ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆောင်းပါးအား.. (လောကပါလရဲ့ သုံးသပ်ချက်..).

 (မှတ်ချက်... ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆောင်းပါးအား.. ကိုလောကပါလမှ ကွန်မာန့်အဖြစ် ပေးပို့လာတာကို ပေးပို့လာသူရဲ့ ခွင့်ပြုချက်နဲ့ အများသိစေရန် ဖော်ပြပေးလိုက်ပါတယ်...)


အင်မတန် အကဲဆတ်တဲ့ပြဿနာ တရပ် (Sensitive issue) ကို ဆရာဦးလှိုင်မြင့်က သူ့ဟန်အတိုင်း “ကိုင်” လိုက်လို့ အသံတွေ ပိုကျယ်သွားပေမဲ့ သူ့ရဲ့စေတနာကိုတော့ မြင်သာတယ်ထင်ပါတယ်။ သူအဓိက ပြောလိုတဲ့ လူမျိုး (races) ကို အခြေမခံဘဲ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစံနစ် ဆိုတာ ဟာလဲ ကျိုးကြောင်းသင့် တဲ့ အချက်တခု လို့ မြင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့ (အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလည်း လက်တွေ့ကျတယ်ပြောဘို့ ခက်ပါတယ်။

မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း (တဦးတည်းဆီက) လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ဘာသာရေး အကြောင်းပြုပြီး ပါကစ္စတန်နဲ့ ခွဲလိုက်ပြီးတဲ့နောက် တမီလ်နာဒူး ဘင်္ဂလား ပန်ဂျပ် အာသံ စသည်ဖြင့် လူမျိုးပြည်နယ်တွေ အပါအဝင် ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ သူတို့ဆီမှာလဲ လက်နက်စွဲပြီးခွဲထွက် ဘို့ကြိုးစားတာတွေ ရှိပေမယ့် ဒီနေ့ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ်ရပ်တည်နေရုံမက စီးပွားရေမှာပါ ထိပ်တန်းကိုလှမ်းနေပါပြီ။ 

ဘယ်နိုင်ငံရဲ့ကိုလိုနီမှ မဖြစ်ခဲ့ဘူးလို့ ဂုဏ်ယူလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ (စည်းမျဉ်းခံဘုရင်စံနစ်) ဒေသအခြေပြု ပြည်နယ်တွေနဲ့ ဖွဲစည်း အုပ်ချုပ်ပါတယ်။ ဒါပေမဲ့ ဘာသာရေး အကြောင်းပြ ခွဲထွက်ရေးလှုပ်ရှားမှုအချို့ ရှိနေသလို စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်တတ်တဲ့နိုင်ငံလဲ ဖြစ်ပါတယ်။ ဒီကြားထဲကပဲ ဒီမိုကရေစီ စံနစ်ရယ် စီးပွားရေးရယ် ပုံမှန်တိုးတက်မှု ရရှိနေတယ် ဆိုတာတော့ အားလုံးအသိပါ။ ပြောရရင် ဖွဲ့စည်းပုံဥပဒေရယ်လို့မရှိတဲ့ ဂရိတ်ဗြိတိန်နိုင်ငံဟာ (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နဲ့ ၄၀၀ အကြား) လူမျိုးမတူတဲ့ နိုင်ငံငယ်လေးခုကို ပါလီမန်စံနစ်နဲ့ပေါင်းပြီး ယူနိုက်တက်ကင်းဒမ်း အဖြစ်ရပ် တည်နေတာပါ။ သူလဲ ခွဲထွက်ရေး ပြဿနာနဲ့ မကင်းခဲ့ပါဘူး (အိုင်ယာလန်)။

အမှန်တော့ အမေရိကန်နိုင်ငံဟာလဲ လူမျိုးစု(tribes) နဲ့ကင်းတာမဟုတ်ပါဘူး။ တခုရှိတာက သူတို့ကိုယ်တိုင်က ကျူးကျော်သူတွေမို့ မူရင်းတိုင်းပြည် (အင်္ဂလန်) ဆီကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေငြာခဲ့ချိန်မှာ ဒေသခံ လူမျိုးရေးကိစ္စတွေ ရှင်းသလောက်ဖြစ်နေပြီလို့ ယူဆရင် ရမရဆိုတာပါ။ ဒါကို အစပြန်မဖေါ်မိအောင် သို့မဟုတ် အမည်တပ်စရာ လူမျိုး မကျန်တော့လို့များ ဒေသအမည်နဲ့ ပြည်နယ် ခွဲခဲ့တာလားတောင် စဉ်းစားစရာပါ။ ရှိပြီးသား ဒေသခံလူမျိုးစုတွေရဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးပုံစံတွေဟာ အမေရိကန်ဖွဲ့စည်းပုံအပေါ် အတိုင်းအတာ တခုထိ သြဇာသက်ရောက်မှု ရှိခဲ့ကြောင်းကိုလည်း မှတ်သားဘူးပါတယ်။ ပြည်နယ်အားလုံး တန်းတူရည်တူ ဖွံ့ဖြိုးပြီးတဲ့ယနေ့ကာလမှာတော့ ဒါတွေဟာသမိုင်းထဲမှာ ကျန်ခဲ့တယ်လို့ဘဲပြောရတော့မှာပါ။ ဥပဒေအတည် ဖြစ်တာလည်း နှစ်ပေါင်း ၂၅၀ နီးပါးရှိခဲ့ပါပြီ။ တပါတည်း သတိမူသင့်တာတခုက ကျွန်တော်ကို့ တတွေ အတော်များများစံပြုနေကြတဲ့ အဲသည့် အခြေခံဥပဒေ ဟာဒီနေ့အထိ (၂၇)ကြိမ် ပြင်ဆင်ခဲ့ရပြီးပြီ ဆိုတာရယ် အဲသည်ဥပဒေရဲ့ အသားအဖြစ် ကိုးးကားလေ့ရှိတဲ့ လွပ်လပ်စွာပြောဆိုခွင့်၊ ကိုးကွယ်ခွင့်ဆိုတာတွေ မူလပြဌာန်းချက်မှာ မပါဘဲ.. နောက်မှ ပြင်ဆင်ချက်နဲ့ ထည့်ခဲ့ရတယ်ဆိုတာရယ်၊ လူ့သမိုင်းမှာ အမဲစက်သဘွယ် တည်ရှိခဲ့တဲ့ ကျွန်စံနစ်ကို မူလဥပဒေက အကာအကွယ်ပေးရုံမက အချိန်အတန်ကြာ မပြုပြင်နိုင်မဲ့ ပြဌာန်းချက် တွေပါရှိနေခဲ့တယ် ဆိုတာတွေပါ။

ဒီနေရာမှာ သုံးသပ်မိတာတခုက နိုင်ငံတခု တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွဲ့စည်းပုံ ဥပဒေမှာ အခြေခံတဲ့ဥပဒေတွေရယ်၊ ဥပဒေအောက်ကလူတွေ (အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူ) အားလုံးရဲ့ အရည်အသွေး နဲ့ အတွေ့အကြုံ (အချိန်) တွေရယ် အညီအမျှ အရေးပါတယ်ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီးကစ ယနေ့ထိ ကြုံခဲ့ကြုံနေဆဲ ပြဿနာတွေဟာ ဒုတိယနဲ့တတိယ အချက်တွေမှာ အများအပြားတည်နေတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ အထူးသဖြင့် ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုကို ရယူနိုင်စွမ်းမရှိပဲ (လက်နက်နဲ့) အာဏာကိုရယူခဲ့ပြီး တိုင်းပြည်ကိုဆင်းရဲတွင်းနက်စေခဲ့တဲ့ အုပ်ချုပ်မှု အရည်အသွေးကတော့ “ပြရန်မလို၊ပြပြီး” ပါဘဲ။ အုပ်ချုပ်ခံအရည်အသွေးကရော။ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်ခြင်း ဦးဆောင်တဲ့ ညီညွတ်မှုဆိုတာ အရည်အသွေးတရပ် လို့ မြင်ပါတယ်။ နိုင်ငံရေးလိုဘ မပြည့်မှုတခုကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုတောင် လူပုံအလယ်မှာ နင့်နင့်သီးသီး ပုတ်ခတ်ရဲတဲ့ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုမျိုးကတော့ ဖြစ်ခြင်းဖြစ် သံပုရာတခြမ်းနဲ့ ခြေမဲ့ အရည်အသွေးဘဲ ဖြစ်မှာပါ။

ဒီနေရာမှာ ဆရာကြီးဦးထွန်းဖေရဲ့“ပါလီမန်ဒီမိုကရေစီစံနစ် ဘာကြောင့်ကျဆုံးရသလဲ” ဆိုတဲ့စာအုပ်လေး ကို အမှတ်ရမိပါတယ်။ ဆရာကြီးဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်၊ ထွန်းနေ့စဉ် သတင်းစာ တည်ထောင်သူ သတင်းစာဆရာကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး စသည်ဖြင့်ဂုဏ်ပုဒ် များစွာ နဲ့ ရပ်တည်ခဲ့ပြီး ပြောင်မြောက်တဲ့ သူ့စာအရေးအသားကြောင့် ထင်ရှားသူလဲဖြစ်ပါတယ်။ ဆရာကြီးရဲ့ အခြားဂုဏ်ပုဒ်တွေကတော့ မဟုတ်မခံစိတ်နဲ့ ဥပဒေကို ယုံကြည်လေးစား လိုက်နာလိုက်နာမှုပါ။ ပြန်ကြားရေး ဝန်ကြီးဘဝမှာ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်တွေ အခြေခံဥပဒေနဲ့မညီညွတ်ဘူးလို့ မြင်သမျှ မထောက်မညှာ ဝေဖန် ရုံမက ရာထူးကနုတ်ထွက်ပြီး အခြေခံဥပဒေအားကိုးနဲ့ တရားစွဲခဲ့တဲ့သူ၊ ဝန်ကြီးချုပ်ကို “ဘဝရှင် မင်းတြားကြီး” လို့ လူသိရှင်ကြားအမည်ပေးခဲ့ပြီး လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ပြည်သူတွေကိုလည်း ဥပဒေကို ရဲရဲ လိုက်နာသုံးစွဲ ဘို့ အမြဲဆော်သြခဲ့သူပါ။

တော်လှန်ရေးကောင်စီတက်လာပြီးနောက် ရေးသားထုတ်ဝေခဲ့တဲ့ အထက်ကစာအုပ်မှာ အင်္ဂလန်ပြည်မှာ ကျင့်သုံးခဲ့တာ နှစ် ၃၀၀ ကျော်(အသားကျနေ)ပြီဖြစ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ သက်ဦးဆံပိုင် ပဒေသရာဇ် စံနစ်အသွေးအသားထဲအထိ စိမ့်ဝင်နေတဲ့ မြန်မာပြည်မှာတော့ ၁၄ နှစ်နဲ့ဇီဝိန်ချုပ်ခဲ့ရတယ် လို့ ရေးသားထားပြီး တော်လှန်ရေးကောင်စီဟာ သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာခဲ့တယ်လို့လဲ တဆက်တည်းပြောခဲ့ပါတယ်။ မဆလ ခေါင်းပေါင်းစွတ် အစိုးရ ပေါ်ပေါက်ပြီး မရှေးမနှောင်း ဆိုသလို ကွယ်လွန်ခဲ့တဲ့ အတွက် တရိပ်ရိပ် ထိုးတက်လာတဲ့ အနိဌာရုံတွေကို ဆရာကြီး မြင်မသွားရှာပေမဲ့ သူ့အတွေ့ အကြုံအရ သူယုံကြည်သလို ရေးခဲ့တဲ့ သူ့သုံးသပ်ချက်ဟာ ဒီနေ့ကာလ ဖြစ်ပေါ်တိုးတက်မှုတွေ အတွက်သင်္ခမ်းစာ ယူတတ်ရင်ရနိုင်မယ် ထင်ပါတယ်။

မြန်မာ့သမိုင်းတလျှောက် နှစ်ပေါင်း ၆၀ အတွင်း စူ့ထက်စူ လူစွမ်းကောင်းတွေ ဦးဆောင်ရေးဆွဲခဲ့တဲ့ တတိယ မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ အဲသည် မဟောင်းမသစ် ခပ်ညစ်ညစ် အတည်ဖြစ်ခဲ့တဲ့ ဥပဒေအပေါ် ဗိုက်မှောက်ပြီး တယောက်တပေါက် အော်နေကြရတဲ့ အဖြစ်သနစ်တွေရယ် မသက်မသာကြည့်ရင်း (မိမိမျိုးဆက်သစ်တွေအတွက်) ရတက်မအေးသူတဦးရဲ့ ပုဂ္ဂလိကအမြင်လို့ ဆိုနိုင်ပါတယ်။

အားလုံးကို ချင့်ချိန်ပြီး တိုင်းပြည်အတွက် အကောင်းဆုံး စဉ်းစား အရင့်ကျက်ဆုံး (တဦးချင်း) တွေးခေါ် လုပ်ကိုင်နိုင်ကြရင် ပိုကောင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆွေးနွေးခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့စိုက်ပျိုးသမျှ ကျွန်တော်တို့ဘဲ ရိတ်သိမ်းကြရမယ် (as we sow; so shall we reap) မဟုတ်ပါလား။ ဒီကွန်မင့် ကို သီးခံတင် ပေးတဲ့ ကိုဒီမိုကို ကျေးဇူးတင်ပါတယ်။

လောကပါလ....

ဆရာလှိုင်မြင့်ရဲ့ ဖယ်ဒရယ် ဆောင်းပါးနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးနဲ့ ဝေဖန်ဆွေးနွေးကြတာတွေ ရှိသလို တချို့ကလည်း ဘလော့ဂ်နာမည်ကြီးဖို့နဲ့ ပွဲဆူအောင်လုပ်တယ်ဆိုပြီး  ဝေဖန်ရေးသား လာကြတာကို တွေ့ရပါတယ်...။ ဆရာလှိုင်မြင့်ရဲ့ ဆောင်းပါးအစမှာ စကားဦးသန်းခဲ့တာလေးကို သေချာဖတ်ကြည့်ကြပါ...။ 

ဖက်ဒရယ်ဆိုတာ မဖတ်ကြမှီ ပထမဦးဆုံးပြောလိုတာကတော့ အခုဒီဖက်ဒရယ်မူကို ရေးလိုက်တာဟာ ပွဲဆူအောင် ရေးတယ်လို့ မထင်မိကြဖို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်ရေးမှာက ကျနော့်အမြင် မြင်နေတာက ၁၉၈၀ ကျော်ဝန်းကျင်ကထဲက။

ဒီလို ရေးသားဖော်ပြခဲ့တာပါ...။  စာဖတ်သူ အားလုံး မိမိတို့ ကိုယ်ပိုင်အမြင်တွေကို ဝင်ရောက် ဆွေးနွေးနိုင်ဖို့ ဖော်ပြလိုက်တာပါ...။ ဒီဆောင်းပါးဟာလည်း မပြီးဆုံးသေးပါဘူး..  ဆက်လက် ဖော်ပြပေးပါဦးမယ်..။

ဒေါက်တာလှိုင်မြင့်ရဲ့ ယခင်ဆောင်းပါးများ ပြန်လည်ဖတ်ချင်ရင် Labelsမှ ဒေါက်တာလှိုင်မြင့် ဆောင်းပါးများကို နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါတယ်...။