ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့က စစ်အာဏာရှင်တွေ လက်ချက်ကြောင့် ကျဆုံးသွားခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ ၂၃နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ၊ ရုပ်သံ)..

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
၁၉၈၈ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့က (စစ်အာဏာသိမ်းပြီး နောက်တနေ့) ၈၈၈၈ဒီမိုကရေစီ အရေးတော်ပုံအတွင်း ရှေ့ဆုံးမှ အလံကိုင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ကွယ်လွန်သူ မ၀င်းမော်ဦးရဲ့ ၂၃ နှစ်ပြည့် အထိမ်းအမှတ်ကို မိသားစုနှင့်အတူ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ကွယ်လွန်သူ မ၀င်းမော်ဦးမိသားစု နေထိုင်ရာ လှိုင်သာယာ နေအိမ်မှာ ကျင်းပခဲ့ကြပါတယ်။ 




မဝင်းမော်ဦး ၂၃နှစ်ပြည့် အခမ်းအနား ရုပ်သံဖိုင်..
မနက် ၅နာရီမှာ ပင့်သံဃာ (၅)ပါးအား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပါတယ်။ ထိုနောက် ကြွရောက်လာကြသော ဧည့်သည်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါတယ်...။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်းတိုင်း စည်းရုံးရေးတာဝန်ခံ ဦးစောနိုင်းနိုင်းမှ အမှာစကား ပြောကြားခဲ့ပါတယ်...။ ထို့နောက် မဝင်းမော်ဦး အထိမ်းအမှတ် အခမ်းအနားအား ၂၀၀၉ခုနှစ်မှ စ၍(၃)နှစ် ဦးဆောင် ကျင်းပပေးခဲ့တဲ့ အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်ခေါင်းဆောင်လဲဖြစ်၊ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက်အမျိုးသား လှုပ်ရှားသူလဲဖြစ်သူ ကိုလူမော်လတ်မှ မ၀င်းမော်ဦး (၂၃) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားနဲ့ ပက်သတ်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် ရွှေပြည်သာမြို့နယ်မှ (ရဲရဲတောက်) ဦးသိန်းအောင်နှင့် ကဗျာဆရာများမှ ဂုဏ်ပြုကဗျာများ ဖတ်ကြားအပြီး အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။ အထိမ်းအမှတ်အပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊ဒုဥက္ကဌ ဘဘဦးတင်ဦးမှ မဝင်းမော်ဦးမိသားစု အားလာရောက် တွေ့ဆုံ အားပေးခဲ့ပါတယ်။
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..
မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဒေါက်တာမင်းသိန်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုမင်းသိန်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဒေါက်တာစာလွင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများ ရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွှတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၁၉၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း ပြီးနောက်တစ်နေ့၌ ကျဆုံးခဲ့ရတဲ့ (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ နှစ်စဉ် မိသားစုမှကျင်းပ ပြုလုပ်ခဲ့ကြပါတယ်...။ မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ်မှာ ကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးဝေ နိုင်သေးတာ (၂၃)နှစ်ရှိနေပါပြီ.... အာဇာနည်မဝင်းမော်ဦးကို အမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။