ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း (ရန်ကုန်၏) လူမှုရေးလုပ်ငန်းများ

နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် HIV/AIDS လူနာများအား ပြုစုစောင့်ရှောက်လျှက်ရှိသော မေတ္တာရှင် စေတနာရှင် မဖြူဖြူသင်း


သာသနာပြု ကုသိုလ်အလှူ

အင်းလေးဖောင်တော်ဦး ဆရာတော်ကြီး၊ ရေသာကျောင်း ဆရာတော်၊ အင်းခြံကျောင်း ဆရာတော်နှင့် ရွာမနန်းပန် ဆရာတော်များ ပါဝင်သော ရှမ်းပြည်နယ် အင်းလေးဒေသတွင် သာသနာ ပြုနေကြသော ဆရာတော်ကြီး (၄၁) ပါးတို့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်အနီး အင်းလေး ဓမ္မာရုံအဆောက်အဦး ပြန်လည်ပြုပြင် ပြီးစီးခြင်း ရေစက်သွန်းချပွဲနှင့် ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော အင်းသူ/သားများ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ ကြွရောက်ခဲ့ရာ အခမ်းအနားကို ၁၁.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် အောင်မြင်စွာပြီးစီး ကျင်းပပြီးသည့်နောက် ၁၂.၇.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ကြွရောက်ကြပြီး ဆေးဝါး စစ်ဆေးကုသခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဥက္ကဌ ဦးကျော်သူ၊ အသင်းသား ဦးသန်းစိန်နှင့် အသင်းသူ/သားများက ဦးခိုက်ကြိုဆိုကြကာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် သူနာပြု ဆရာမများက နွေးထွေးစွာ ဆီး၊ သွေး စစ်ဆေးပေးခြင်း၊ E.C.G ရိုက်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းနှင့် မျက်စိစစ်ဆေးခြင်း (ရေတိမ်ရှိ/မရှိ) တို့ကို ပြုလုပ်ပေးကာ လိုအပ်သော ဆေးဝါးများကို ကုသိုလ်ဖြစ် လှူဒါန်းကုသ ပေးခဲ့ကြပါသည်။

ဗုဒ္ဓ၏ သားတော်များဖြစ်ကြသော ဆရာတော်၊ သံဃာတော်များ၏ သာသနာပြု လုပ်ငန်းကို ကိုယ်စိတ်နှလုံး ကျန်းမာစွာဖြင့် တိုးတက်အောင်မြင်စေလိုသော ဆန္ဒဖြင့် ရည်သန်ကာ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ယခုကဲ့သို့ မြတ်ဗုဒ္ဓအလိုကျ ဇီဝိတဒါန ဆေးဝါးကုသပေး ခြင်းသည် သာသနာပြုကုသိုလ် အထောက်အပံ့ ဖြစ်စေတော့သည်။

သောင်းထိုက်က ကြားစေသား . . . .

မင်္ဂလာပါခင်ဗျား . . . ကျွန်တော် ကျော်သူ၏ Facebook ပြန်လည်ပွင့်တဲ့နေ့ … လူမှုရေး လုပ်ဆောင်ချက်များကို ပြည်သူလူထု (ပြည်တွင်း/ပြည်ပ) တို့ကို ထဲထဲဝင်ဝင် ပြန်လည်ချပြခွင့် ရတဲ့နေ့အများပြည်သူ (ပြည်တွင်း/ပြည်ပ) အလှူရှင်များအား သာဓု ခေါ်ဆို မုဒိတာပွားများနိုင်ရန် ကျွန်တော်တို့ရဲ့ ပေးဆပ်မှုများကို ချပြခွင့်ရတဲ့နေ့ … ။ ဒီနေ့ဟာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့နေ့ ဖြစ်ပါသည်။
၁၁.၇.၂၀၁၀ (တနင်္ဂနွေ) နေ့ ည (၇) နာရီအချိန်မှာ ကျွန်တော် ကွန်ပြူတာကိုင်တွယ်၍ အင်တာနက်ကြည့်စဉ် “ ကိုကျော်သူ Facebook ပြန်ပွင့်ပြီ ” ဟူသော စာပိုဒ်ကလေးပေါ်လာသည်။ ကျွန်တော်၏ Fan ပရိသတ်တစ်ဦးဖြစ်သူ ကျွန်တော်အား Facebook ဖွင့်ပေးထားသူ နိုင်ငံရပ်ခြားမှ ကိုဒယ်နီ ထံမှ ဖြစ်သည်။ အံ့သြ၊ ၀မ်းသာမှုနှင့်အတွက် ကျွန်တော်သည် သူပို့ပေးလိုက်သော Facebook Fans လိပ်စာလေး http://www.facebook.com/pages/kyaw-thu/174427511697 အား စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်မိသည်။
ဟုတ်ပါသည်။ ကျွန်တော်၏ Facebook မှာ လွန်ခဲ့သော ၂၄.၃.၂၀၁၀ ရက်နေ့ ကတည်းက မည်သည့် အကြောင်းပြချက်မှ မရှိဘဲ အပိတ်ခံထားရသည်။ ကျွန်တော် လောကကြီးနှင့် အဆက်ပြတ်သွားသည်။ ပြည်သူအများစုလည်း ကျွန်တော်နှင့် အဆက်ပြတ်သွားခဲ့သည်။ သို့သော် ကျွန်တော် အားမလျှော့၊ ရသည့်နည်းလမ်းနှင့် သတင်းများ တင်နိုင်ဖို့ ကြိုးစားသည်။ ဒါတွေဟာ … ကျွန်တော်အတွက် မဟုတ်။ ကျွန်တော် ကိုယ်ရေးကိုယ်တာ မဟုတ်။ အများအတွက် ဖြစ်သည်။ အများပြည်သူအတွက် ပေးဆပ်မှုဖြစ်သည်။

ဤ မှန်ကန်သော စိတ်စေတနာကြောင့် ကျွန်တော့်အား တတ်ကျွမ်းပညာရှင်(Blogger) များ၊ ကွန်ပြူတာ ပညာရှင်များက ၀ိုင်းဝန်ပံ့ပိုး ကူညီဖေးမခြင်းကို ခံခဲ့ရသည်။

ဤကဲ့သို့ … ကူညီဖေးမခဲ့မှုများကို Bloggerများ သတင်းသမားများ၊ ပညာရှင်အပေါင်းတို့အား ကျွန်တော်၏ နှလုံးသားထဲတွင် ကဗ္ဗည်းမှတ်တိုင် တင်ထားခဲ့ပါပြီ။ အထူးလေးစား ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း … ထပ်ဆင့် ပြောကြားလိုပါသည်။

ယနေ့ ၁၂.၇.၂၀၁၀ (တနင်္လာ)နေ့ နံနက် (၈း၀၀) နာရီခန့်တွင် ကမာရွက်မြို့နယ်ရှိ နာရေး အိမ်တစ်အိမ်သို့ ကျွန်တော်တို့၏ အများပြည်သူတို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဘ၀ တစ်ပါးသို့ ကူးပြောင်းသွားသော ဦးဘုန်းမြင့်၏ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်မှုတွင် တိုက်၏ (၅) လွှာမှ ခဲရာခဲဆစ် သယ်ပိုး၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ဆောင်ကာ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ မောင်းနှင်၍ ရေဝေးအအေးခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ ရုပ်အလောင်းများကို ယခုကဲ့သို့ အဆောက်အဦး တိုက်ခန်းအမြင့်များမှ သယ်ယူရာတွင် စင်ကာပူ နိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များမှ လှူဒါန်းထားသော လူသေအလောင်းထည့်သည့် အထူးပြု လုပ်ထားသော အိတ်ဖြင့် အသုံးချကာ စနစ်ကျစွာ သယ်ယူခဲ့ကြသည်။ ယခင်ကဆိုလျှင် ပုဆိုးဖြင့် ထုတ်ပိုး၍၄င်း၊ အိပ်ယာခင်းဖြင့် လုံးပတ်၍၄င်း သယ်ချမှုတို့ကို ပြုလုပ်ရသည်။ ထုတ်ပိုးထားသော ပုဆိုးမှာ ရိရွဲနေပါက မတွေးသင့်ပေ။ ယခုကဲ့သို့ အများပြည်သူတို့ကို ပေးဆပ်မှုလုပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား အများပြည်သူတို့မှ လှူဒါန်းထားသော အလှူငွေ၊ လုပ်ငန်းခွင်သုံး ပစ္စည်းအသုံးအဆောင်များဖြင့် အသုံးပြုပေးဆပ်မှုတို့သည် (သုံးဦး သုံးဖလှယ်) အကျိုးများ ကုသိုလ်ပွား စေတော့သည်။
ထို့ပြင် ယနေ့ ၁၂.၇.၂၀၁၀ (တနင်္လာ) နေ့ နံနက် (၁၀း၀၀) နာရီတွင် သာယာဝတီမြို့နယ်ရှိ “ဂုဏ်မင်းမြောင် နာရေးကူညီမှုအသင်း” မှ အသုံးပြုရန် လိုအပ်နေသော နာရေးပို့ဆောင်ရာတွင် အသုံးပြုသည့် အလောင်းသယ်ဆောင်ရန် စတီးဗန်းနှင့် အလူမီနီယမ် အုပ်ခေါင်းတို့ကို HIV/AIDS လူနာများအား ပြုစုစောင့်ရှောက်လျှက်ရှိသော မေတ္တာရှင် စေတနာရှင် မဖြူဖြူသင်းနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား ဦးကိုကိုဦး ထံမှတစ်ဆင့် လာရောက် အလှူခံခဲ့သည်။ ကျွန်တော်တို့ အသင်းတွင် ပိုလျှံနေသော အသစ်နီးပါး အခြေအနေရှိသော အလူမီနီယမ် အုပ်ခေါင်းနှင့် စတီးဗန်း တို့ကို မိမိတို့ ၀မ်းမြောက်စွာ ပေးလှူခဲ့ပါသည်။ နယ်မြို့များတွင် လိုအပ်မှုများ များစွာ ရှိပါသည်။ အလှူငွေ နည်းပါးမှုအပြင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် မွန်းကြပ်မှုများ ပြည့်လျှံ နေသည်။ သို့သော် လူမှုရေးသမား စစ်စစ်တို့မည်သည် မည်ကဲ့သို့ အခက်အခဲ အနှောက်အယှက် အတိုက်အခိုက် အဖျက်အဆီးများ ရှိစေကာမူ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မရောက် ရောက်အောင်၊ လမ်းကြောင်းမျိုးစုံဖြင့် ကျော်ဖြတ်သွားရမည် ဖြစ်သည်။ ဆရာ မြသန်းတင့်၏ “ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည့်သူများ ”သည် လူမှုရေးသမားစစ်စစ်တို့ကို ရည်ညွှန်းခဲ့လေ သလား ဟု ထင်မိသည်။ လူမှုရေးသမား အချင်းချင်း ရိုင်းပင်းကူညီမှု၊ အားပေးမှု၊ ပံ့ပိုးမှု၊ ကူညီဖေးမမှု တို့သည် လူပီသသော လူ့ကျင့်ဝတ်ပင်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့သည် အများပြည်သူအတွက် ကူညီပံ့ပိုး ဖေးမမှုတို့ လုပ်ဆောင်ရန် အများပြည်သူမှ လှူဒါန်းထားသော ငွေကြေးအလှူငွေဖြင့် တည်ဆောက်ထားသော လူမှုရေး အသုံး အဆောင်ပစ္စည်းများကို မိမိတို့ ကဲ့သို့ စစ်မှန်သော လူမှုရေးအသင်းအဖွဲ့များ၊ လူမှုရေးသမားများကို ထပ်ဆင့် ရိုင်းပင်းကူညီမှုတို့ဖြင့် “သုံးချောင်းထောက် ကုသိုလ်ပွဲ”များကို ဆင်နွှဲခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ “သုံးချောင်းထောက် ကုသိုလ်ယူပွဲ” များကို နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းဖက်ရှိ ရပ်ရွာ ဒေသများတွင်လည်း ပေးဆပ်ခဲ့ပါသည်။ ရေလမ်းခရီးဖြင့် ပို့ဆောင်ရသော နာရေးကိစ္စရပ်များတွင် ယခင်က ဧရာဝတီတိုင်းဖက်တွင် လှေငယ်ဖြင့် ရုပ်အလောင်းအား တင်ဆောင် ကာ လှေငယ်၏ရှေ့မှ စက်တပ်မော်တော်ရေယာဉ်နှင့် တွဲကာ ပို့ဆောင်ရသည်။ အခန့်မသင့်၍ လေပြင်းလာခြင်း၊ လှိုင်းထန်လာခြင်းတို့ ဖြစ်ပေါ်လာပါက လှေငယ်လူးလွန့်ကာ တင်ဆောင်လာသော ရုပ်အလောင်းပါ ရေထဲပြုတ်ကျ လှေငယ်ပါ တိမ်းမှောက်ခြင်းတို့ ကြုံတွေ့ရသည်။ ထို့ကြောင့် ကျွန်တော် တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့ လှူဒါန်းမှုပြုထားသော အလှူငွေကို ချင့်ချိန် ကာ “နိဗ္ဗာန်ရေယာဉ်” ဟု ခေါ်ဆိုကြသော စက်တပ်ရေယာဉ် (မော်တော်ဘုတ်)ကို လှူဒါန်းမှု ပြုခဲ့သည်။ ထိုအခါ အသုဘ ပို့ဆောင်သူများပါ ဤနိဗ္ဗာန်ရေယာဉ်နှင့် အတူတကွ အသုဘရှုရင်း သုဿန်သို့ လိုက်ပါခွင့်ရခဲ့သည့်အတွက် များစွာအကျိုးထူးလှသည်။

ထို့ကဲ့သို့ အချို့ဒေသများတွင် နာရေးပို့ဆောင်မှုတွင် ထမ်းမ၍ သက်ဆိုင်ရာ သုဿန်သို့ ပို့ဆောင်များရှိသဖြင့် နာရေးအိမ်နှင့် သုဿန်တို့သည် ဝေးကွာလှပါက သယ်ပိုးကြရသော သူတို့အတွက်များစွာ ပင်ပန်းဆင်းရဲ ဒုက္ခရောက်လှသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရန် လွယ်ကူ ချောမွတ်စေရန် “ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည် ” ဟူသော ဆောင်ပုဒ်အတိုင်း လက်တွန်လှည်း နိဗ္ဗာန်ယာဉ်၊ ထော်လာဂျီ နိဗ္ဗာန်ယာဉ် စသဖြင့် လှူဒါန်းမှုများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် “သုံးချောင်းထောက် ကုသိုလ်ယူပွဲ” များကို ဆင်နွှဲ ခဲ့ကြသည်။

ထို့ပြင် ကျွန်တော်တို့၏ မြို့ကြီးပြကြီးဖြစ်သော ရန်ကုန်မြို့ရှိ ရန်ကုန်စည်ပင်သာယာပိုင် ရေဝေးသုဿန်တွင် အသုံးပြုရန် လိုအပ်နေသော လူသေ ရုပ်အလောင်းများကို အအေးခန်းမှ ထုတ်ခြင်း၊ နိဗ္ဗာန်ယာဉ်ပေါ်မှ မီးသင်္ဂြိုလ်စက်သို့ ပို့ရာတွင် အသုံးပြုသည့် စတီးတွန်းလှည်းများကိုလည်း ကျွန်တော်များ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပေးလှူခဲ့သည်များလည်း ရှိသည်။

၎င်းအပြင် နိဗ္ဗာန်ယာဉ် (မော်တော်ကား) များနှင့်ပတ်သက်၍ မန္တလေးမြို့ ဗြဟ္မစိုရ်နာမှု ကူညီရေးအသင်းသို့ ကာဒီးလက် ဂျပန်နိုင်ငံသုံး နိဗ္ဗာန်ယာဉ်နှင့် မော်လမြိုင်မြို့ တောင်ပေါ် လမ်းလျှောက် နာရေးကူညီမှုအသင်းသို့ ဂျပန်နိုင်ငံသုံး နိဗ္ဗာန်ယာဉ်တို့အား မော်တော်ကား အလှူရှင် ဂျပန်နိုင်ငံနေ ကိုဗညား၏ အားပေးမှုနှင့် မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တစ်ဆင့် ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ သယ်ပို့စရိတ်မှအပ အခမဲ့နီးပါး လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ဟုမ္ပလင်း၊ ခရမ်း၊ ငါးသိုင်းချောင်း၊ ရွှေပြည်သာ စသည့်မြို့နယ်များသို့လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသုံးပြု ပြီး၊ အသုံးပြုဆဲ နိဗ္ဗာန်ယာဉ်များကို ထပ်ဆင့်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ အများပြည်သူတို့အတွက် … အများပြည်သူမှ လှူဒါန်းမှုတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထပ်ဆင့် ဆင့်ပွားလှူဒါန်းမှုများကို သုံးချောင်းထောက် မြတ်ဒါန … သုံးချောင်းထောက် ကုသိုလ်ယူပွဲအတွက် ရရှိခဲ့သော ကုသိုလ်ကောင်းမှုများကို (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ ပုဂ္ဂိုလ်သတ္တ၀ါ အသီးသီးတို့အတွက် အမျှ . . . အမျှ . . . အမျှ ပေးဝေငှပါကုန်၏။
အမျှ ခေါ်ဆို ပေးဝေငှမှုတို့ကို စင်္ကြ၀ဠာတစ်ခွင်လုံး၊ တစ်ကမ္ဘာလုံး၊ တစ်တိုင်းပြည်လုံး သောင်းထိုက်က ကြားစေသား . . . . . ဟု ။

ကျော်သူ