ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အပြိုင်အဆိုင် ပေးဆပ်မှုများ....


အပြိုင်အဆိုင် ပေးဆပ်မှုများ

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့အား သောက်သုံးရေ ရရှိရေးအတွက် အ၀ီစိတွင်း တူးဖော်ခြင်း နှင့် အုတ်ရေကန်များ တည်ဆောက်လှူဒါန်းခြင်း အစုစုတို့အတွက် “အများ ပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကမ္ဗည်းရေးထိုးကာ ဒေသခံ လူမှုရေးသမားများ ဖြစ်ကြသော ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ (ကိုညီညီအောင်၊ ကိုမိုးကြီး)နှင့် လူငယ့်အားမာန် ပရဟိတလူငယ်အဖွဲ့ (ပုတီးကုန်း) တို့နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း၊ ပြည်မြို့၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ် အတွင်းရှိ ဇီးကုန်းလေး ကျေးရွာ၊ သက္ကယ်ချင်းကုန်းကျေးရွာ၊ ပန်းတောင်းမြို့နယ်ရှိ မကျည်းစုကျေးရွာနှင့် ပြည်မြို့ ရွှေပေါက်ပင်ကျောင်းတိုက်တို့တွင် ရေစက်သွန်းချ၍ ကျေးရွာများသို့ အပ်နှံပွဲကိုလည်း ၁၉.၇.၂၀၁၀
ရက်နေ့တွင် အောင်မြင်စွာနှင့် ကျင်းပပြီးစီးခဲ့သလို ယခု ပဲခူးတိုင်းရှိ ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဒေသခံ လူမှုရေးသမား ပရဟိတလူငယ်အဖွဲ့ (ကိုသူရိန်ဝင်း)တို့ ဦးဆောင်၍ တူးဖော်တည်ဆောက်ခြင်း၊ သောက်သုံးရေ သယ်ဆောင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ရေတူးဖော်ရာအရပ်သို့ မော်တော်ယာဉ်နှင့် သွားလာ၍ မရသော ဒေသများသို့ ခက်ခဲစွာ စက်လှေဖြင့် တူးဖော်ရေးပစ္စည်းများ သယ်ဆောင်၍ နေညမအား လုပ်ကိုင်ဆောင်ရွက် ပေးဆပ်ခဲ့ရာ မကြာမီ အချိန်ကာလတွင် ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းအပ်နှံ သွားတော့မည် ဖြစ်ပါသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပေးဆပ်ကြသော နယ်ခံအသီးသီးမှ လူငယ်ပရဟိတအဖွဲ့၊ လူမှုရေးအဖွဲ့များသည် မြန်မာပြည်သား အချင်းချင်း ရိုင်းပင်းကူညီသော စိတ်ဓါတ်ဖြင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်ထားသော အလှူငွေ အတိုင်းအတာအတွင်း အများပြည်သူတို့အတွက် အကောင်းဆုံး၊ အခန့်ညားဆုံး၊ အခိုင်ခံဆုံး၊ အသုံးအ၀င်ဆုံး၊ အကျိုးအရှိဆုံး ဖြစ်စေရန်အတွက် စေတနာရှေ့ထား၍ သီလလုံစွာ ကိုယ့်ရပ် ကိုယ့်ဒေသအတွက် အပြိုင်အဆိုင် ပေးဆပ်မှုများသည် တိုင်းပြည်တစ်ပြည်၏ အဖိုးမဖြတ် နိုင်သော အနာဂတ် မျိုးဆက်သစ်များ၏ ကောင်းသော ပေးဆပ်မှုတို့ပင် ဖြစ်တော့သည်။

အကိုကြီးကျော်သူအား ကျေးဇူးတင်ပါသည်။