ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မသူတော့် ကြောက်တွေး (ကဗျာရှင် နေရဲနီ)

မသူတော့် ကြောက်တွေး
(ကဗျာရှင် နေရဲနီ)
အင်း....ဘယ်လိုဖျက်ဖျက်
မပျက်တဲ့အပြင် တို့လုပ်အမျှ အဖျက်တရား
သူတို့အတွက် ကောင်းကျိုးတွေအဆင့်ဆင့်ဝေဖြာလို့
ကောင်းချီးသြဘာသံတွေ သောသောညံနေတာ
တလောကလုံး ပြုံးပျော်နေလိုက်ကြတာ။

ပုသိမ်မှာလည်း မုန့်ဟင်းခါး
ပိဿာ ၆ဝဝ အလကားဖြစ်တဲ့အပြင်
အဆာပြေအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး
ငေါ့တော့တော့ ပြောလိုက်သေးတယ်။

တက္ကသိုလ်ကျောင်းတွေကို
စာမေးပွဲနဲ့ ညစ်တွန်းတွန်းတာတောင်
နာမည်ပျက်တာဘဲ အဖတ်တင်တယ်။

ဖျာပုံမှာ ကွင်းမငှားလိုက်တာလည်း
မှားတာဘဲ။
ငှားလိုက်ရင် လာတဲ့ပရိတ်သတ်နဲ့
ကျပ်ညပ်ပြီး တခုခုဖြစ်ရင်
အပြစ်ရှာလို့ရသေးတယ်။
ခုတခါ မန္တလေးမှာ
ဗထူးကွင်း မငှားလိုက်မိတာလည်း
မှားတာဘဲ။
ကွင်းမရတော့ မြို့ပြင်ထွက်ပြီး
အောင်ပင်လယ်ကို သွားကြတာ
အောင်နိမိတ်တွေ ဆောင်ပြီး
အောင်အတိတ်တွေ တပွေ့တပိုက်နဲ့
အောင်အရပ်ကို မရောက်ရောက်အောင်
တွန်းပို့ လေသလားဆိုပြီး
တို့ကိုတွေ့ရင် ကြည့်တဲ့ အကြည့်တွေက
မထေ့တထေ့ ပြုံးစေ့စေ့နဲ့
မှိုရတဲ့ မျက်နှာလိုလို
ခံရခက်လိုက်တာ။

ကွင်းသာငှားလိုက်ရင်
လာတဲ့ပရိတ်သတ် ကြက်ပျံမကျ
အိုးပစ်မကွဲ စပါးခင်းလို
လူပင်လယ်ကြီးဖြစ်နေတာ
သိန်းကျော်တဲ့ ဒီလူအုပ်နဲ့
ကျပ်ညပ်ပြိး တခုခုဖြစ်ရင်
ပြဿနာရှာလို့ရသေးတယ်။
ဒီကြားထဲ
လတပေါင်းနွေခေါင်ခေါင်
ပူပူအိုက်အိုက်ချွေးသံတလုံးလုံးနဲ့
ဖြစ်နေရမယ့်အချိန်မှာ
ဒီအမျိုးသမီး လာမယ့်နေ့ကျမှ
မစွေ မစဲ မဖွဲ မသဲ ရွာတဲ့မိုး
လေပြေညှင်းလေးတောင်ပါသေး။
ပေါက္ခရဝဿ မိုးတဲ့
တင်စားနေလိုက်ကြတာ။
ဆံတစ်ပင်တင်း ငါ့မဲသူလု
အူနု ဆင်နင်းသလို
ခံရခက်လိုက်တာ။
တကယ်တော့
ငါ့မဲဆိုတာ အစကတည်းကမရှိတာ
ငါတို့က မတရားသိမ်းပိုက်ထားတာ။
သူကလုတာ မဟုတ်ဘူး။
မေတ္တာဖြူတဲ့ သူ့ဘက်ကို အလိုလိုပါသွားတာ။

လာတဲ့ ပရိတ်သတ်ကိုလည်း ကြည့်ပါဦး
ဘုန်းကြီး ရဟန်း ဦးဇင်း သာမဏေ မယ်သီလရင်
ကပ္ပိယ ကျောင်းစောင့်ပါမကျန်
အဖိုးအဖွား လူကြီးလူငယ်
ပျိုပျိုရွယ်ရွယ် ကျောင်းသူကျောင်းသား
ဘုစုခရုတွေ ပါမကျန်
ပါးပြင်မှာ ဒေါင်းအလံတွေကပ်ပြီး
ဒေါင်းပဝါ ခေါင်းမှာစည်းပြီးတော့ ပြုံးပျော်နေလိုက်ကြတာ
အဲဒီအထဲမှာ
ဦးဇင်းပေါက်စတွေနဲ့ ကိုရင်တွေတောင် ပါသေး။
ဒီလိုမှန်းသိ အဲဒီနေ့ကို အထူးအချိန်ပို ဆိုပြီး
ကျောင်းဖွင့်ခိုင်းပါတယ်။
ဒီကြားထဲ ပြောနေကြတာက
ရေဘူးနဲ့ ထီး ဖိနပ်မပါရင်
နွေအခါမှ သိမယ်။
နွေခေါင်ခေါင် လတပေါင်းမှာ
အမေစုလာမယ့်နေ့
ရေဘူးနဲ့ ထီးဆောင်စရာမလို
သူ့အလိုလို မိုးရွာလိမ့်မယ်တဲ့။

စစ်ကိုင်းမှာတော့
တနင်္ဂနွေနေ့ကို အစိုးရရုံးတွေ ဖွင့်လိုက်တယ်။
နောင်ခါလာ နောင်ခါဈေး
နောင်ကျမှ ကြည့်ရှင်းမယ်။
လူမုန်းခံနေရတာချင်း
အတူတူ
မထူးဇာတ် ခင်းတော့မယ်။
ဒါတောင် စစ်ကိုင်းမှာကြိုတဲ့လူထု
စစ်ကိုင်းတံတား ကျိုးမလားလို့တောင် ထင်ရတယ်။
တံတားဘေး မြစ်ကမ်းစပ်သဲပြင်မှာ
ပင်နီနဲ့ လူထု
ဒေါင်းအလံ တလူလူလွှင့်ပြီး
ဒေါင်းပ၀ါ ခေါင်းမှာစည်းပါလို့
ပြုံးပန်းတွေ ဝေဝေဆာဆာနဲ့
ပြုံးပျော်နေလိုက်ကြတာ
ဧရာဝတီမြစ်ကမ်း
ပြိုမလားလို့တောင် ထင်ရတယ်။

သီတဂူ ဆရာတော်ကြီးကို
ကပ်သီးကပ်ဖဲ့ ဒကာတစ်ယောက်က မေးဘူးတယ်။
ဘုရားပွင့်လို့ ဒေဝဒတ်တို့ သားအဖနဲ့
စိဉ္ဇမာနတို့ မြေမြိုခံရတာ
ဘုရားသာမပွင့်ခဲ့ရင် သူတို့တွေမြေမြိုခံရမှာ မဟုတ်ဘူး တဲ့
ဆရာတော်ကြီး ပြန်မိန့်ပုံက
ဘုရားမပွင့်လည်း သူတို့တွေ မြေမြိုခံရမှာဘဲတဲ့
ဘာကြောင့်လဲဆိုတော့
သူတို့တွေဟာ စိတ်ကောင်းမရှိတဲ့အပြင်
မကောင်းတဲ့စိတ်တွေ မွေးခဲ့ကြလို့တဲ့။
ပေပင်၊ ဝါးပင်၊ ငှက်ပျောပင်တို့ဟာ
အသီးကြောင့် သေကြရသလို
သူတို့ဟာလည်း
သူတို့ မကောင်းမှုကံတွေက အကျိုးပေးသွားကြတာ။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်
ဒေဝဒတ်ဟာ နောင်တရမိတဲ့ အချိန်မှာ
မြေမြိုခံရတာ။
ငါတို့လည်း နောင်တ မရမိအောင်ကြိုးစားမယ်။
နောင်တရတဲ့နေ့ မြေမြိုခံရလေမလား မသိဘူး။
နောင်တမရမိအောင် ကြိုးစားမယ်။

ဆားသည် ငန်သော အရာရှိသော်ငြားလည်း
ဟင်းအိုးထဲ ရောက်သော်
ဟင်း၏အရသာကို ပို၍ပေါ်လွင်စေ၏။

ဖြူစင်သော မေတ္တာတရား ထားရှိကြကုန်သော
အမေစုနှင့် ပြည်သူလူထုအပေါ်
ဣဿာမစ္ဆရိယ မနာလိုဝန်တိုစိတ် ကြီးမားသောသူတို့၏
အမျိုးမျိုးသော အနှောင့်အယှက် ဘေးအပေါင်းသည်ကား
ဟင်းအိုးထဲ ရောက်သော ဆားကဲ့သို့
ကောင်းကျိုးအဆင့်ဆင့်ကို ဖြစ်ထွန်းစေပြီး
အမေစုနှင့်ပြည်သူတို့၏ မေတ္တာတရားကို
ပို၍ပို၍ ခိုင်မြဲစေခဲ့လေပြီတကား။
အမေစုနှင့် ပြည်သူသည်ကား
တသွေးတည်း တသားတည်း
အပြုံးမပျက် ပန်းပန်လျှက်ပင်တည်း

အထက်ပါ ကဗျာကိုဖတ်၍
သူတော်ကောင်းတို့ ပီတိပွား၍
မသူတော်တို့ အခါမနှောင်းခင်
နောင်တ တရား ရကြပါစေ။

နေရဲနီ
သီတဂူဆရာတော် တရားကောက်နှုတ်ချက်ကို ဧကရာဇ်မင်းကြီး၏ နိဂုံး တရားတော်၌ နာယူနိုင်ပါသည်။
ဓာတ်ပုံများ AP,Reuters,Demo Waiyan