ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ သုခ နားနေဆောင် ဖွင့်ပြီ ”

“ သုခ နားနေဆောင် ဖွင့်ပြီ ”

မြန်မာလူမျိုးတို့ ကပ်ဆိုဒ်နေ၍လား၊ ရာသီဥတုတွေ ဖောက်ပြန်နေ၍လား၊ ဆင်းရဲနွမ်းပါးမှု ဒါဏ်ကြောင့်လား မသိ … ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပြသ ကုသကြသော လူနာဦးရေသည် တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာသည်။ ယခုဆိုလျှင် နေ့စဉ် လူနာ (၂၀၀) ခန့်ကို အခမဲ့ ကုသပေးနေလျှက်ရှိသည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၏ စေတနာ ပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမရွေး လူနာများ၊ ကျန်းမာရေး ချို့တဲ့သူများကို နွေးထွေးပျူငှာစွာ အခမဲ့ ကုသပေးနိုင်ခြင်းဖြစ်သည်။

လူနာဦးရေ များပြားလာသည်နှင့်အလျှောက် လူနာများ ဆေးဝါးကုသမှုခံယူရန် စောင့်ဆိုင်း နားခိုရသော နေရာသည် အဓိကဖြစ်တော့သည်။ နေပူ မိုးရွာထဲ ဒီအတိုင်း စောင့်ဆိုင်းခိုင်း၍ မဖြစ်။ ဥပေက္ခာပြု၍ မဖြစ်။ အားကိုးတကြီးနှင့် ဆေးဝါးကုသမမှု လာရောက်ကုသ ခံယူကြသော လူနာများအား နွေးထွေးပျူငှာ ကြင်နာစွာ ဂရုစိုက်ရန် ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။
ထို့ကြောင့် ယခင် ယာယီဆောက်လုပ်ထားသော လူနာနားနေဆောင်အားဖျက်၍ ခိုင်ခန့်မှု၊ ငြိမ်းအေးမှု၊ တည်တံ့မှု၊ ကြည်နူးမှုများနှင့် ပြည့်စုံသော အဆောက်အဦးကို တတ်သိပညာရှင်တို့နှင့် ပူးပေါင်းကာ အကောင်အထည်ဖေါ် တည်ဆောက်ခဲ့ကြသည်။ လေ၀င်လေထွက် ကောင်းရမည်၊ စိတ်အေးချမ်း သာယာရမည်၊ ကြည်နူးစေရမည်၊ ဗဟုသုတရစေရမည် စသည့် ပေးဆပ်မှုတို့နှင့် ပြည့်စုံ စေရန် သစ်ပင် ပန်းမာလာများကိုလည်း စိုက်ပျိုးပေးခြင်း၊ လေ၀င်လေထွက်ကောင်းရန် ဆောက်လုပ် ပေးထားခြင်း၊ သန့်စင်ခန်းသွားရန် လွယ်ကူစေခြင်း၊ သန့်ရှင်းတောက်ပြောင်စေခြင်း၊ နားနေရာတွင် အဆင်ပြေ သက်တောင့်သက်သာ နားနေရန် ထိုင်ခုံများ စီစဉ်ပေးထားခြင်း၊ မသန်မစွမ်း လူနာ၊ အသက်ကြီးရင့်သော လူနာများအား Wheel Chair နှင့် စီစဉ်ပေးခြင်း၊ ဆရာဝန်ကို စောင့်ဆိုင်းနေရချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု DVD အခွေများကို TV Screen နှင့် ပြသပေးခြင်း၊ မေတ္တာပို့သံ တရားဓမ္မများကို ဖွင့်လှစ်ပေးထားခြင်းတို့ကြောင့် လူနာများသည် ဆရာဝန်အား မပြသခင် ကတည်းက သူတို့၏ ရောဂါဝေဒနာ တစ်ဝက်လျော့ပါး သွားစေတော့မည် ဖြစ်ပါသည်။
သုခ နားနေဆောင်အား ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ မိဘနှစ်ပါးတို့မှ မုန့်ဟင်းခါးဖြင့် လူနာများ၊ ပရိသတ်များ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကျွေးမွေးလှူဒါန်းကာ ဖွင့်လှစ်ခဲ့ပါသည်။
အများပြည်သူ (ပြည်တွင်း ပြည်ပအလှူရှင်) တို့ လှူဒါန်းထားသော အလှူငွေတို့ဖြင့် ဆေးဝါး ကုသကြမည့် အများပြည်သူတို့အတွက် ရောဂါဝေဒနာများကို သက်တောင့်သက်သာ ကုသနိုင်ရန် အတွက် စိတ်အေးချမ်းမြေ့စွာ နားနေနိုင်ရန်အတွက် “သုခ နားနေဆောင်” အား အောင်မြင်စွာ ဖွင့်လှစ် ပေးနိုင်ပြီဖြစ်ပါ၍ အများပြည်သူ အလှူရှင်အပေါင်းတို့ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြလိုက် ပါသည်။

အကိုကြီးကျော်သူအား ကျေးဇူးတင်ပါသည်။