလှပရမည်”

“မြို့တော်သာယာ လှပရေးအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပါ”

စသည့် ဆောင်ပုဒ်များ ရှိသော်လည်း အပေါ်ယံ လူမြင်ကောင်းရုံဖြင့် မဖြစ်နိုင်ပါ။ ယခုကဲ့သို့မြို့တော် စည်ပင်သာယာရေးမှ မြို့ခံလူထုအပေါ် လူမဆန်သောလုပ်ရပ်သည် ဌာနကောင်းတခု၏ အင်္ဂါရပ်များနှင့် မလျှော်ညီပါ။ မြို့နေပြည်သူများ၏အမြင်အရ ရန်ကုန်မြို့တော် စည်ပင်သာယာဌာနသည် စည်ပင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ အမှိုက်ခွန် အစရှိသည့် အခွန်အခ ကောက်ခံရေးများတွင်သာ အားကြိုးမာန်တက် ဆောင်ရွက်လျှက်ရှိပြီး မြို့နေလူထုအပေါ် စေတနာမှန်မှန်ဖြင့် ပြည်သူ့ အကျိုးပြုနေခြင်းမရှိပါ။ မြို့တော်စည်ပင် သာယာလှပစေရေး၊ အဆင့်အတန်းမြင့်သော မြို့တော်အဂါင်္ရပ်များနှင့် ညီစေရန် မြို့နေလူထုနှင့် အမှန်တကယ် လက်တွဲဆောင်ရွက် လိုပါက မိမိဌာနရှိ ညစ်နွမ်း စုတ်ပြတ်နေသော စံနစ်များနှင့် မြိုခံလူထုအပေါ်ထားရှိသည့် စိတ်ဓါတ်များအား ဦးစွာပြင်ဆင် ဖာထေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။