ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား.... (သတင်း၊ ဓာတ်ပုံ)

 စက်တင်ဘာလ ၂၁ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲအား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူမ ဦးဆောင်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပကြပါတယ်။ နံနက်ပိုင်းမှာ သံဃာတော် အရှင်သူမြတ်ငါးပါး အာရုဏ်ဆွမ်းနဲ့ သင်္ကန်းများ ဆပ်ကပ်ပြီး နံနက်၉း၃၀မှ နေ့လည်၁၁း၃၀ထိ ဖိတ်ကြားထားသူများအား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါတယ်။

ထိုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးလှဖေ၊ ဦးဝင်းထိန်၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်မေ၀င်းမြင့်၊ ဒေါ်လဲ့လဲ့၊ ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် ဦးလှသိန်း၊ မြောင်းမြဦးဘဆွေ၊ ဒေါက်တာမျိုးအောင်၊ ဦးလှမင်း၊ ဒေါ်နော်အုံးလှနှင့် အင်္ဂါ ၀တ်ပြုဆုတောင်း အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်သားများ၊ ၈၈ ဒီမိုကရေစီရေးတွင် ကွယ်လွန်သူ မ၀င်းမော်ဦးရဲ့ မိသားစုဝင်များ၊ အကျဉ်းကျခံ ဒီမိုကရေစီ အင်အားစုများရဲ့ မိသားစုဝင်များနဲ့ လူအင်အား ၃၀၀နီးပါး တက်ရောက်ကြပါတယ်။ 

ထိုအထိမ်းအမှတ် အခမ်းအနား၌ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးမှ အမှာစကာပြောကြားရာ ၄င်းမှ အိန္ဒိယ လွတ်လပ်ရေးနဲ့ အကြမ်းမဖက် အမျိုးသားလှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားရေးနဲ့ငြိမ်းချမ်းရေး ဆောင်ကျဉ်းခဲ့ပုံများကို ရှင်းပြခဲ့ပါတယ်။ ထို့နောက် ကဗျာဆရာလေးဦးမှ ငြိမ်းချမ်းရေးနေ့နဲ့ ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဖတ်ကြားကြပါတယ်။  

ဒုတိယအကြိမ် ကျင်းပတဲ့  အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ ဦးဆောင်ကျင်းပသူ အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံလဲဖြစ်၊ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူလဲဖြစ်တဲ့ ကိုလူမော်လတ်မှ အထိမ်းအမှတ်ပွဲကျင်းပရတဲ့ အကြောင်းအရင်းနဲ့ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်တဲ့ သဘောထားများကို ပြောကြားရာတွင် နိုင်ငံရေး၊ စီးပွာရေး၊ လှုမှုရေး တွေမှာ တစ်ယောက်ကြောင့် တစ်ယောက်၊ တစ်ဖွဲ့ကြောင့် တဖွဲ့နစ်နာ နေတဲ့ တိုင်းပြည်ကို ဘယ်လိုမှ ငြိမ်းချမ်းတဲ့ နိုင်ငံလို့ ခေါ်လို့ မရကြောင်းနဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးခံ ဒီမိုကရေစီ အင်အားစုများကိစ္စ၊ မြစ်ဆုံကိစ္စ၊ လက်နက်ကိုင် တိုင်ရင်းသားများ ကိစ္စ စတဲ့ကိစ္စသုံးခုနဲ့ ပတ်သတ်ပြီး စစ်မှန်သော ဒီမိုကရေစီ အစိုးရများဆိုလျှင် ပြည်သူလူထုရဲ့ အသံကိုအလေးထားပေးပြီး အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှသာ တိုင်းပြည်မှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ 

ထို့နောက် အထိမ်းအမှတ်ပွဲအား ရန်ကုန်တိုင်း စည်းရုံရေးအဖွဲ့ဝင် ဦးလှသိန်းမှ ရုတ်သိမ်းခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းထိန် ဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်မေ၀င်းမြင့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်တို့မှ ဂျိုးဌက်များ လွှတ်ပေးခဲ့ပါတယ်။ ယနေ့အခမ်းအနား၌ ဧရာဝတီကို ကယ်တင်ကြ စတေကာများနှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ ကီးချိန်းများကို ဝေငှခဲ့ပါတယ်။

ကိုလူမော်လတ်