ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ကျောင်းသားကျောင်းသူများသို့ ”……..။

“ကျောင်းသားကျောင်းသူများသို့ ”……..။

၄၈ကြိမ်မြောက် 7Julyနေ့အမှတ်တရ

ကျောင်းသားဆိုတာ အနာဂတ်ကိုဖန်တီးသူဖြစ်တယ်။ ကျောင်းသားဆိုတာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သလို ၊
စစ်ဗိုလ်ချုပ်ကြီးလဲ ဖြစ်နိုင်တယ် ၊ အထူးကုဆရာဝန်ကြီး ၊ အင်္ဂျင်နီယာကြီး ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်နိုင်သလို ဆိုက္ကားသမား ၊ ဆေးသမား ဆိုတာမျိုးလဲ ဖြစ်သွားတတ်တယ် ၊ ကျောင်းသားကနေ ဘာမဆိုဖြစ်သွားနိုင်တယ် ။

မြန်မာနိုင်ငံသမိုင်းမှာတော့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတိုင်းကို ဦးဆောင်ခဲ့သူဟာ ကျောင်းသားတွေပဲ ဖြစ်တယ်။ ကိုလိုနီပညာရေးနဲ့ နယ်ချဲ့တွေကို သပိတ်မှောက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်(၁၉၂၀)ဟာ မြန်မာတမျိုးသားလုံးရဲ့ အမျိုးသားရေး နိုးကြားမှုဖြစ်စေခဲ့တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ၁၉၃၆ ခု ဒုတိယကျောင်းသားသပိတ်ဟာ ၁၉၃၈မှာ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို မီးမွှေးပေးခဲ့တာ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ဦးဆောင်ဖွဲ့စည်းတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)က ပြည်သူ လူထုနဲ့ထပ်တူ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ကနေ နိုင်ငံရေးဇောက်ချလုပ်မယ်လို့ ကျောင်းထွက်ပြီး ရဲရဲတင်းတင်း ဆုံးဖြတ် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌလဲဖြစ်တယ် ၊ ဒီတော့ ဗမာ့တပ်မတော်ဆိုတာကိုက ကျောင်းသားကနေဖြစ်လာတာလို့ ပြောလို့၇ပါတယ်။

မြန်မာပြည်သူတွေက နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ပေမဲ့လဲ အမျိုးသားချင်း ကျွန်လို ပြန်အုပ်ချုပ်ခံခဲ့ရတယ်၊ မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင်စနစ် (နေရာဌာနတိုင်း စစ်ဘက်အရာရှိများသာ အုပ်စိုးချယ်လှယ်သည့်စနစ်) အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဆင်းရဲမွဲတေနေ တဲ့နိုင်ငံဖြစ်လာခဲ့တယ်၊ မတရားမှုမှန်သမျှကို ဆန့်ကျင်တတ်တဲ့ ကျောင်းသားတွေရဲ့ ဗီဇသဘောအရ ၁၉၆၂မတ်လ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ကထဲက ပြတ်ပြတ်သားသား ဖွင့်ဟပြောဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။ အညှိုးကြီးတဲ့ နေ၀င်းနဲ့ စစ်ဝါဒီတွေက ရန်ကုန်တက္ကသိုလ်နယ်မြေကို စစ်မြေပြင်လို သဘောထားပြီး လက်နက်မဲ့ အပြစ်မဲ့ ကျောင်းသားတွေကို (၁၉၆၂ခုဇူလိုင်လ၇ရက်နေ့မှာ) ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးပစ်ခဲ့တယ်၊ ကျောင်းသားသမိုင်းမှာ မမေ့နိုင်တဲ့ 7JULYနေ့ ရယ်လို့ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း အောက်မေ့ဘွယ် အခမ်းအနားတွေ(ခုထိ)ကျင်းပကြတယ် ။

၁၉၈၈ မတ်လ၁၃ မှာ R.I.T ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို ကျောင်းဝင်းထဲတင် ပစ်သတ်မှု ဖြစ်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ဦးဆောင်မှုနဲ့ ရှစ်လေးလုံးခေါ်၁၃၅၀ပြည့် လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ ရဟန်းသံဃာတွေ၊ အဘိုးအဘွားတွေ၊ အိမ်ရှင်မတွေ၊ အလုပ်သမားလယ်သမားတွေ၊ ၀န်ထမ်းတွေ၊ တချို့ရဲနဲ့စစ်သားတွေ၊ နောက်ဆုံးမိန်းမလျှာ တွေတောင်ပါဝင်တဲ့ လူထုအုံကြွမှုကြီးက နေ၀င်း/စိန်လွင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ အာဏာကို ငန်းငန်းတက်ဆုတ်ကိုင် ထားလိုတဲ့စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ) အမည်ခံ အာဏာသိမ်းခဲ့ပြန်တာကြောင့် ရရာလက်နက် ဆွဲကိုင်ပြန်ချမယ်ဆိုပြီး ကျောင်းသားတွေတောခိုကြရာက တစ်ကမ္ဘာလုံးကအံ့သြရတဲ့ ၊ ကမ္ဘာ့တော်လှန်ေ၇းသမိုင်း တွေမှာတောင်မရှိတဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဆိုတာပေါ်ပေါက်ခဲ့တယ် ။ VBSW ခေါ်တဲ့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့နဲ့ ABSDF ဟာ စစ်အာဏာရှင်နဲ့ မစေ့စပ် မဆွေးနွေးစတမ်း ပြတ်ပြတ်သားသား ရင်ဆိုင် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသား တော်လှန်ရေးတပ်တွေဖြစ်တယ်။

ကျောင်းသားဆိုတာ အလွှာပေါင်းစုံကဖြစ်နိုင်ပြီး လူထုလူတန်းစားပေါင်းစုံ မိဘတွေနောက်မှာ ရှိနေတဲ့အတွက် ကျောင်းသားက တစ်ခုခုစလိုက်တိုင်း ပြည်သူကြားမှာ ရိုက်ခတ်မှုရှိတဲ့အတွက် အာဏာပိုင်တွေက ကျောင်းသားတွေ နိုင်ငံရေးလုပ်မှာ အရမ်းစိုးရိမ်ပါတယ် ၊ ဒါကြောင့် နည်းပေါင်းစုံနဲ့ ကျောင်းသားတွေ နိုင်ငံရေးမလုပ်နိုင်အောင် လုပ်ထားပါတယ်။ ကျောင်းတွေကို မြို့ပြင်တွေထုတ်ပြီး ပြည်သူတွေနဲ့ ဝေးရာမှာထားတယ်၊ မူးယစ် ဆေးဝါး ၊ အပျော်အပါးနဲ့ လောင်းကစားတွေကို မသိမသာခွင့်ပြုပေးထားတယ် ၊ ကျောင်းစည်းကမ်းတွေ တင်းကြပ်ထားတယ် ၊ နိုင်ငံရေးဆိုတာ မဟရဲအောင် ခြိမ်းခြောက်ထားတယ် ၊ပညာရေးစနစ်အလွဲတွေနဲ့ ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ အချိန်ဖြုန်းခိုင်းထားတယ် ။နိုင်ငံရေး ဆိုတာ ကျောင်းသားနဲ့ မဆိုင်ဘူးဆိုတာမျိုး အတွေးအခေါ် မှားတွေရိုက်သွင်းနေပြီး နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကနေ ခုထိ ရဲရဲတောက်ကျောင်းသား သမိုင်းတွေကို ဖျောက်ဖျက် ဖုံးကွယ်ထားတယ် ။

ကျောင်းသားတွေမှာ အယူဝါဒအစွဲ ၊ ဘာသာအစွဲ ၊ လူမျိုးအစွဲမရှိဘူး ၊ ကျောင်းသားကြားမှာ အားလုံးရှိတယ် ၊ ဒါပေမဲ့ ညီညွတ်လို့ရကြတယ်၊ ကျောင်းသားက လူငယ်ပိုင်းတွေပီပီ ဖြတ်လတ်တယ် ၊ ပွင့်လင်းရိုးသားတယ် ၊ မတရားမှုတွေ့လာလို့ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ဒေါင်းခွပ်သလို (ဒေါင်းကခွပ်ရင် နောက်ပြန်ပြေးရိုး ထုံးစံမရှိ၊ မနိုင်သည့်တိုင်အောင် တောင်အသေခံခွပ်) စိတ်ဓါတ်မျိုးဖြစ်တာကြောင့် ကျောင်းသားတွေရဲ့သင်္ကေတ ဟာ ခွပ်ဒေါင်း လို့နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကထဲက သတ်မှတ်ခဲ့ကြတာဖြစ်တယ်။ ခွပ်ဒေါင်းဟာ ကျောင်းသားထု ကိုယ်စားပြု သင်္ကေတဖြစ်တယ် ဆိုတာ စစ်အာဏာရှင်တွေ ကိုယ်တိုင်လက်ခံ အတည်ပြုပေးလိုက်ရပြီဖြစ်တယ်၊ စစ်အာဏာရှင်တွေရဲ့အယောင်ဆောင်ရွေးကောက်ပွဲမှာ ကျောင်းသားယောင်ဆောင် ပါတီထောင်သူတွေရဲ့ နိုင်ငံရေးပါတီသင်္ကေတအလံတွေကို ကျောင်းသားသမဂ္ဂအလံနဲ့ ချွတ်စွတ်တူအသုံးပြုထားလို့ ပယ်ဖျက် ပေး
ဘို့ (ကျောင်းသားသမဂ္ဂရဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်း) စာရေးဆရာကြီးဒဂုဏ်တာရာနဲ့ စာပေအနုပညာ အသိုင်းအ၀ိုင်းတွေက ၀ိုင်းကန့် ကွက်ကြတာကို စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က လက်ခံပြီး ပါတီအလံပုံစံ ပြန်ပြင်ခိုင်းပေးလိုက်ရပါတယ်။ အဲဒါ ကျောင်းသားတွေနဲ့ ခွပ်ဒေါင်းအလံရဲ့ဂုဏ်သိက္ခာပါပဲ ။

ကျောင်းသားနိုင်ငံရေး လုပ်သင့်မလုပ်သင့် ဆိုင်မဆိုင်ဆိုတာ အထက်မှာပြောပြီးသလို၊ ဗမာ့တပ်မတော် ဆိုတာတောင် ကျောင်းသားတွေနိုင်ငံရေး လုပ်ရာက ဖြစ်လာတာပါ ။ သမိုင်းမှာတော့ ကျောင်းသား နိုင်ငံရေးလုပ်လို့ ဗမာပြည်ကောင်းခဲ့ တာပဲရှိတာပါ ။ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်မှ ကျောင်းသားလဲပညာကောင်းကောင်းသင်ရမှာပါ ၊နိုင်ငံရေးမကောင်းရင် တိုင်းပြည်ရဲ့ ကဏ္ဍစုံပျက်ဆီးမှာပါ ၊မှန်ကန်တဲ့ ဥပဒေမရှိတာကို မတရား တာလို့သတ်မှတ်ရင် ကျောင်းသားမူအရ ဆန့်ကျင်ရမှာပါ ။ ကျောင်းသားဆိုတာ အကြောက်တရားမရှိဘူး၊ မှန်ကန်ရဲရင့်တယ်ဆိုတဲ့ ဂုဏ်သိက္ခာပဲ ရှိပါတယ် ၊ အဲဒီအတွက် ကျောင်းသားတိုင်း နိုင်ငံရေးလုပ်ကြရမှာပါ ။

ခုဆိုရင် စစ်အာဏာရှင်တွေက ချမ်းသာချင်တိုင်း ချမ်းသာနေကြပြီး ပြည်သူတွေက တနေ့စာ နပ်မှန်အောင်တောင် အနိုင်နိုင်ဖြစ်နေတဲ့ မတရားမမျှ တတဲ့ နိုင့်ထက်စီးနင်းခေတ်ကြီးဖြစ်နေတာ၊ နေရာတိုင်း လာဘ်ပေးလာဘ်ယူ ခေတ်ဖြစ်နေပြီး ယုတ်စွအဆုံး သေရေးတောင်မလွယ်တဲ့ ခေတ်ကြီး ဖြစ်နေတာကို ကျောင်းသားတွေမှ ဦးဆောင်ပြောင်းလဲနိုင်စွမ်း မရှိဘူးဆိုရင်တော့……..။



ကျောင်းသားထု၏ သမိုင်း,သွေး,သတ္တိ အားအသိမှတ်ပြုလေးစားမျှော်လင့်လျက်..

ပေးပို့လာသူ ကိုကို....