ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့် တိုက်ထုတ်ကြပါစို့....

ရေးသားသူ ဥာဏ်လင်းထက်...

မကြာမှီတွင် နိုင်ငံလုံးကျွတ် ဆန္ဒပြပွဲကြီးကို တစ်ပြည်လုံးအနှံ့ ဆင်နွှဲပါတော့မည်။ ရဟန်းရှင်လူ ၊ကျောင်းသား ကျောင်းသူ များအားလုံး ပါဝင်ဆင်နွှဲကြမည်။ ယခုတိုက်ပွဲသည် မြန်မာပြည် အတွက် နောက်ဆုံး ဒီမိုကရေစီတိုက်ပွဲဖြစ်ရမည်။ အားလုံးသိကြသည့်အတိုင်း လက်ရှိအစိုးရသည် တိုင်းပြည်တိုးတက်ရေးထက် သူတို့ကိုယ်ကျိုးကိုသာ လုပ်ဆောင်နေကြသည်မှာလည်း အားလုံး အသိပင်ဖြစ်သည်။ ပို၍ဆိုးဝါးစေသည့် အချက်ကား ၎င်းတို့သည် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားသော ဘာသာသာသနာကိုပင် ဖျက်စီးရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် အာဏာယစ်မူးကာ ရဟန်းသံဃာများ၏ ဦးခေါင်းကိုပင် ရိုက်နှက်ကာ အကျဉ်းထောင်သွင်းသို့ ပို့ဆောင်ခဲ့ကြပြီဖြစ်သည်။ ရွှေဝါရောင်တော်လှန်ရေးကိုကြည့်လျှင် မြန်မာလူမျိုးတွေ ညီညွတ် နေကြဆဲပင်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ထိုအချိန်က ကျရှုံးခဲ့ရခြင်းမှာ လူသားတို့မလုပ်သော ယုတ်မာရိုင်းစိုင်းသည့် လုပ်ဆောင်ချက်များကို လုပ်ပြခဲ့ပြီး ၊ခေါင်းဆောင်ကောင်းမရှိသော တော်လှန်ရေးသည်လည်း ကျရှုံးခဲ့ရသည်။ မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျှင် ကျွန်ူပ်တို့ဘိုးဘွားဘီဘင်များသည် မဟုတ်လျှင်မခံ ၊တိုင်းတစ်ပါးနယ်ချဲ့တို့ကိုပင် တွန်းလှန်ခဲ့ကြသည်ကား အားလုံးအသိပင်ဖြစ်သည်။ ၁၉၈၈ အရေးအခင်းကို ပြန်ကြည့်လျှင်လည်း မြန်မာလူမျိုးတို့ သတ္တိရှိကြောင်း သိနိုင်ပါသည်။ ကျွနူ်ပ်တို့အလှည့်ကား ရောက်လာပေမည်။ ကျွန်ူပ်တို့လက်ထက်မှ အညံ့ခံ အရှုံးပေးခဲ့လျှင် နောင်လာမည့် မျိုးဆက်သည် ကျွန်ူပ်တို့ကို လှောင်ပြောင်ပေလိမ့်မည်။ ၎င်းတို့တွင် လက်နက်ရှိသည်ကားမှန်၏။ ရိုင်းစိုင်းယုတ်မာပက်စက်သော အကြံရှိသည်ဆိုသည်ကား လည်း အားလုံးအသိပင်ဖြစ်သည်။ သို့သော် သေချာသုံးသပ်ကြည့်လျှင် ၎င်းတို့သည် စည်လုံးညီညွတ်မှုမရှိ ။ ကြောက်ရမ်း ရမ်းကာ လုပ်နေကြခြင်းပင်ဖြစ်သည်။ သို့သော် ယုတ်မာသူတို့ အမူအကျင့်အတိုင်း ရိုင်းစိုင်းသော အကြံကို လုပ်ဆောင်မည်ဆိုသည်ကလည်း တွေးစရာပင် မလိုလှချေ။ ကြောက်ကန် ကန်မည်ကားမလွဲချေ။ ကြောက်စရာအကောင်းကို တစိမ့်စိမ့်တွေးက ကြောက်စိတ်ဆိုသည် .. ပိုမိုးဆိုးဝါးလာတတ်သည်။

ရိုးရှင်းသော အရာတစ်ခုကို စဉ်းစားကြည့်ကြမည် ။ မြန်မာနိုင်ငံတွင် လူဦးရေ... သန်း(၆၀)နီးပါးရှိသည်။ လက်ရှိစစ်အစိုးရ၏ အင်အားနှင့် နိုင်းယှဉ်လျှင် များစွာကွာခြားလှသည်။ ထိုသန်း(၆၀) သော ပြည်သူများအား ထောင်ချရန်ထောင်မရှိ။ အားလုံးကို သတ်ရန် ဆိုသည်ကားလည်း မဖြစ်နိုင်၊ ကျွန်ူပ်တို့ဘာကို တွေးကြောက်နေကြသနည်း ။ စည်းလုံးညီညွတ်လျှင် အောင်ပွဲခံရမည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ လူသားများ တွေးပူနေကြသည့်အကြောင်းမှာ အားလုံးမပါဝင်မှာကို စိုးရိမ်နေကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်မိမိတို့တတ်နိုင်သော တာဝန်ကို ယူကာ တိုင်းပြည်အရေးတွင် တက်ညီ လက်ညီ ပါဝင်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

ကျွန်ူပ်တို့သည် မည်သူကိုမှ မုန်း၍မဟုတ် ။ စနစ်ဆိုးတစ်ခုကို တိုက်ထုတ်ခြင်းပင်ဖြစ်သည်။ မြန်မာပြည်သည် ယခုတိုက်ပွဲမဆင်နွှဲပါက နောင် ၁၀ နှစ်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်မည်။ တိုင်းသူပြည်သားများ၏ ၅၀% သည် ထမင်းနပ်မှန်အောင် မစားနိုင်ကာ ကျောင်းသူကျောင်းသားများ၏ ၅၀% သည် အလယ်တန်းပညာကို သာ သင်ကြားနိုင်မည်ဖြစ်သည်။ နောင်လာမည့်မျိုးဆက်များ ကျွန်ူပ်တို့ကဲ့သို့ မခံစားကြစေရန် ကျွန်ူပ်တို့တွင် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းသူပြည်သားတိုင်းသည်.... မြန်မာနိုင်ငံရေးနှင့် သက်ဆိုင်သည်။ မိမိတာဝန်ကိုမိမိ မယူနိုင်ခဲ့လျှင် နောင် တွင် သင်တို့သည် နေ့စဉ်နေ့တိုင်း နောင်တရကာ ကြီးစွာသော ဒုက္ခတို့ကို ခါးစည်းခံရမည်ဖြစ်သည်။ ကျွန်ူပ်တို့ ညီညွတ်လျှင် မကြာခင်အချိန်တွင် တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့တတ်နိုင်သော တာဝန်ကို ညီတူညီမျှယူကာ လူအခွင့်အရေး တိုက်ပွဲအတွက် တိုက်ပွဲဝင်ကြပါဆို့လို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ကျွန်ူပ်အကြံပေးလိုသည်မှာ ကျောင်းများတွင်လည်း ကျောင်းသားများသည် မိမိတို့နီးစပ်ရာကို စုစည်းအင်အား ယူထားကြပါ။ ပြည်သူလူထုသည်လည်း မိမိတို့နီးစပ်ရာကို စုစည်းကာ အားမွေးထားသင့်သည်။ ရဟန်းသံဃာများ နှင့်ရှင်သာမဏေများသည်လည်း ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ပင် ပြည်သူများ၏ ဒုက္ခကို ကူညီဖြေချင်းပေးကြပေလိမ့်မည်။ သတ်မှတ်သော နေ့ရက်များတွင် သတ်မှတ်သောနေရာကို ညီညွတ်စွာဖြင့် အရောက်ချီတက်ကာ တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို ကြွေးကြော်သံများဖြင့် ချီတက်ကြကာ အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့် တိုက်ထုတ်ကြပါစို့။

ဥာဏ်လင်းထက်

ပေးပို့လာသူ ဗမာ့သွေး...