ဗိုလ်ချုပ်အောင်ဆန်း ၏ အစိုးရ နှင့် ခေါင်းဆောင် အပေါ်အမြင်
ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
ဗိုလ်ချုပ်အောင်ဆန်း
(၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
အစိုးရ
အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘောတရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရားမဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေးအုတ်မြစ်ပေါ်မှာ တည်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းတော့ပါဘူး။
လူရယ်လို့ဖြစ်လာရင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီအစားအဝတ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ဝတ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်းလုပ်ငန်း စနစ်တွေပေါ်လာ တဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာ ပေါ်လာ တယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလို ခြားနားလာ ကြရာက အကျိုးချင်းကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။
တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမယ့် နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘဝသို့ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေကအာဏာအပ်လို့ ဖြစ်လာတာပါက လား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။ အဲ ရှင်ဘုရင်စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာရှိတော့မလဲ။ တခါလဲ အစိုးရဆိုတာ ဘုန်းကံကြောင့်ဆိုပြီးတောင် တခါတုန်းက မယူမဖြစ်တဲ့အထိ အစိုးရရဲ့ မူလသဘာဝဟာ ပျောက်ခဲ့တာပဲ။ အစိုးရဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား ကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်က မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ တုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။

(၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)
ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
ဇော်ဂျီ
(ညီသစ်ဆင်း ကဗျာများ မှ ...)
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်
၁၄.ဇူလိုင်လ. ၂၀၁၀
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစား ကြည်ညိုသောအားဖြင့် ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။