ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ ဆရာအောင်ကြည်ညွန့်ရဲ့ (အမိဧရာဝတီနှင့် နိုင်ငံသားတို့၏ တာဝန်)

အမိဧရာဝတီနှင့် နိုင်ငံသားတို့၏ တာဝန်
ဆောင်းပါးရှင် အောင်ကြည်ညွန့်
အမိဧရာဝတီသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ပိုင်မဟုတ်။ ပြည်ထောင်စုမြန်မာနိုငံဟူသည် ဖြစ်တည်မှု စတင်ရာ၊ အမှီပြုရာ မိခင်နှင့်တူသည့် မြစ်မင်းဧရာ။ အမိဧရာဝတီ။

“ ဒီမြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှ မထိန်းသိမ်းလို့ ပျက်စီးနေသောမြစ်၊ ရေကစီးချင်ရာ စီးနေသောမြစ် ’’ ဟူ၍ လုပ်ချင်သလို လုပ်ခွင့်မရှိ။ ယခင်က မထိန်းသိမ်းလျှင် ယခု ထိန်းသိမ်းရမည်။ ယခင်က မစောင့်ရှောက်လျှင် ယခု စောင့်ရှောက်ရမည်။ လူကြီးတို့က မစောင့်ရှောက်ခဲ့သော် လူငယ်တို့က စောင့်ရှောက်ရမည်။ အမိဧရာဝတီသည် ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ မြစ်တစ်စင်းမဟုတ်ခဲ့။ အမိဧရာဝတီတွင် အပြစ်မရှိ။ စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ ကိုယ်ကျိုးစီးပွား ရှာသူ လူတို့၏ ပယောဂအောက်တွင် ခါးသီးစွာ ရုန်းကန်နေရခြင်းသာ ဖြစ်သည်။ သို့တိုင်အောင် ယနေ့အထိ အမိဧရာဝတီသည် တာဝန်ကျေပွန်စွာ ထမ်း ဆောင်နေ ဆဲဖြစ်သည်။

အမိဧရာဝတီကို ထပ်မံနှိပ်စက်ရာရောက်မည့် အစီအမံများကို တားမြစ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ တာဝန်သိသော လူလိမ္မာပညာရှိမှန်သမျှက ထောက်ပြနေကြသည်။ ဝေဖန်တားမြစ်နေကြသည်။ တင်ပြတောင်းဆိုနေကြသည်။ ယနေ့ “ လူငယ်များရဲ့ ဧရာဝတီ ရင်ခုန်သံပြပွဲ ” သည် မျိုးဆက်သစ် လူငယ်များ၏ တာဝန်သိစိတ် ဖြစ်သည်။ ဤဆောင်ရွက်မူများသည် ဥပဒေနှင့်အညီ ဆောင်ရွက်ကြခြင်းဖြစ်သည်။ ကိုယ်တိုင်လည်း သိရမည်။ ဆက်နွှယ်ရာ လူမှုအဖွဲ့အစည်းများ၊ ၀န်ထမ်း အဖွဲ့အစည်းများကိုလည်း သိစေအပ်သည်ဟု ယုံကြည်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)ပုဒ်မ - ၃၉၀ တွင် -

နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါ ကိစ္စရပ်များတွင် နိုင်ငံသားတော်အား ကူညီရန် တာဝန်ရှိသည်။
(က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ဂ) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း။
(ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟု ပြဌာန်းတာဝန်ပေးအပ်ထားသည်။

အမိဧရာဝတီသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်မှာ မည်သူမျှ အငြင်းမပွားနိုင်။ အမိဧရာဝတီကို ထိန်းသိမ်းစောင့်ရှောက်ရန် ဦးတည်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အများပြည်သူ ပိုင်ဆိုင်သည့်၊ သက်ဆိုင်သည့် ကျွန်ုပ်တို့၏ ကျေးဇူးရှင်လည်း ဖြစ်သည့် အမိဧရာဝတီကို တာဝန်အရ ဥပဒေနှင့် အညီ ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ မူလ အခွင့်အရေးများလည်းရှိသည်။ အခြေခံဥပဒေက အတိအလင်း ပြဌာန်း တာဝန်ခံထားသည်။

ဥပဒေနှင့်အညီ ဆောင်ရွက်မှုများအတွက် ၀န်ကြီးဖြစ်သည်။ အရပ်သားဖြစ်သည်။ ဆင်းရဲသည်။ ချမ်းသာသည် စသည် မကွဲမပြား နိုင်ငံသားများ အ နေဖြင့် ဥပဒေ၏ အကာအကွယ်ကို တူညီစွာ ရယူပိုင်ခွင့်ရှိသည်။

ဖွဲစည်းပုံ၏ ပုဒ်မ -၃၄၇- တွင် -
နိုင်ငံတော်သည် မည်သူ့ကို မဆို
(က) ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။
(ခ) ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဌာန်းထားပြီး ဖြစ်သည်။
ထို့ပြင် ကျွန်ုပ်တို့အနေဖြင့် အမိဧရာဝတီ၏ မြစ်ဆုံနှင့် အထက်ပိုင်းတွင် ဧရာမဆည်ကြီးများ တည်ဆောက်ခြင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် တကွ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ နိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ထောက်ပြနေကြသည့် ကျွမ်းကျင်သူ ပညာရှင်များ၏ စိုးရိမ်တကြီး တင်ပြသံတွေကို ကြားလာကြရသည်။ တိတ်တိတ်ပုန်း လုပ်ထားခဲ့သည့် ဇာတ်ရုပ်က ယခုအခါမှသာ ပေါ်လာ သဖြင့် ပူပင်သောက ဖြစ်ကြရသည်။ ထုတ်ဖော်ပြောပြလာသည့် ပညာရှင်များသည် ၎င်းတို့၏ စီးပွားအတွက် မဟုတ်။ အကျိုးစီးပွားမပါ စေတနာသန့်စွာဖြင့် ပြောဆိုနေကြောင်း သဘောရိုးနှင့် ယုံကြည်ကြသည်။
ဤထင်မြင်ယူဆချက်ကိုလွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လိုအပ်လာလျှင် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်ခွင့်၊ အသင်းအဖွဲ့၊ အ စည်းအရုံးဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိပါးဆန့်ကျင်လို၍ မဟုတ်။ ထိုအဆင့်သို့ မရောက်စေရန်မှာ ငါတကော ကောသည့် တာဝန်မဲ့ လုပ်ရပ်မျိုးကို ဇွတ်တိုး မလုပ်ဖို့လိုသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ -၃၅၄- တွင် -

နိုင်ငံသားတိုင်းသည်
  •  နိုင်ငံတော်လုံခြုံရေး
  •  တရားဥပဒေစိုးမိုးရေး
  •  ရပ်ရွာအေးချမ်းသာယာရေး (သို့) ပြည်သူတို့ ၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့် ဥပဒေနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်။
(က)မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်။
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်။
(ဂ) အသင်းအဖွဲ့(သို့မဟုတ်) အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်။
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသား၊ လူမျိုးအချင်းချင်းကို လည်းကောင်း၊ မိမိချစ်မြတ်နိုးသည့် စကား၊ စာ ပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ဟု ပြဌာန်းထားသည်။

ကျွန်ုပ်တို့အနေဖြင့် - ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)ပါ နိုင်ငံသားများ၏ မှုလအခွင့်အရေးနှင့်တာဝန်များအရ ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်ရမည်။ ဥပဒေသည် ကျွန်ုပ်တို့ကို ကာကွယ်ပေးရမည်။ အုပ်ချုပ်ရေး၊ ယန္တယားဖြစ်သည့် သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တိုက်ရိုက်တင်ပြနိုင်သည်။ ဥပဒေပြုအဖွဲ့ဝင် ကျွန်ုပ်တို့၏ လွှတ်တော်ကိုယ်စားလှယ်များကို ချဉ်းကပ်တင်ပြ တောင်းဆိုနိုင်သည်။ လွှတ်တော်၏ အခန်းကဏ္ဍကို အလေးအမြတ် ပြုသည်။

ထို့ပြင် တရားစီရင်ရေး၏ အခွင့်အာဏာဖြင့်လည်း ရယူတားမြစ်ခွင့်ရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှနေ၍ ဤဆည်စီမံ ကိန်းကို တားမြစ်စေရန် အခွင့်ရှိသည်။ နိုင်ငံသားတိုင်းနှင့်ဆိုင်သော ကိစ္စဖြစ်၍ နိုင်ငံသားတိုင်း သိခွင့်ရှိသည်။ သိလိုသောအချက်များကို တရား လွှတ်တော်က မေးပေးစေရန် တောင်းဆိုနိုင်သည်။ ဧရာဝတီသည် ၀န်ကြီးဌာနတစ်ခုပိုင် စီးပွားရေးပစ္စည်းမဟုတ်။ ကုန်သွယ်မှု လျှို့ဝှက်ချက် (Trade Secret) ဟူ၍ တိတ်တဆိတ် လုပ်ခွင့် ရှိသော အရာမဟုတ်။

ဖွဲ့စည်းပုံ၏ ပုဒ်မ ၃၇၇ တွင် -
ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေး တစ်ရပ်ရပ်တို့ ရယူလိုပါလျှင် သတ်မှတ်ချက်နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်သို့ လျှောက်ထားပိုင်ခွင့်ရှိရမည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ -၃၇၈ (က) တွင် -

ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရားလွှတ် တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျှော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိရမည် -
(၁) ရှေ့တော်သွင်း စာချွန်တော်အမိန့်
(၂) အာဏာပေး စာချွန်တော်အမိန့်
(၃) တားမြစ်စေ စာချွန်တော်အမိန့်
(၄) အာဏာပိုင်မေး စာချွန်တော်အမိန့်
(၅) အမှုခေါ် စာချွန်တော်အမိန့်
ဖွဲ့စည်းပုံ၏ ပုဒ်မ -၃၇၉ တွင်-
အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့် ကိစ္စမှတပါး-ပုဒ်မ - ၃၇၇ ပါ အခွင့်အရေးများ တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုရ။
(က) စစ်မက်ဖြစ်ပွားချိန်။
(ခ) တိုင်းတပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်။
(ဂ) ဆူပူသောင်းကျန်းမူများဖြစ်ပေါ်နေချိန်ဟု ပြဌာန်းထားသည်။
ဤသို့သော စီမံကိန်းကြီးများသည် ၀န်ကြီးဌာနတစ်ခု၏ ၀န်ကြီး တစ်ဦးတည်းအနေဖြင့် “ငါသာလျှင် သိ၊ ငါသာလျှင်တတ်” ဟု လုပ် ဆောင်ခွင့်မရှိ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ရမည်ဟုပြဌာန်းထားချက်ရှိသည်။

ဖွဲ့စည်းပုံ၏ အခန်း (၅) ပုဒ်မ - ၂၂၀ တွင် -

ပြည်ထောင်စုအစိုးရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ပြည်ထောင်စု အစိုးရ၏ မူဝါဒများကိုချမှတ်ရမည်။ ယင်း မူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု ပြဌာန်းထားသည်။ နိုင်ငံသားတိုင်းသည် လူမျိုးတစ်မျိုးကို ဖြစ်စေ၊ အများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင်၊ ညီညွှတ်ရေးကိုထိပါးစေနိုင်လျှင် သက်ဆိုင်သူ များအချင်းချင်း ညှိနှိုင်း၍ ပြေလည်မှု ရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ - ၃၆၅ တွင် -
နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကိုလွတ်လပ်စွာ ပြုစု ပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော အမိဧရာဝတီ အရေးကိစ္စ အတွက်ဆိုလျှင် ဆိုဖွယ်မရှိပြီ။ လွှတ်တော်ကိုယ်စားလှယ်များသည် ကျွန်ုပ်တို့က ရွေးချယ် လွှဲအပ်ထားသူများ ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် တကွ လွှတ်တော်ကိုယ်စားလှယ်များလည်း ဤအချက်များကို မမေ့လျော့ဖို့လိုသည်။

သမ္မတကြီး၏ စကားကိုယူသုံးရလျှင် -
“ ခေတ်ပြောင်းနေပြီ၊ စနစ်ပါပြောင်းလဲနိုင်ရေး ကြိုးပမ်းနေချိန်ဖြစ်သည်။ ”
“ လွှတ်တော်အသံသည် ပြည်သူ့အသံဖြစ်ရမည်။ ”
လွှတ်တော်ကိုယ်စားလှယ်ကြီးများ အကြောင်းကြောင်းကြောင့် မေ့လျော့ပေါ့တန်၍ ပြည်သူ့အသံကို မထေမဲ့မြင် ပြုလျှင် နိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။


ဖွဲ့စည်းပုံ၏ ပုဒ်မ - ၃၆၉ ( ခ ) တွင် -
သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ထိုလွှတ်တော်ကိုယ်စားလှယ်ကြီးများက ပြည်သူ့အသံကို အလေးအနက်ပြုပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ခြင်းများရှိလာလျှင် နိုင်ငံတော်သမ္မတက ထိုဝန်ကြီးအား ဖြုတ်ခွင့်ရှိကြောင်းလဲ ပြဌာန်းထားပြီးရှိသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ - ၂၃၃ ( က ) တွင် -

ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်။
( ၁ ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း။
( ၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း။
( ၃ ) အကျင့်သိက္ခာပျက်ပြားခြင်း။
(၄)ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်း။
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။

ပုဒ်မ - ၂၃၃ ( ဂ ) တွင် -

ပြည်ထောင်စု ၀န်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စု ၀န်ကြီးရာထူးတွင် ဆက်လက်တာဝန် ထမ်းဆောင်စေရန်မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှရပ်စဲရမည်။ ဤသည်တို့သည် ယနေ့အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များဖြစ်သည်။
ကျွန်ုပ်တို့ ရင်ခုန်နေကြရပါသည်။

အမိဧရာဝတီအတွက် ရင်ခုန်နေကြရပါသည်။

တစ်မျိုးသားလုံးအတွက် အမျိုးသားရေး ရင်ခုန်သံဖြစ်ပါသည်။

ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ၏ ရင်ခုန်သံကိုလဲ ကြားနေရပါသည်။

လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲလည်း ပေါ်ထွန်းခဲ့ပါပြီ။

အမိဧရာဝတီအတွက် ရင်ခုန်သံသည် ဥပဒေနရီ စည်းချက်နှင့်အညီ လွင့်ပျံနေခြင်းသာဖြစ်သည်။ ညီလည်းညီစေရမည်။ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။
အောင်ကြည်ညွန့်
( ၂၃ - ၀၉ - ၂၀၁၁ )
လူငယ်များရဲ့ ဧရာဝတီ ရင်ခုန်သံပြပွဲ
ဆရာအောင်ကြည်ညွန့် ၂၃ . ၀၉ .၂၀၁၁က လူငယ်များရဲ့ ဧရာဝတီ ရင်ခုန်သံပြပွဲမှာ ဟောပြောခဲ့တဲ့ စာတမ်းပါ။ အသံဖိုင် ဆက်လက်ဖော်ပြပေးပါမယ်...။

ညီငယ် ခမိခဆဲမှ ပေးပို့ပါတယ်...