ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ကောင်းဘွိုင်များ...

ကျနော်တို့ဆီက ကြီးဒေါ်နွားကျောင်းတဲ့ မြန်မာပြည်ကောင်းဘွိုင်များ
မောင်ရစ်
ဇူလိုင် ၁၇၊ ၂၀၁၀

ငယ်ငယ်တုံးက သီချင်းဗျာ … ဘိုဘိုဟန်က ဒီလို ဆိုတယ်။

“မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ …
ဒါပေမယ့် ကိုယ့်အထာနဲ့ ကိုယ်ပဲပေါ့ …
လေးခွနဲ့ အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ “လဒ” ဟာ ကျလာမယ် …” တဲ့။


သူပြောချင်တာက မြန်မာပြည်က နွားကျောင်းသားတွေရဲ့ သဘာဝကို ခေတ်ပေါ်ကော်ပီသံစဉ်နဲ့ သီဆိုပြထားပါ။ မြန်မာပြည်က နွားကျောင်းသားလေးတွေ လေးခွတလက်နဲ့ နွားကျောင်းတဲ့ အကြောင်း၊ အနောက်က ကောင်းဘွိုင်တွေနဲ့လည်း ပုခုံးချင်းယှဉ်နိုင်ပါတယ်တဲ့။ သူတို့မှာ သေနတ်မလိုသော်လည်း လေးခွတလက်ရှိရင် ကောင်းကင်က “လဒ” လောက်ကတော့ အသာလေးပါပဲ တဲ့။
အဲ နောက်ထပ်မြန်မာစကားတခုကတော့ “ကြီးဒေါ်နွား ကျောင်းတယ်” ဆိုတဲ့ အသုံး။ နွားကျောင်းသားချင်းအတူတူ အဲသည်ကြီးဒေါ်နွား ကျောင်းတယ် ဆိုကတည်းက အရည်မရ အဖတ်မရ စေတနာဝန်ထမ်း သူများနွားကျောင်းတဲ့ အလုပ်လုပ်တယ် ဖြစ်သွားပါလေရော။
ကျနော်တို့ အင်တာနက်လောကကြီးထဲမှာလည်း အဲသည်လို စေတနာ့ဝန်ထမ်း ကြီးဒေါ်နွားကျောင်းနေတဲ့ မြန်မာပြည်ကောင်းဘွိုင်တွေ ရှိနေတဲ့အကြောင်းကို အခုလို စာနဲ့ ပေနဲ့ မှတ်တမ်းတင်ထားချင်လို့ သည်စာကို ရေးပါတယ်။ သူတို့ရဲ့ အင်တာနက်လေးခွက ကောင်းကင်မှာ ပျံတဲ့ “လဒ” ဆိုသူတွေကို တဖတ်ဖတ်မြည်အောင် လှမ်းပစ်နေတော့တာပဲလို့ ဆိုချင်ပါတယ်။

ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေထဲက “ကြီးဒေါ်နွားကျောင်း” တွေဖြစ်တဲ့ “ကိုဝင်း” (အမည်မှန်မဟုတ်) နဲ့ “ကိုတင့်” (အမည်မှန် မဟုတ်ပြန်) တို့က နေ့စဉ် မြန်မာပြည်သတင်းတွေကို အင်တာနက်ပေါ်က မြန်မာသတင်းဝက်ဆိုက်တွေကနေ စုဆောင်း သိမ်းဆည်းပြီးတော့ မြန်မာပြည်တွင်းက အင်တာနက်အခက်အခဲရှိသူတွေထံကို အီးမေးတွေကနေ တဆင့် နေ့စဉ်ပုံမှန် ပို့လေ့ရှိပါတယ်။ သူတို့သတင်းလွှာရဲ့ ခေါင်းစည်းမှာ ရေးထားတာက - “သတင်းများ နေ့စဉ် ရလိုပါက ဂျီးဒေါ် နွားကျောင်းသား kowin2001@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it သို့ တောင်းယူပါ။” တဲ့။
အဲသည်လို ကိုယ့်ကိုယ်ကို ဖော်၊ မသူတော်လုပ်ပြီး ကင်ပွန်းတပ်လိုက်တာကြောင့် သူတို့တတွေဟာ မြန်မာပြည် ကောင်းဘွိုင် ကြီးဒေါ်နွားကျောင်းသားတွေ ဖြစ်ကုန်တော့ပါတယ်။ ပြီးတော့လည်း သူတို့အလုပ်နဲ့ သူတို့ အမည်ပေးပုံကလည်း အလွန်ကို ဟပ်မိနေတော့တာကိုးလေ။
တကယ်တန်း အတိတ်ကို ပြန်ကြည့်လိုက်ရင် ၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုကြီးဖြစ်ကတည်းက၊ မြန်မာပြည်စစ်အာဏာရှင်တို့က မြန်မာအင်တာနက်လမ်းကြောင်းတွေ ဖွင့်လှစ်ပေးလိုက်ချိန်က စပြီးတော့ ကြီးဒေါ်နွားကျောင်းသားတွေ တဖြေးဖြေး အင်အားတွေ ကောင်းလာခဲ့တယ်လို့ ပြောချင်ပါတယ်။ ကြီးဒေါ်နွားကျောင်းသားတွေဟာ အင်တာနက်စားကျက်ကွင်းပြင်ထဲမှာ မြန်မာ့အရေး ကမ္ဘာအရေး သတင်းတွေ လှုပ်ရှားမှုတွေကို ကိုယ့်စာရိတ်ကိုယ်စားရင်းနဲ့ သူတပါးတွေထံ ဝေမျှ ဖော်ထုတ်မှုတွေ ပြုလုပ်လာကြတော့တာပါပဲ။
၂၀၀၆ မှာတော့ အဲသည်နွားကျောင်းသားတွေဟာ ဘလော့ဂ် ဆိုတဲ့ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးကို ရှာဖွေတွေ့ရှိပြီးသကာလ အဲသည်မှာ အပြိုင်းအရိုင်းကို ရှင်သန် ဖွံဖြိုးလာခဲ့ကြတော့တာပဲ လို့ ပြောချင်ပါတယ်။
အဲသည် ကြီးဒေါ်ကြီးရဲ့ မြန်မာပြည်ကောင်းဘွိုင်တွေနဲ့ ကိုယ့်နွားကိုယ်ကျောင်းကြသူ အခြားသော ကောင်းဘွိုင်းများနဲ့ မတူတဲ့ အချက်ကတော့ - ကိုယ့်သတင်း၊ ကိုယ့်အတင်းကို ရှေ့တန်းတင် ပြောဆို တင်ပြ ဝေဖန်ဖို့ထက် ပြည်တွင်းက အမှောင်ချခံနေရတဲ့ စာဖတ်သူတွေအတွက် ပြင်ပက လွတ်လပ်တဲ့ သတင်း၊ ပလင်းတွေကို စုဆောင်းပြီး ပို့ဆောင်တယ်။ ပြည်တွင်းက အပိတ်ဆို့ခံ သတင်းတွေ၊ အဖြစ်တွေကို သူတို့ကတဆင့် ပြန်လည် ဖြန့်ဝေတဲ့ အလုပ်ကို လုပ်ကြတာ ဖြစ်ပါတယ်။
၂၀၀၇ သံဃာ့အရေးတော်ပုံ၊ ၂၀၀၈ နာဂစ်အရေးအခင်း၊ ၂၀၀၈ စစ်အစိုးရ အခြေခံဥပဒေလုပ်ကြံမှုကြီး၊ ၂၀၀၉ ဒေါ်စုကို မတရားအမှုဆင်ရန် လုပ်ကြံမှု နဲ့ ၂၀၁၀ စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲ လှုပ်ရှားမှုတွေကို ကြီးဒေါ်နွားကျောင်းသားတွေဟာ တကိုယ်တော် လေးဂွကိုယ်စီနဲ့ ဖော်ထုတ်တင်ပြပြီး ကောင်းကင်က လဒတွေကို ပစ်မချနိုင်သည့်တိုင်အောင်တောင်မှ ထင်လင်းအောင် မီးမောင်းထိုးပေးနိုင်ခဲ့တယ် လို့ ဆိုချင်ပါတယ်။
မိုးမခက နွားကျောင်းသားတွေချည်းပဲ ဂုဏ်လုပ်ပြီး ပြောနေတယ် မဖြစ်ရအောင် ကျနော်တို့ အင်တာနက် စားကျက်လွင်ပြင်ကြီးထဲက ၀ါအရင့်ဆုံးနဲ့ လက်သံအပြောင်ဆုံး ကြီးဒေါ်နွားကျောင်းသား မြန်မာပြည်ကောင်းဘွိုင်တဦးကတော့ (ကျနော်တို့ ၀ိုင်းတော်သားများသဘောထားအရ) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါက်တာလွဏ်းဆွေ ပဲ ဖြစ်တယ် လို့ ပြောချင်ပါတယ်။
ကြီးဒေါ်နွားကျောင်းသား ဒေါက်တာလွဏ်းဆွေဟာ ၂၀၀၇ သံဃာ့အရေးတော်ပုံမှာ ထင်ရှားတဲ့ ဘလော့ဂ်ဂါ တယောက် ဖြစ်လာပြီး၊ နေ့စဉ် ၎င်းဘလောဂ့် စာမျက်နှာကနေ မြန်မာပြည်ရဲ့ သတင်းပဒေသာကို ကောက်နုတ်စုစည်း တင်ပြသူ တဦး ဖြစ်လာပါတယ်။ သူရဲ့ဘလောဂ့်ဟာ မြန်မာပြည်ရဲ့ ပြည်တွင်း ပြည်ပ အင်တာနက်ပရိသတ်ရဲ့ အသည်းစွဲ ဘလော့ဂ်တခုအနေ ရပ်တည်လာပါတယ်။

“ဟဲ့ … သန်းရွှေမိန်းမ ကြိုင်ကြိုင် လူမင်းနဲ့ ယူတော့မလို့တဲ့ တော့ … ၊ ညည်းတို့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ ဖတ်ပြီးကြပြီလားလို့”
နေ့စဉ် မနက်ခင်း ဈေးသွား ဈေးပြန် ပြောစရာ စကားလက်ဆုံတခု ဖြစ်လာရတာဟာ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်ပါ။ ညနေခင်း လဖက်ရည်ဝိုင်း၊ ထမင်းဝိုင်းမှာ ပြောစရာ စကားရှိလာကြတာဟာလည်း မြန်မာပြည်ကောင်းဘွိုင်း ကလင့်အိစ်ဝုဒ် အဲလေ ဒေါက်လွဏ်းဆွေရဲ့ ကောင်းမှု ဖြစ်လာပါတယ်။
မိုးမခက သတင်းတွေ ဆောင်းပါးတွေကို ဒေါက်တာလွဏ်းက သူ့သတင်းပဒေသာမှာ ကောက်နုတ်ရွေးချယ် တင်ပြပြီး ပြည်သူကို မမျှဝေပေးဘူး ဆိုရင် မိုးမခအယ်ဒီတာမင်း မောင်ရစ် တယောက်ခင်မျာ အိပ်လို့တောင် မပျော်ဘူးလို့ ဆိုပါတယ်။ ကြီးဒေါ်နွားကျောင်းသားတွေ ရွေးချယ်တဲ့ သတင်းတွေ၊ ကောက်နုတ်ချက်တွေဟာ ပြည်သူလူထုတွေရဲ့ မျက်လုံးအိမ်တွေ၊ နှလုံးအိမ်တွေထဲကို ဒုတ်ဒုတ်ထိ ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ ပြည်ပက အင်တာနက် ၀က်ခြံပိုင်ရှင်ကြီးတွေဟာ တိတ်တခိုးနဲ့တော့ ဒေါက်တာလွဏ်းများ တော်ကောက်ထားလေမလားရယ်လို့ မသိမသာ မျက်စောင်းလေးတော့ စွေပြီး ကြည့်ကြလေ့ရှိတယ်လို့ အတည်မပြုရတဲ့ သတင်းတွေအရ သိရပါတယ်။
ဒေါက်တာလွဏ်းကဲ့သို့ လက်သံပြောင်တဲ့၊ အပင်ပန်းခံကြတဲ့ ကြီးဒေါ်နွားကျောင်းသားတွေဟာ ဘလော့ဂ်တွေတင်မှာ ရပ်မနေပဲ - ဖေ့စ်ဘွတ်တွေ၊ Scribd တွေ၊ Twitter တွေ အီးမေးဂရုတွေ၊ အီးမေး နယူးစ်လက်တာတွေနဲ့ ပြည်သူတွေဆီကို အစိုးရပိတ်ဆို့ထားတဲ့ သတင်းတွေကို အရင်းအတိုင်း အမှန်အတိုင်း ပေးပို့ကြပါတော့တယ်။ အဲသည်ထဲမှာ ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေထဲက ကိုဝင်းတို့ ကိုတင့်တို့လို လူမျိုးတွေ ရှိသလို - ကမ္ဘာနေရာအနှံက အခြားသူတွေလည်း ကျနော်တို့ တွေ့နေရပါတယ်။
လောလောဆယ် လက်လှမ်းမီသလောက် သူတို့ရဲ့ အမည်တွေကို ကောက်နုတ်ဖော်ပြရမယ် ဆိုရင်တော့ - ရဲရင့် (ကနေဒါ)၊ ဒီမိုဝေယံ၊ တွမ်ဘရောင်း၊ မျိုးချစ်မြန်မာ၊ ဖိုးတရုတ်ကင်း၊ မြတ်လေးငုံ နဲ့ အစရှိတဲ့ ကြီးဒေါ်ကြီးရဲ့ မြန်မာပြည်ကောင်းဘွိုင်တွေ ဖြစ်ပါတယ်။ အခြားအမည်တွေလည်း ကျန်နေဦးမှာပါ။ ဒါက အကင်းပဲ ရှိသေးတယ်ပေါ့။

အဲသည်ထဲမှာ တချို့ဆိုရင် မြန်မာပြည်က ထင်ရှားတဲ့ အမျိုးသားရေးလှုပ်ရှားသူများ ခေါင်းဆောင်များ၊ အာဇာနည်များအတွက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေ၊ ၀က်ခြံတွေ ဆောက်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၀ီကီတွေမှာလည်း ကြီးဒေါ်နွားကျောင်းသားတွေဟာ လေးခွသံ တ၀ီဝီနဲ့ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ရှောင်ပြေးပုန်းလို့ မရတဲ့ ရာဇ၀တ်မှုတွေ၊ ဖြစ်ရပ်တွေ၊ ဓာတ်ပုံတွေကို တယောက်တလက် လက်စွမ်းပြ တင်ဆက် သိမ်းဆည်းလို့ ထားကြတာကိုလည်း တွေ့နေရပါတယ်။

မြန်မာပြည်က စစ်အာဏာပိုင်တွေနဲ့ အပေါင်းအပါတွေ၊ အလိုတော်ရိတွေဟာ သူတို့ကိုယ် သူတို့ လုံလှပြီလို့ လက်ခမောင်းလည်း တဖြောင်းဖြောင်း မခတ်ရဲကြပါဘူး။ ရှေ့မျက်နှာ နောက်ထားလို့ ရဖို့အတွက်လည်း နောက်ကျောလည်း မလုံကြပါဘူး။ သတင်းဌာနတွေက ဖော်ထုတ်မှုတွေ၊ တင်ဆက်မှုတွေသာမက ကြီးဒေါ်နွားကျောင်းသားတွေရဲ့ ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး ကိုယ့်စာရိတ် ကိုယ်စား လက်သံပြောင်နေမှုတွေကလည်း ပြည်သူတွေဆီ အတားအဆီး မရှိ စီးဆင်းနေတယ် ဆိုတာကို ရိပ်မိသိရှိနေကြ တာကိုးလေ။

အဲဒါကြောင့်မို့လို့ မီးပျက်တဲ့ တိုင်းပြည်၊ အင်တာနက်ပိတ်ဆို့ထားတဲ့ တိုင်းပြည် မြန်မာပြည်မှာ အီလက်ထရောနစ် ဥပဒေဆိုတာကြီးက ကြံကြံဖန်ဖန် ရှေ့တန်းက ဒါးထမ်းပြီး ရပ်လို့ ကျနော်တို့ရဲ့ မြန်မာပြည်ကောင်းဘွိုင်တွေကို ဖမ်းဆီး ထောင်ချ ဖိနှိပ် အရေးယူနေတော့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပျက်စီးစေလိုတဲ့ အီးမေးတွေ သတင်းတွေ လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေမှု၊ သိမ်းဆည်းမှုတွေနဲ့ မြန်မာပြည်ကောင်းဘွိုင်တွေဟာ ရာဇ၀တ်သားတွေ၊ ရာဇ၀တ်ပြေးတွေ ဖြစ်ရ ရှာတယ်။

ဒါပေမယ့် ကျနော်တို့ အလေးပြုရမယ့် အမည်လည်း ဖော်ခွင့်မရှိ၊ နာမည် ကြော်ကြားမှုအတွက်လည်း အခွင့်မရှိတဲ့ အဲသည် ကြီးဒေါ်နွားကျောင်းသားတွေကတော့ ဆက်လက် ချီတက်နေဆဲပဲလို့ ပြောချင်ပါတယ်။ သူတို့တတွေက မြန်မာပြည်တွင်းက လူတွေ ပြင်ပကို အဆီးအတားမဲ့ ကြည့်နိုင်ဖို့၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ ရှုရှိုက်နိုင်ဖို့ ပြတင်းတံခါးတွေကို တဗြန်းဗြန်းနဲ့ ဖွင့်ပေးနေကြတော့တာပါပဲ။ သူတို့တတွေက စာတွေ သတင်းတွေ အရောက်ပို့တဲ့ ဆက်သားတွေ ဖြစ်တဲ့အပြင် အပြင်ကို ထွက်ကြည့်နိုင်တဲ့ လျို့ဝှက်တဲ့ ပရောက်ဆီ (Proxy) ပြတင်းပေါက်တွေလည်း ဖွင့်ပေးနေကြပြန်သေးတာကိုး။

ကျနော်က ဒီလိုရေးလိုက်လို့ စစ်တပ်အလိုတော်ရိတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ၊ စစ်အာဏာရှင်ရဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေက တကိုယ်တော် မြန်မာပြည်ကောင်းဘွိုင်တွေကို ပိတ်ဆို့နှိမ်နှင်းတော့မှာပဲ၊ သူတို့ကိုလိုက်လံ နှိပ်ကွပ်တော့မှာပဲလို့ ကြံဖန် မစိုးရိမ်ပါနဲ့လေ။ ဘုန်းကြီးတွေကို ပစ်သတ်လိုက်ပြီးကတည်းက မြန်မာပြည်စစ်အစိုးရရဲ့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာမှာ ဘယ်မိတ်ဆွေမှ မရှိတော့ပါဘူး။ မြန်မာပြည်တပြည်လုံးမှာ ကြီးဒေါ်နွားကျောင်းနေတဲ့ ကောင်းဘွိုင်တွေချည်းပဲ လို့ ပြောလိုက်ချင်ပါတယ်။

အဲသည်လို မြန်မာပြည်မှာ ကြီးဒေါ်နွားကျောင်းသားတွေ အင်အားကောင်းလာတာနဲ့အမျှ ကောင်းကင်က ပျံတဲ့ လဒဟာလည်း တကယ်ကို ပြုတ်ကျ သွားမှာပဲပေါ့။

ကိုယ့်နံမည်၊ ကိုယ့်အကျိုး၊ ငါချည်းသက်သက် ရှေ့တန်းတက်ချင်တာတွေ လုံးဝ မရှိတဲ့ ကိုယ့်အတ္တအတွက်သာ မြက်ရိတ်ကျွေးမယ်ဆိုတဲ့ စိတ်ထားတွေ နောက်ပို့ထားတဲ့ မြန်မာပြည်က ကြီးဒေါ်နွားကျောင်းသားတွေ သက်တော်ရာကျော် ရှည်ပါစေသော်ဝ်။ ။