ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လမ်းမှန်ကိုပြနိုင်ကြပါစေ...

မြန်မာနိုင်ငံစာနယ်ဇင်း( ၀ါ ) သတင်း အမှောင်ချရေး ကော်မတီဝင်များခင်ဗျား

စာနယ်ဇင်းသမားဆိုသည်မှာ တိုင်းသူပြည်သားများ အလင်းပြသူများဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားတို့သည် အဆိပ်နှင့်တူသော မဟုတ်မမှန် သတင်းများကို ဖြန့်ချီ၍ ပြည်သူများ၏ မျက်လုံးကန်းအောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ စာပေသမားဟူသည် မိမိရေးသော စာပေါ်တွင် သစ္စာတရားရှိရသည်ဟု စာပေပညာရှင်များပြောကြားလေ့ ရှိသည်ကို ပညာရှင်များထံ ကြားနာခဲ့ဘူးပါသည်။

ယနေ့တွင် တိုင်းသူပြည်သူများအတွက် အရေးပါ၍စစ်မှန်သော သတင်းများကိုသာ ဖော်ပြရမည့်အစား ပြည်သူများအား မဟုတ်မမှန် လုပ်ကြံသတင်းများသာ သင်တို့၏စာနယ်ဇင်း ဂျာနယ်များပေါ်တွင် ဖော်ပြထားသည်မှာလည်း သင်တို့ အသိဆုံးပင်ဖြစ်ပါသည်။ သင်တို့၏ သတင်းစာ ၊ ဂျာနယ်များပေါ်တွင် တိုင်းပြည် တိုးတက်နေပါသော်လည်း လက်ရှိပြင်ပတွင် ၉၀% သော ပြည်သူများသည်.. စားဝတ်နေရေး အတွက် လွန်စွာ ရုန်းကန်နေရသည်ကို သင်တို့လည်း သိပါပေသည်။ သတင်းစာကိုင်လျှင်ဓါတ်လိုက်နိုင်သည်ဟု အများပြောဆိုသည်မှာလည်း လွန်သည်ဟု မဆိုသာ။

တိုင်းပြည်အတွက် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်းကို ဖော်ပြထားကြသည်မှာ အားတက်စရာ ကောင်းလှသော်လည်း အကယ်အဖြစ်အပျက်တွင်ကား ထိုစီမံကိန်းများမှ ၁၀%ခန့်ပင် လျှပ်စစ်ဓါတ်အား မထုတ်လုပ်နိုင်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ လက်ရှိအစိုးရ၏ အဓိက စီမံကိန်းမှာ နျူကလီးယား ထုတ်လုပ်ရေးမှန်း စာပေပညာရှင်များ ကိုအသာထား လမ်းဘေးက ဆိုက်ကားသမား ပင်သိသာပါသည်။ ထိုစီမံကိန်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေများမှာ ပြည်သူများအတွက် အသုံးမချနိုင်ဘဲ အကျိုးမရှိ ကုန်ဆုံးခဲ့ကြသည်။ ထိုသို့သော သတင်းများကို ဖုံးကွယ်၍ အစိုးရ အလိုကျ မဟုတ်မမှန်လုပ်ကြံ သတင်းများကိုသာ ဖော်ပြနေသည်မှာလည်း ပြည်သူအားလုံး အသိပင်ဖြစ်သည်။

မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သော အရင်းအမြစ်များစွာရှိပါသည်။ လက်ရှိအစိုးသည် နူးကလီးယား စီမံကိန်းမှ ၃၀%သော ကုန်ကျစရိတ်များကို အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်ဆိုပါက တနိုင်ငံလုံး မှ ပြည်သူများ စိတ်ချမ်းသာရမည် ဖြစ်သည်။ ကျွန်ူပ်တို့တိုင်းပြည်၏အခြေခံလိုအပ်ချက်များ ကိုပ်ချုပ်သူ အစိုးရများအား ကလောင်စွမ်းအားဖြင့် ဖော်ထုတ်ရန် ကြိုးစားသင့်ပေသည်။

ယခုလတ်တလော ဖြစ်ပွားနေသာ အခြေနေကိုကြည့်လျှင် လွန်စွာသိသာလှပါသည်။ ကိုကျော်သူသည် အများပြည်သူများ၏ ဒုက္ခကို သူတတ်နိုင်သည့်ဘက်မှ ကူညီဖြေရှင်းနေသောသူ ဖြစ်ပါသည်။ မထက်ထက်မိုးဦးသည်လည်း နိုင်ငံကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါ၏။ သို့သော် မည်သူ၏ သတင်းကို ဖော်ပြလျှင် ပြည်သူများ အကျိုးရှိမည် ထင်ပါသနည်း။ စာပေပညာရှင်ဟု အမည်တတ်ကာ ကလောင်ကိုင်၍ အသက်မွေးနေသူများ အတွက် အထူးအထွေ စဉ်းစားစရာပင် မလိုပါ။ ကျွန်ူပ်သည် မည်သူ၏ဘက်မှ လိုက်ခြင်းမဟုတ် ။ မှန်ရာကိုဆိုရလျှင် မထက်ထက်မိုးဦး သတင်းသည် အထူးအထွေ ဖော်ပြရန်ပင် မလို။ လူတိုင်း၌ အမှားရှိကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။

မထက်ထက်မိုးဦးကို သတင်းထောက်များ မေးသောမွေးခွန်းများ သည်လွန်စွာ ရိုင်းလွန်းအားကြီးကြသည်။ ရင်သွေးလိုချင်၍ အသက်နှင့်ရင်းကာ ကိုယ်ဝန်ဆောင်ထား သော မိန်းမတယောက်၏ မိခင်မတ္တာကို စော်ကားခြင်းပင်ဖြစ်သည်။ မိမိတို့၏ မိဘမတ္တာကို စော်ကား ခံရလျှင်လည်း လူတိုင်းဒေါသထွက်ကြမည်ဟု ကျွန်ူပ်ယုံကြည်မိပါသည်။ ထင်ပေါ်ကျော်ကြားသော အနုပညာရှင်ဖြစ် သော်လည်း လူသား မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် စာနာစိတ်များဖြင့် မေးမြန်းကာ ရေးသားဖော်ပြသင့်သည်။

ကိုကျော်သူသည် နာရေးကူညီမှု အသင်းကိုဖွဲ့ကာ ဒုက္ခရောက်နေသော သူများကို ကူညီနေသော လူကောင်းတစ်ဦးပင်ဖြစ်သည်။ သူ၏စိတ်ဓါတ်နှင့် လုပ်ရပ်များသည် လူတိုင်းအားကျ အတုယူစရာကောင်းလှသည်။ ပြည်သူများ၏ အားကျကာ စံနမူနာ ယူသင့်သည့် လူတော် လူကောင်းတစ်ယောက် အကြောင်းကို ဝေေ၀ဆာဆာ ဖော်ပြသင့်သည်။ သို့မှသာ တကယ်ဒုက္ခရောက်နေသူများကို ကူညီရာတွင် လုပ်အား ငွေကြေးအစရှိသည်တို့ကို အများပြည်သူနှင့် လက်တွဲကာ ပိုမိုထိရောက်သော နည်းလမ်းများနှင့် ကူညီဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြည်သူများ၏ဒါနကို တကယ်လိုအပ်သော နေရာများတွင် ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်နေသည်မှာ လည်း အားလုံး အသိပင်ဖြစ်သည်။ သို့သော် မည်သည့်သတင်းစာ ၊ဂျာနယ် ၊မဂ္ဂဇင်းများပေါ်တွင်မှ မဖော်ပြကြသည်ကို ကြည့်ခြင်းဖြင့် စာပေပညာရှင်များ အဖွဲ့၏ လုပ်ဆောင်ချက်ကား သိသာထင်ရှားလှသည်။

ဘာသာရေးဘက်က ကြည့်ပြန်လျှင်လည်း မြန်မာလူမျိုးတို့ တကယ်တန်ဖိုးထား ဗုဒ္ဓဘာသာ ကွယ်ပျောက်မည့်အရေးကို စိုးရိမ်သောကြောင့် တနိုင်ငံလုံးလှည့်လည်ကာ စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ပေါ်ထွန်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေရှာသော သာသနာ့အာဇာနည် ဆရာတော် ဦးသုမင်္ဂလ အကြောင်းကို မည်သူတစ်ဦးတစ်ယောက် ရေးသားဖော်ပြခြင်းမရှိကြပေ။ ဆရာတော် သည် မြန်မာလူမျိုးတို့ အရိုးစွဲနေပြီဖြစ်သော မှားယွင်းသော အထုံဓလေ့များ ကို အမှန်ပြင်နိုင်ရန် တနိုင်ငံလုံးလှည့်လည်၍ တရားပြနေရရှာသည်။ ဆရာတော်၏ ဟောပြောချက်များသည် အလွန်ရိုးရှင်းကာ ပွင့်လင်းစွာ မှန်ရာကို ပြောဆိုခြင်းကြောင့် လူအများက လေးစားမြတ်နိုးကာ စစ်မှန်သော သာသနာတရပ် ပေါ်ထွန်းလာအောင် စွမ်းဆောင်မည့် သာသနာ့အာဇာနည် တပါးအနေနှင့် ရေးသားဖော်ပြ သင့်ပေသည်။ သို့သော် လက်ရှိအစိုးရသည် ပြည်သူများ အမြင်မှန်ရမည်ကို လွန်စွာစိုးရိမ်လျှက် ဆရာတော်၏ တရားပွဲများကို လိုက်လံပိတ်ပင် နှောက်ယှက်လျှက်ရှိသည်။

မဟုတ်တာ၊မမှန်တာ များနှင့်ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံတော် ဘဏ္ဍာငွေများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချကာ အာဏာယစ်မူးနေသော လက်ရှိစစ်အစိုးအတွက်တော့ အမှန်တရားကိုပြောကြားခြင်းသည် နိုင်ငံရေးဟုပင် ထင်မှတ်နေပေလိမ့်မည်။ ယခုလည်း စစ်ဝတ်နှင့် နှိပ်စက်ရတာ အားမရသောကြောင့် အရပ်ဝတ်နှင့် ထပ်မံနှိပ်စက်ရန် အသွင်ကူးပြောင်းနိုင်ရေးကို ကြိုးစားလျှက်ရှိသည်။ ၎င်းတို့သည်တိုင်းပြည်ဘဏ္ဍာငွေများကို အကျိုးမရှိသော ရင်းနှီးမြုပ်နှံမှုများတွင် အသုံးပြုနေသည်ကို ပြည်သူများသိအောင် ထုတ်ဖော်ရေးသားသင့်ပေသည်။

ပြည်သူများ၏ဒုက္ခကို သုခ နှင့်လိုအပ်ချက်ကို သိပါလျှက် မဖော်ပြခြင်းသည် စာပေတာဝန် မကျွေပြွန်ပေ။ ထို့ကြောင့် စာပေသမားဟု မယူဆနိုင်။ တိုင်းသူပြည်သားများအား ကလောင်စွမ်းဖြင့် ဒုက္ခပေးရက်ကြသော သင်တို့အား စာပေပညာရှင်များဟု ကိုယ်ကိုကိုယ်သမုတ်ထားကြသည်မှာလည်း ရှက်ဖွယ်ကောင်းလှသည်။ မိန်းမတစ်ယောက်၏ အိမ်တွင်းရေး စော်ကားဝေဖန်ကာ ၀ိုင်းဝန်းပုတ်ခတ်ကြသော စာပေပညာရှင်များ ကကော
အဘယ်မျှလောက် ကိုယ်ကျင့်သိက္ခာ တည်ကြည်ကြပါသနည်း။ ထိုသို့အရှက်မရှိ ကိုယ်ကျင့် သိက္ခာမကောင်းသော အဖွဲ့အစည်းမှ မိမိကိုယ်မိမိစာပေ ပညာရှင်များဟု ထင်မှတ်ကာ လက်ရှိအစိုးရ၏ ပါးစပ်တွင်း ဥပဒေများကို အဖိုးတန်သော စာရွက်များပေါ်တွင် ရေးသားရိုက်နှိပ်ထုတ်ဝေခြင်းမှာ လွန်စွာ နှမြောစရာကောင်းလှပေသည်။ ပြည်သူများအတွက် အဆိပ်အတောက် အကျိုးမရှိအတင်းအဖြင်း စာပေများ ရေးသားထုတ်ဝေမည့်အစား ထိုစာရွက်များ၏အရင်းမူလ ၀ါးပင်လေးကို သဘာဝအတိုင်းထားသည်ကမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ အမှားကို သိ၍အမှန်ကိုပြင်ကာ တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်နိုင်သော စာပေပညာရှင်များ အဖြစ် ပြည်လည်မြင်တွေ့နိုင်ပါစေလို့ မျှော်လင့်လျှက်...

ဥာဏ်လင်းထက်..

ပေးပို့လာသူ ဗမာ့သွေး....